
■ထပ်မံဖြစ်ပွားပါက ယာဉ်လိုင်းတစ်ခုလုံး အမြန်လမ်းအသုံးပြုခွင့် ပိတ်မည်ဟု သတိပေး
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ယာဉ်မောင်းနှင်နေစဉ် TikTok လူမှုကွန်ရက်အသုံးပြု၍ “အာလာမချောင်နဲ့” သီချင်းဖြင့် ဗီဒီယိုရိုက်ကူးတင်ခဲ့သည့် ရွှေလင်းယုန်ယာဉ်လိုင်းမှ ယာဉ်မောင်းအား တရားဥပဒေအရ အရေးယူပေးရန် အမြန်လမ်းမကြီးရဲတပ်ဖွဲ့ထံ တိုင်ကြားထားပြီး ယာဉ်လိုင်းကိုလည်း ပြင်းထန်စွာ သတိပေးထားကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်မှာ Telematics စနစ်တပ်ဆင်ထားပြီး ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးကို အသုံးပြုကာ ရန်ကုန်-မော်လမြိုင် ခရီးစဉ်ပြေးဆွဲနေသည့် ရွှေလင်းယုန်ယာဉ်လိုင်းမှ ခရီးသည်တင် Express ယာဉ်အမှတ် 2G-5403 YUTONG ၏ ယာဉ်မောင်းက အမြန်လမ်းပေါ် ယာဉ်မောင်းနှင်နေစဉ် TikTok အသုံးပြု၍ တေးသရုပ်ဖော် ဗီဒီယိုများ ရိုက်ကူးခြင်း၊ Live လွှင့်ခြင်းနှင့် ပို့စ်တင်ခြင်းများကို အကြိမ်ကြိမ် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဗီဒီယိုများနှင့်ပတ်သက်၍ TikTok အသုံးပြုသူများက ယာဉ်မောင်းနေစဉ် ဗီဒီယိုရိုက်ကူးခြင်းသည် ယာဉ်ပေါ်ပါ ခရီးသည်များအပါအဝင် အခြားလမ်းအသုံးပြုသူများ၏ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်သည့်အတွက် မပြုလုပ်သင့်ကြောင်း မှတ်ချက်များ ရေးသားခဲ့ကြကြောင်း သိရသည်။
ထိုသို့ မှတ်ချက်များရေးသားမှုအပေါ် ယာဉ်မောင်းက လက်မခံဘဲ ရိုင်းပြစွာ ပြန်လည်တုံ့ပြန်ရေးသားခဲ့ကြောင်း လည်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းအခြေအနေများကြောင့် ယာဉ်အမှတ် 2G-5403 ၏ Telematics ကတ်ကို ဖြုတ်သိမ်းကာ အမြန်လမ်းအသုံးပြုခွင့် ပိတ်သိမ်းခြင်း ပြုလုပ်ခဲ့ပြီး စည်းကမ်းမလိုက်နာသည့် ယာဉ်မောင်းအား တရားဥပဒေအရ ဆက်လက်အရေးယူနိုင်ရေးအတွက် အမြန်လမ်းမကြီးရဲတပ်ဖွဲ့ထံ တိုင်ကြားထားကြောင်း၊ ထို့အပြင် ရွှေလင်းယုန်ယာဉ်လိုင်းအနေဖြင့် ယခုကဲ့သို့ စည်းကမ်းဖောက်ဖျက်မှုများ ထပ်မံဖြစ်ပွားပါက ယာဉ်လိုင်းတစ်ခုလုံးကို အမြန်လမ်းအသုံးပြုခွင့် ပိတ်သိမ်းအရေးယူမည် ဖြစ်ကြောင်း ပြင်းထန်စွာ သတိပေးထားသည်။
အမြန်လမ်းအသုံးပြုသည့် ယာဉ်မောင်းများအနေဖြင့် ယာဉ်မောင်းနှင်နေစဉ် ဖုန်းပြောခြင်း၊ SMS ပို့ခြင်း၊ TikTok ရိုက်ကူးခြင်း၊ လူမှုကွန်ရက်နှင့် အင်တာနက်အသုံးပြုခြင်း၊ ရုပ်ရှင်ကြည့်ခြင်း၊ ကွမ်းထွေးခြင်းစသည့် စိတ်အာရုံပျံ့ လွင့်စေနိုင်သည့် လုပ်ရပ်များ မပြုလုပ်ရန် ထပ်မံ သတိပေးထားသည်။
ထို့အပြင် ယာဉ်မထွက်ခွာမီ ယာဉ်ကြံ့ခိုင်မှုကို စစ်ဆေးရန်၊ မိုးရွာသည့်အချိန်နှင့် ညပိုင်းတွင် အရှိန်လျှော့မောင်းနှင်ရန်နှင့် ယာဉ်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် အမြန်နှုန်းထက် ကျော်လွန်မောင်းနှင်ခြင်း မပြုရန် အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့က ထပ်မံအသိပေးထားကြောင်း သိရသည်။