
ဖြူးမြို့နယ်တွင် အောက်တိုဘာ ၁ ရက်၌ ကျရောက်မည့် (၆၂) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ဖြူးမြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ဖြူးမြို့မရဲစခန်းမှ တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များက စက်တင်ဘာ ၂၇ ရက် နံနက် ၁၁ နာရီတွင် ဖြူးမြို့ဘိုးဘွားရိပ်သာသို့ သွားရောက်ကာ အဘိုးအဘွားများအား လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဘိုးဘွားရိပ်သာတွင် နေထိုင်လျက်ရှိသည့် အဘိုး ၁၀ ဦးနှင့် အဖွား ၂၆ ဦး စုစုပေါင်း ၃၆ ဦးတို့အား နေ့လည်စာနှင့် ညနေစာများ ကျွေးမွေးလှူဒါန်းခဲ့ကြသည်။ ထို့အပြင် အဘိုးအဘွားများအတွက် ချွေးနဲစာ အလှူငွေများနှင့် ဆေးဝါးပစ္စည်းများကိုလည်း လှူဒါန်းခဲ့ကြောင်း သိရသည်။
ထို့အပြင် ဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများ၏ ခြေသည်း၊ လက်သည်းများကို ညှပ်ပေးခြင်းများ ပြုလုပ်ပေး ခဲ့ပြီး မိတ္တဗလအလှူရှင်နှင့် ပူးပေါင်းကာ ခြေညှပ်ဖိနပ်များလည်း လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လှူဒါန်းမှုတွင် ဖြူးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဇော်ဝင်း၊ ဖြူးမြို့မရဲစခန်းမှူး ဒုရဲမှူးအောင်လင်းနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များ ပါဝင်တက်ရောက်ခဲ့ကြသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသည့် အစီအစဉ်တစ်ရပ်အဖြစ် ပြုလုပ်ခဲ့သည့် အဆိုပါ လှူဒါန်းမှုတွင် ဘိုးဘွားများအတွက် စားသောက်ရေးနှင့် နေ့စဉ်အသုံးအဆောင် လိုအပ်ချက်များအပြင် ကျန်းမာရေးဆိုင်ရာ ပစ္စည်းများကိုပါ လှူဒါန်းပေးခဲ့ခြင်းဖြစ်ကြောင်း ဖြူးမြို့မရဲစခန်းမှ သိရသည်။