
ချင်းပြည်နယ်၊ မတူပီမြို့အနီးကို ဗဟိုပြု၍ ရစ်ချ်တာစကေး ၄ ဒသမ ၅ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်သည်။
ထိုမြေငလျင်သည် အောက်တိုဘာ ၄ ရက် မွန်းလွဲ ၁၂ နာရီ ၂၅ မိနစ်ခန့်က ညောင်ဦးမြေငလျင်စခန်းမှ အနောက်ဘက် ၉၅ မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း မတူပီမြို့၏ တောင်ဘက် (၂၇) မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် ၂၁ ဒသမ ၂၀ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒသမ ၄၂ ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ ပမာဏ ၄ ဒသမ ၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားခြင်းဖြစ်ကြောင်း မိုးဇလက ဆိုသည်။
အလားတူ အောက်တိုဘာလ ၃ ရက်၊ ညသန်းခေါင်ယံကျော် ၁၂ နာရီ ၄၂ မိနစ်ကလည်း ရခိုင်ပြည်နယ် မြောက်ဦးမြို့အနီး ရစ်ချ်တာစကေး ၅ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။
အောက်တိုဘာ ၄ ရက် မြန်မာစံတော်ချိန် (၀၀)နာရီ၊ (၄၂) မိနစ်၊ (၄၇) စက္ကန့်အချိန်တွင် စစ်တွေမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၅၆) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မြောက်ဦးမြို့၏ အရှေ့-အရှေ့မြောက်ဘက် (၂၃)မိုင်ခန့်အကွာ)၊ မြောက် လတ္တီတွဒ် (၂၀.၆၇) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၃.၅၃) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ ပမာဏ ၅ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိသည်ဟု မိုးဇလက ထုတ်ပြန်သည်။