Eleven Media Group

၂၀၂၆ ပညာသင်နှစ်မှစ၍ International စာမေးပွဲ အောင်မြင်သူများ ပြည်တွင်းတက္ကသိုလ်၊ ဒီဂရီကောလိပ်များသို့ တက်ရောက်နိုင်

၂၀၂၆ ပညာသင်နှစ်မှစ၍ International စာမေးပွဲ အောင်မြင်သူများ ပြည်တွင်းတက္ကသိုလ်၊ ဒီဂရီကောလိပ်များသို့ တက်ရောက်နိုင်ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်တွင် ဖော်ပြထားသည်။

ယင်းစာအုပ်တွင် GCE/ International 'A' Level သို့မဟုတ် International Baccalaureate IB Diploma Programme အောင်မြင်သူများ တက်ရောက်နိုင်သည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များကို ဖော်ပြထားသည်။

အဆိုပါ GCE/ International 'A' Level သို့မဟုတ် International Baccalaureate IB Diploma Programme အောင်မြင်သူများတက်ရောက်နိုင်သည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များမှာ ဆေးတက္ကသိုလ်များ၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များ၊ ဆေးဝါးတက္ကသိုလ်များ၊ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်များ၊ သူနာပြုတက္ကသိုလ်များ၊ အခြေခံကျန်းမာရေးတက္ကသိုလ် (မကွေး)၊ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များ၊ Polytechnic University များ၊ မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်၊ မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ်၊ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်များ၊ ပညာရေးတက္ကသိုလ်များ နိုင်ငံခြားဘာသာတက္ကသိုလ်များ၊ ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်များ၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်(ရေဆင်း)၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်(မအူပင်)၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် (ရေဆင်း)၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်များ၊ သမဝါယမကောလိပ်များ၊ ယွန်းပညာကောလိပ် (ပုဂံမြို့)၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်များ၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း)၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်များ စသည်တို့ဖြစ်ကြောင်း သိရသည်။

အဆိုပါတက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များသို့ ဝင်ခွင့်လျှောက်ထားသူသည် GCE/International 'A' Level သို့မဟုတ် International Baccalaureate IB Diploma Programme စာမေးပွဲကို ဝင်ခွင့်လျှောက်လွှာခေါ်ယူသည့်ရက်မတိုင်မီ တစ်နှစ်အတွင်း အောင်မြင်ခဲ့သူဖြစ်ရမည်ဖြစ်ကြောင်း သိရသည်။

ဆေးနှင့်ဆေးပညာနှီးနွယ်တက္ကသိုလ်များနှင့် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်/မန္တလေး)တို့အတွက် သက်ဆိုင်ရာတက္ကသိုလ်က သတ်မှတ်သော အသက်ကန့်သတ်ချက် ရှိမည်ဖြစ်ပြီး ကျန်တက္ကသိုလ်များအတွက် အသက်ကန့်သတ်ချက်မရှိကြောင်း သိရသည်။

တက္ကသိုလ်ဝင်ခွင့် ရွေးချယ်ရေးစာမေးပွဲ (University Entrance Examination) နှင့် ပတ်သက်၍ သက်ဆိုင်ရာတက္ကသိုလ်၏ သတ်မှတ်ချက်အတိုင်းဖြစ်ကြောင်း၊ ဝင်ခွင့်ရပြီးနောက် ရပ်နား၊ ကင်းကွာနိုင်သည့် နှစ်ကာလသည် သက်ဆိုင်ရာတက္ကသိုလ်၏ ပုံမှန်ကျင့်သုံးသည့် မူများအတိုင်းဖြစ်ကြောင်း သိရသည်။

ပညာရေးဝန်ကြီးဌာနက ကျင်းပသော မြန်မာစာ၊ မြန်မာ့ပထဝီဝင်၊ မြန်မာ့သမိုင်းဘာသာရပ် တတ်မြောက်မှုအရည်အချင်းစစ် စာမေးပွဲကို ဖြေဆိုအောင်မြင်ရမည်ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် တက္ကသိုလ်၊ ဒီဂရီကောလိပ်အလိုက် ဝင်ခွင့်သတ်မှတ်ချက်များကိုလည်း ပူးတွဲဖော်ပြထားသည်။

မူရင်းသတင်း — Eleven Media Group