Eleven Media Group

တောင်ကြီးမြို့နယ် ပုန်းအင်းဒေသ ဟိုတက်ကျေးရွာတွင် ရှမ်းရိုးရာလှေပြိုင်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ် ပုန်းအင်းဒေသ ဟိုတက်ကျေးရွာတွင် ရှမ်းရိုးရာလှေပြိုင်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ကြောင်း ပွဲကျင်းပရေးကော်မတီထံမှ သိရသည်။

တောင်ကြီးမြို့နယ်၊ ဟိုပုံးမြို့နယ် နှင့် ဆီဆိုင်မြို့နယ် အကြားတွင် ရှိသော ပုန်းအင်းဒေသ ရှမ်းရိုးရာ လှေပြိုင်ပွဲကို အောက်တိုဘာ ၂ ရက်မှ ၄ ရက် အထိ သုံးရက်တာ စည်ကားစွာ ကျင်းပပြုလုပ်နေကြောင်း သိရသည်။

ပွဲကျင်းပရခြင်းမှာ လူငယ်များ အားကစား စိတ်ဓါတ် ရှင်သန်စေရန်နှင့်ရှမ်းရိုးရာဓလေ့လှေပြိုင်ပွဲကို နှစ်စဉ် ထိန်းသိမ်းခြင်းအားဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း ပွဲကျင်းပရေးကော်မတီက ဆိုသည်။

ရှမ်းရိုးရာ လှေပြိုင်ပွဲအမျိုးအစားများမှာ အမျိုးသား ၄ ယောက် အဖွဲ့ ၂၆ သင်း၊ အမျိုးသား ၅ ယောက်အဖွဲ့ ၃၃ သင်း၊ အမျိုးသမီး ၆ယောက် ၉ ဖွဲ့ ၊စုစုပေါင်း အသင်းပေါင်း ၆၈သင်းရှိကြောင်း ပွဲကျင်းပရေးကော်မတီထံမှ သိရသည်။

အောက်တိုဘာလ ၄ ရက်တွင် ဗိုလ်ဆုပွဲ နှင့် ဆုပေးပွဲကို ကျင်းပပြုလုပ်ကြောင်း သိရသည်။ ပြိုင်ပွဲဝင် အမျိုးသား ၄ ယောက်အဖွဲ့၊ အမျိုးသား ၅ ယောက်အဖွဲ့နှင့် အမျိုးသမီး ၆ ယောက်အဖွဲ့များကို ပထမ၊ ဒုတိယ ၊ တတိယဆုများ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

“ရိုးရာ အမွေအနှစ်ထိန်းသိမ်းတာပေါ့။ ရှမ်းရိုးရာရှမ်းလူငယ်တွေရဲ့ အားကစားစိတ်ဓါတ်ရှိအောင်ပေါ့။ လူငယ်တွေ မပျက်စီးအောင်ပေါ့။ရိုးရာအနေနဲ့ထိန်းသိမ်းတဲ့ သဘောပါ”ဟု ကော်မတီ တာဝန်ရှိသူက ပြောသည်။

၂၀၂၀ ပြည့်နှစ် ကိုဗစ်ကာလ နှင့် ၂၀၂၄ ခုနှစ် တို့တွင် ကပ်ဘေး နှင့် သဘာဝ ဘေးတို့ကြောင့် ရှမ်းရိုးရာ လှေပြိုင်ပွဲ ကျင်းပနိုင်ခြင်း မရှိကြောင်း သိရသည်။

သတင်း နှင့် ဓါတ်ပုံ - စည်သာ(တောင်ကြီး)

မူရင်းသတင်း — Eleven Media Group