Eleven Media Group

■ ရန်ကုန် -မန္တလေးအမြန်လမ်းတွင် အိမ်စီးမော်တော်ယာဉ်တစ်စီး ရှေ့ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ ယာဉ်မတော်တဆမှုဖြစ်

ရန်ကုန် -မန္တလေးအမြန်လမ်းတွင် အိမ်စီးမော်တော်ယာဉ်တစ်စီး ရှေ့ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့မှ သိရသည်။

အောက်တိုဘာ ၄ ရက် မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ခန့်က ရန်ကုန် -မန္တလေးအမြန်လမ်း မိုင်တိုင် ၄၉/၄-၄၉/၅အကြား (နေပြည်တော်မှရန်ကုန်သို့) (အပြန်လမ်း)တွင် ယာဉ်မောင်းပါ အမျိုးသားတစ်ဦး၊ အမျိုးသမီးလေးဦး ဦးစုစုပေါင်း ငါးဦး လိုက်ပါလာသည့် Toyota Belta ယာဉ်သည် ရှေ့ယာဘက်ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရေမြောင်းထဲသို့ ရောက်ရှိခဲ့သော ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်ကြောင့် ယာဉ်မောင်းနှင့်ယာဉ်ပေါ်ပါလာသူအားလုံး ထိခိုက်ဒဏ်ရာ မရခဲ့သော်လည်း အမြန်လမ်းအသုံးပြုသည့် ယာဉ်မောင်းများ အနေဖြင့် မိမိယာဉ်၏ ကြံ့ခိုင်မှုအား လမ်းပေါ်မရောက်မီ သေချာစွာ စစ်ဆေးရန်၊ လူအားလုံးထိုင်ခုံခါးပတ်ပတ်ရန်၊ သတ်မှတ်လူဦးရေထက်ပိုမတင်ရန်၊ယာဉ်အမျိုးအစား အလိုက် သတ်မှတ်အမြန်နှုန်းထက် ပိုမမောင်းကြရန်၊ မှန်လုံခရီးသည် တင်ယာဉ်ကြီးများ 90 km/hr၊ လူစီးယာဉ်ငယ်များမှာ 100 km/hr ၊ ကုန်တင်ယာဉ်+ပစ်ကပ်ယာဉ်များမှာ 60km/hr နှုန်းအောက်၌သာမောင်းနှင်ကြပါရန် သတိပေးအပ်သည်။

မူရင်းသတင်း — Eleven Media Group