Eleven Media Group

တနင်္သာရီမြစ်ရေ စိုးရိမ်ရေအမှတ်ကျော်နေသော်လည်း ပြည်ထောင်စုလမ်းမကြီးတွင် ပြန်လည်သွားလာနိုင်ပြီဖြစ်

တနင်္သာရီမြစ်ရေ စိုးရိမ်ရေအမှတ်ကျော်နေသော်လည်း ပြည်ထောင်စုလမ်းမကြီးတွင် ပြန်လည်သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် မြစ်ရေကြီးမှုမှာ အန္တရာယ်ရေအမှတ်ကို ကျော်လွန်ပြီး ပေ ၃၀ အထက် ရောက်ရှိခဲ့ကာ မြို့နှင့်ကျေးရွာများစွာ ရေနစ်မြုပ်ခဲ့ကြောင်း သိရသည်။ သို့သော် အောက်တိုဘာ ၄ ရက်မှစပြီး ကားလမ်းများ ပြန်လည်အသုံးပြုနိုင်ပြီဖြစ်ရာ ယာဉ်များ သွားလာနေပြီဖြစ်ကြောင်း သိရသည်။

"မြိတ်နဲ့ တနင်္သာရီမြို့အကြားက ရေပြန်ကျသွားပါပြီ။ လယ်တောင်ယာရွာမှာ ရေကြီးစဉ်က ကားလမ်းအထက် ကိုးပေအထိရေမြုပ်သွားတာပါ။ လူတွေလည်း ထောင်နှင့်ချီ အမြင့်ပိုင်းတွေကို ရွှေ့ပြောင်းကြရတယ်။ အခု တနင်္သာရီနဲ့ ဘုတ်ပြင်းမြို့နယ်အကြားမှာ ရေနည်းနည်းရှိနေသေးပေမဲ့ ကားတွေသွားလာလို့ရပါပြီ" ဟု တနင်္သာရီမှ ဒေသခံတစ်ဦးက ပြောကြားသည်။

တနင်္သာရီ-ဘုတ်ပြင်း-ကော့သောင်း ပြည် ထောင်စုလမ်းပိုင်းရှိ လယ်တောင်ယာရွာလမ်းမပေါ်တွင် ရေတစ်ပေ ခန့်သာ ရှိတော့သည့်အတွက် ကားလမ်းအသုံးပြုနိုင်ပြီဖြစ်ကြောင်းသိရသည်။

"တနင်္သာရီမြစ်ရေက ထားဝယ်ဘက်မှာ မြစ်ဖျားခံတော့ ထားဝယ်ဒေသက မိုးကြီး၊ မြေပြိုတာတွေကြောင့် မြစ်ရေတစ်ဟုန်ထိုး တက်သွားတာ။ ရက်အနည်းငယ်အတွင်း စိုးရိမ်ရေအမှတ်၊ အန္တရာယ်ရေအမှတ်အားလုံးကို ကျော်သွားတာ။ မြိတ်နဲ့ထားဝယ်၊ ကော့သောင်းနဲ့ တနင်္သာရီကို သွားလာ ဆက်သွယ်မှုတွေ ဖြတ်တောက် ပစ်လိုက်သလို ဖြစ်သွားတယ်။ အခု မြိတ်က တနင်္သာရီ၊ ဘုတ်ပြင်း၊ ကော့သောင်းကိုသွားလို့ရပြီ။ ထားဝယ် ဘက်ကို သွားလို့မရသေးဘူး" ဟု ဒေသခံများက ပြောကြားသည်။ အောက်တိုဘာ ၅ ရက် နံနက်ပိုင်း တိုင်းထွာ ချက်အရ တနင်္သာရီမြစ်ရေမှာ ၁၉ ပေတွင်ရှိနေပြီး ပရဟိတသမားများ ကူညီမှုသွားရောက်နေကြကြောင်းသိရ သည်။ တနင်္သာရီမြစ်ရေ၏ စိုးရိမ်ရေအမှတ်မှာ ၁ရပေ၊ အန္တရာယ်ရေအမှတ်မှာ ၂၄ ပေ သတ် မှတ်ထားကြောင်း သိရသည်။

ပုံစာ - တနင်္သာရီမြစ်ရေကြီးမှု မြင်ကွင်းများ

Photo Crd, တနင်္သာရီမြို့နယ်ကြက်ခြေနီအသင်း၊ လူမှုကွန်ရက်ပုံများ

မူရင်းသတင်း — Eleven Media Group