
ရန်ကုန်မြို့တွင် အုပ်စုနှစ်စုခွဲပြီး လျှပ်စစ်ဓာတ်အား အလှည့်ကျ ဖြန့်ဖြူးမည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ထုတ်ပြန်သည်။
ရန်ကုန်မြို့၌ လျှပ်စစ်မီးဖြန့်ဖြူးရာတွင် အုပ်စု Aနှင့် အုပ်စု B ဟူ၍ နှစ်အုပ်စုခွဲကာ မီးပေးမည်ဖြစ်ပြီး လေးနာရီအလှည့်ကျစနစ်ဖြစ်ကြောင်း၊ ဓာတ်အားထုတ်လုပ်နိုင်မှု အခြေအနေနှင့် ဓာတ်အားစနစ် အခြေအနေအရ အတိုး/ အလျော့ အပြောင်းအလဲရှိနိုင်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အရှေ့ပိုင်း၊ အနောက်ပိုင်း၊ တောင်ပိုင်း၊ မြောက်ပိုင်းများကို နေ့ခင်းပိုင်းအချိန်များတွင် အလှည့်ကျပေးမည်ဖြစ်ကာ ညပိုင်းအချိန်များတွင် No loadshed ဓာတ်အားပေးမည်ဖြစ်ကြောင်း၊ စက်မှုဇုန်၊ မြောင်းတကာ(သံရည်ကြိုစက်မှုဇုန်) LNG ဖြင့် ဓာတ်အားရယူမည့် စီးပွားရေးလုပ်ငန်းများနှင့် အရေးကြီးဌာနဆိုင်ရာများအား ၂၄ နာရီ ဓာတ်အားပေးထားမည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ထုတ်ပြန်ထားသည်။
အောက်တိုဘာ ၅ ရက်မှစပြီး အလှည့်ကျစနစ်ဖြင့် ဓာတ်အားဖြန့်ဖြူးမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာနက ထုတ်ပြန်သည်။
မုတ်သုန်လေဆုတ်ခွာပြီး မိုးရာသီကာလကုန်ဆုံး၍ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီ ဖြစ်ကြောင်း၊ ထို့အပြင် ပြင်းထန်အယ်နီညိုရာသီဥတုဖြစ်စဉ် သက်ရောက်မှုများကြောင့် နိုင်ငံအတွင်း အပူချိန်သိသာစွာမြင့်မားလာပြီး ဓာတ်အားသုံးစွဲမှုများ မြင့်တက်ကာ ဓာတ်အားလိုအပ်ချက် တိုးတက်မြင့်မားလျက်ရှိသည်ဟု ဝန်ကြီးဌာနက ထုတ်ပြန်သည်။
ယခုကာလတွင် ဓာတ်အားထုတ်လုပ်နိုင်မှုနှင့်အညီ သုံးစွဲမှုကို အချိုးညီစေရေးအတွက် ဝန်အားထိန်းညှိဖြန့်ဖြူး မှုကို မလွဲမရှောင်သာ အနည်းဆုံးပမာဏဖြင့် ဆောင်ရွက်သွားမည်ဟု ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။