Eleven Media Group

■ ဘရာဇီးသမ္မတရွေးကောက်ပွဲတွင် သမ္မတဟောင်း၏သားနှင့် လက်ရှိသမ္မတတို့ ထိပ်တိုက်တွေ့

ဘရာဇီးနိုင်ငံတွင် ပြုလုပ်နေသည့် သမ္မတရွေးကောက်ပွဲတွင် သမ္မတဟောင်း၏ သားဖြစ်သူ ဖလာဗီယို ဘော်ဆိုနာရိုနှင့် လက်ရှိသမ္မတ လူးဝစ် အင်နာစီယို လူလာဒါ ဆေးဗားတို့သည် ဒုတိယအကျော့ ရွေးကောက်ပွဲကို ယှဉ်ပြိုင်ရတော့မည်ဖြစ်သည်။

အောက်တိုဘာ ၄ ရက်က ပြုလုပ်ခဲ့သည့် ပထမအကျော့ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း ၁၂ ဦးပါဝင်ခဲ့ပြီး ၎င်းတို့အနက် အတိုက်အခံကိုယ်စားလှယ်ဖြစ်သည့် လွှတ်တော်အမတ် ဖလာဗီယို ဘော်ဆိုနာရိုက မဲအရေအတွက် ၄၇ ရာခိုင်နှုန်းဖြင့် အများဆုံးရရှိခဲ့ခြင်းဖြစ်သည်။

ရွေးကောက်ပွဲမတိုင်မီ ပုဂ္ဂလိက သုတေသနစစ်တမ်းများက ပထမအကျော့ရွေးကောက်ပွဲတွင် မဲအရေအတွက် ၃ ရာခိုင်နှုန်းဖြင့် ဦးဆောင်လိမ့်မည်ဟု ထင်ကြေးပေးခံခဲ့ရသည့် လက်ရှိသမ္မတ လူလာသည် မဲအရေအတွက် ၄၅ ရာခိုင်နှုန်းသာရရှိခဲ့ပြီး ဒုတိယနေရာတွင် ရှိခဲ့သည်။

ထို့ကြောင့် မဲအများဆုံးရရှိခဲ့သည့် ဖလာဗီယိုနှင့် လူလာတို့သည် အောက်တိုဘာ ၂၅ ရက်တွင် ပြုလုပ်မည့် ဒုတိယအကျော့ ရွေးကောက်ပွဲတွင် ထပ်မံယှဉ်ပြိုင်ရမည်ဖြစ်သည်။

ဖလာဗီယိုသည် ဘရာဇီးသမ္မတဟောင်း ဂျိုင်ယာ ဘော်ဆိုနာရို၏ သားဖြစ်သည်။ ဂျိုင်ယာဘော်ဆိုနာရိုသည် ၂၀၂၂ ခုနှစ် ရွေးကောက်ပွဲရှုံးနိမ့်ခဲ့ပြီးနောက် အာဏာသိမ်းရန် ကြံစည်မှုဖြင့် ထောင်ဒဏ် ၂၇ နှစ် ကျခံနေရသည်။

Ref: CNA

မူရင်းသတင်း — Eleven Media Group