
မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေးစခန်းများတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအနက် မွန်ပြည်နယ်ရှိ မြို့နယ်အသီးသီးမှ နေရပ်ပြန်ပြည်သူ စုစုပေါင်း ၁၉၈ ဦးအား တပ်မတော်စစ်ရေယာဉ်များဖြင့် ပြန်လည် ခေါ်ဆောင်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
ယမန်နေ့ အောက်တိုဘာ ၄ ရက် ည ၇ နာရီ ၄၅ မိနစ်ခန့်တွင် မလေးရှားနိုင်ငံ ထိန်းသိမ်းရေးစခန်းများမှ ပြန်လည်ခေါ်ဆောင်လာသည့် မွန်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၀ မြို့နယ်မှ နေရပ်ပြန်ပြည်သူများသည် မော်လမြိုင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ ရောက်ရှိလာကြောင်း သိရသည်။
"နေရပ်ပြန် ပြည်သူများအနက် ရေးမြို့နယ်မှ ၅၄ ဦး၊ ပေါင်မြို့နယ်မှ ၃၀ ဦး၊ ချောင်းဆုံမြို့နယ်မှ ၂၉ ဦး၊ မော်လမြိုင်မြို့နယ်မှ ၂၄ ဦး၊ ကျိုက်မရောမြို့နယ်မှ ၂၀ ဦး၊ မုဒုံမြို့နယ်မှ ၁၂ ဦး၊ သံဖြူဇရပ်မြို့နယ်မှ ၁၁ ဦး၊ ကျိုက်ထိုမြို့နယ်မှ ၇ ဦး၊ သထုံမြို့နယ်မှ ၆ ဦးနှင့် ဘီးလင်းမြို့နယ်မှ ၅ ဦး ပါဝင်ကြတယ်လို့ သိရပါတယ်" ဟု တာဝန်ရှိတစ်ဦးကပြောကြားသည်။
ထို့အပြင် သထုံမြို့နယ်သို့ ပြန်လည်ရောက်ရှိလာသည့် နေရပ်ပြန် ပြည်သူ ၄ ဦးအား သက်ဆိုင်ရာတာဝန်ရှိ သူများက ကြိုဆိုလက်ခံခဲ့ပြီး သထုံမြို့မရဲစခန်းဝင်းအတွင်းရှိ ဓမ္မာရုံ၌ ခေတ္တတည်းခိုနေရာချထားပေးကာ ယနေ့ အောက်တိုဘာ ၅ ရက်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ အချက်အလက်များ တိုက်ဆိုင် စစ်ဆေးခြင်းနှင့် ပြစ်မှုကင်းရှင်းမှု ရှိ/မရှိ စစ်ဆေးခြင်းတို့ ဆောင်ရွက်ပြီးနောက် မိဘများထံ ပြန်လည်အပ်နှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Photo Credit - မွန်တို့ဌာနေ