
စိစစ်မှုများ၊ စုံစမ်းစစ်ဆေးမှုများနှင့် စပ်လျဉ်းပြီး သက်ဆိုင်ရာအစိုးရအာဏာပိုင်များအားလုံးနှင့် အပြည့်အဝပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟု The Central ကထုတ်ပြန်သည်။
သတ်မှတ်ကာလထက် အနည်းဆုံး နှစ်နှစ်ခန့်ကြာသည်အထိ အခန်းများ မအပ်နိုင်သဖြင့် ဝယ်ယူထားသည့် အခန်းပိုင်ရှင်များနှင့် The Central ကို တာဝန်ယူတည်ဆောက်နေသည့်Marga Landmark ကုမ္ပဏီတို့အကြား အငြင်းပွားမှုများ ဖြစ်ပွားလျက်ရှိပြီး စသုံးလုံးက စစ်ဆေးနေသည်ဟု သတင်းများထွက်ပေါ်ချိန်တွင် ကုမ္ပဏီဘက်က ထုတ်ပြန်လာခြင်းဖြစ်သည်။
Marga Landmark အနေဖြင့် လက်ရှိဆောင်ရွက်လျက်ရှိသော စိစစ်မှုများနှင့် စုံစမ်းစစ်ဆေးမှုများနှင့် စပ်လျဉ်းပြီး သက်ဆိုင်ရာအစိုးရအာဏာပိုင်များအားလုံးနှင့် အပြည့်အဝပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟု အတည်ပြုအပ်ကြောင်း၊ တောင်းခံထားသော သတင်းအချက်အလက်များနှင့် စာရွက်စာတမ်းများအားလုံးကို အချိန်နှင့် တပြေးညီ ပွင့်လင်းမြင်သာစွာပေးအပ်ခဲ့ပြီး
ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း ကုမ္ပဏီက ထုတ်ပြန်သည်။
အဆိုပါစိစစ်မှုများသည် လုပ်ငန်းဆောင်ရွက်မှုများ၏ ရိုးသားဖြောင့်မတ်မှုကို အတည်ပြုပေးနိုင်မည်ဟု ယုံကြည်သည့်အတွက် ယင်းစိစစ်မှုများကိုလည်း ဝမ်းမြောက်စွာကြိုဆိုကြောင်း၊အိမ်ခန်းပိုင်ရှင်များအနေဖြင့် ဖြစ်ပေါ်လာသည့် အခြေအနေများကြောင့် စိတ်ပျက်မှုနှင့် စိုးရိမ်ပူပန်မှုကို နားလည်ကြောင်း၊ လက်ရှိတွင် Customer Database ကို အသုံးပြုခွင့်မရရှိသေးသဖြင့်အိမ်ခန်းပိုင်ရှင်တစ်ဦးချင်းစီထံ ဆက်သွယ်နိုင်မှုမှာ ယာယီအားဖြင့် ကန့်သတ်ချက်တစ်ခုဖြစ်နေသည်ဟု ကုမ္ပဏီက ဆိုသည်။
ဝယ်ယူသူများနှင့် အငြင်းပွားမှုများ ဖြစ်ပွားနေသည့် ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ The Central အရောင်းပြခန်းကို စသုံးလုံးက ချိပ်ပိတ်စစ်ဆေးနေကြောင်း သိရသည်။
အောက်တိုဘာ ၃ ရက် နံနက်တွင် စသုံးလုံးမှ ခေါ်ယူစစ်ဆေးနေပြီး မွန်းလွဲပိုင်းတွင် ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ The Central အရောင်းပြခန်းကို ချိပ်ပိတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အောက်တိုဘာ ၃ ရက်တွင် နစ်နာလျက်ရှိသည့် The Central၊ The Parkနှင့် Soho Tower များတွင် အခန်းဝယ်ယူထားသူများအနက် ၁၀၅ ဦးက ပေးစာတစ်စောင်ကို သွားရောက်ပေးအပ်ခဲ့ရာတွင် စစ်ဆေးခံနေရသဖြင့် ရုံးတွင်စာလက်ခံမည့်သူမရှိသဖြင့် ပေးအပ်နိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။
The Central ရှိ အချို့အခန်းများမှာ ပေးသွင်းငွေ ရာခိုင်နှုန်း ၉၀ အထိ ပေးသွင်းပြီး ဖြစ်သော်လည်း ပေးအပ်မည်ဟု သတ်မှတ်ထားသည့် ခုနှစ်ထက် အနည်းဆုံးနှစ်နှစ်ကျော်ကြာသည်အထိ အခန်းမအပ်နိုင်ခြင်းကြောင့် အခန်းပိုင်ရှင်များက မည်သည့်အချိန်တွင် အခန်းအပ်နိုင်မလဲဆိုသည်ကို မေးမြန်းမှုများရှိခဲ့သည်။
အဆိုပါဖြစ်ရပ်များနှင့် ပတ်သက်ပြီး အခန်းပိုင်ရှင်များအားလုံးအတွက် အခန်းများအားလုံးကို အပြီးသတ်ဆောက်လုပ်ပြီး လွှဲပြောင်းပေးအပ်သွားမည်ဟု The Central စီမံကိန်းကို အကောင်အထည်ဖော်နေသည့် Developer ဖြစ်သည့် Marga Landmark ကုမ္ပဏီက ထုတ်ပြန်ထားသည်။