Eleven Media Group

ရှမ်းပြည်နယ်(တောင်ပိုင်း) ဟိုပုံးမြို့နယ် နားလုံကျေးအနီး အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူ ၈၇ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီး

ရှမ်းပြည်နယ်(တောင်ပိုင်း) ဟိုပုံးမြို့နယ် နားလုံကျေးအနီး အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူ ၈၇ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။

ဟိုပုံးမြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုပြုလုပ်သူများသည် ယာယီလူနေတဲများဆောက်လုပ်၍ အခြေပြုခိုအောင်းလုပ်ကိုင်လျက်ရှိကြောင်း သတင်းပေးပို့ချက်အရ နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များပါသော ပူးပေါင်းအဖွဲ့များက သတင်းကွင်းဆက်ရယူဖော်ထုတ်၍ နယ်မြေလုံခြုံရေးလုပ်ငန်းများကိုဆောင်ရွက်ခဲ့ရာ အောက်တိုဘာ ၄ ရက် နံနက် ၇ နာရီခန့်တွင် ဟိုပုံးမြို့နယ် မိုင်းပွန်မြို့၏ အနောက်တောင်ဘက် ၂၁ ကီလိုမီတာခန့်အကွာ နားလုံကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်နေသည့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော တရုတ်နိုင်ငံသား အမျိုးသား ၇၅ ဦးနှင့် မြန်မာနိုင်ငံသား ၁၂ ဦး၊ စုစုပေါင်း ၈၇ ဦးတို့အား အလျား ၆၀ ပေ၊ အနံ ၂၀ ပေ၊ လူနေဆောင်နှင့် အလုပ်ရုံတွဲလျက် ယာယီမိုးကာတဲ ၂ လုံး၊ အလျား ၄၀ ပေ၊ အနံ ၂၀ ပေ စားချက်ဆောင် ယာယီမိုးကာတဲ ၁ လုံး၊ အလျား ၄၀ ပေ၊ အနံ ၂၀ ပေ ဆောက်လုပ်ဆဲ ယာယီမိုးကာတဲ ၁ လုံး၊ STAR LINK ၄ စုံ၊ ALL IN ONE COMPUTER ၁၇ လုံး၊ LAPTOP ၂ လုံး၊ ဖုန်းမျိုးစုံ ၅၂၄ လုံးတို့နှင့် အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးရမိခဲ့သည့် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူများအား လိုအပ်သည့်စစ်ဆေးမှုများဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့် လုပ်ငန်းသုံးပစ္စည်းများကိုလည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် တရားမဝင်ဆောက်လုပ်ထားသည့် လူနေတဲများနှင့်လုပ်ငန်းသုံးတဲများကိုလည်း စနစ်တကျဖြိုချဖျက်ဆီးသွားမည်ဖြစ်ကြောင်းနှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ အခြေချလုပ်ကိုင်နိုင်ခြင်းမရှိစေရေးနှင့် အပြီးတိုင်ပပျောက်စေရေးတို့အတွက် အမြစ်ပြတ်တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group