
နိုင်ငံတော်က အခွန်အခများ ပိုမိုရရှိရေးအတွက် အခွန်ငွေ တိုးမြှင့်ကောက်ခံခြင်းထက် အမှန်တကယ် ကောက်ခံရရှိမည့် အခွန်ငွေများကို ပြည့်ပြည့်ဝဝမှန်မှန်ကန်ကန် ကောက်ခံရရှိရေး စိစစ်ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။
ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးကို ယနေ့ (အောက်တိုဘာ ၅ ရက်) မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော် အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ပြီး ဘဏ္ဍာရေးကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားရာတွင် ထို့သို့ ထည့်သွင်းပြောကြားခြင်းဖြစ်သည်။
အစည်းအဝေးတွင် နိုင်ငံတော်သမ္မတက ယနေ့ကျင်းပသည့် ဘဏ္ဍာရေးကော်မရှင်အစည်းအဝေးသည် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များ၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက်ခွင့်ပြုငွေတောင်းခံမှုများကို ဘဏ္ဍာရေးကော်မရှင်က အတည်ပြုပေးရန်နှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်းကို အတည်ပြုပြီး ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့နိုင်ရေး ဆွေးနွေးဆုံးဖြတ်ကြရန်ဖြစ်ကြောင်း ပြောကြားသည်။
ဖြည့်စွက်ခွင့်ပြုငွေဆိုသည်မှာ သက်ဆိုင်ရာဘဏ္ဍာရေးနှစ်အတွင်း မဖြစ်မနေ ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ စီမံကိန်းများအတွက် အသုံးစရိတ်များကို ကျခံသုံးစွဲနိုင်ရန် မူလခွင့်ပြုငွေဖြင့် မလုံလောက်ခြင်း၊ မူလခွင့်ပြုငွေအတွင်း ရန်ပုံငွေ လွှဲပြောင်းသုံးစွဲရန်မဖြစ်နိုင်ခြင်း၊ “အထွေထွေပိုလျှံရန်ပုံငွေ” (GRF) မှ လွှဲပြောင်းကျခံသုံးစွဲရန် မဖြစ်နိုင်ခြင်း စသည့်အခြေအနေများကြောင့် အသားတင်ထပ်မံလိုအပ်လာသည့်ငွေကိုသာ ဖြည့်စွက်ခွင့်ပြုငွေအဖြစ် စိစစ်ခွင့်ပြုခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
ထို့ကြောင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ထပ်မံလိုအပ်လာသည့် ကုန်ထုတ်လုပ်မှုတိုးမြှင့်ရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး အသုံးစရိတ်များ၊ ပြည်ပအကူအညီ၊ ချေးယူရငွေများနှင့် ဆက်နွှယ်သည့် အသုံးစရိတ်များ၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းဥပဒေတွင်ပါဝင်ပြီး ရန်ပုံငွေမလုံလောက်သည့်ကိစ္စရပ်များ၊ နိုင်ငံတော်မူဝါဒ၊ လမ်းညွှန်ချက်အရ မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းစီမံကိန်းသစ်များနှင့် လုပ်ငန်းသစ်များအတွက် အသုံးစရိတ်များကို အဓိကထားပြီး ဖြည့်စွက်ခွင့်ပြုငွေတောင်းခံ ထားသည်ကို တွေ့ရကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
ဖြည့်စွက်ခွင့်ပြုငွေကို ပြည်ထောင်စုလွှတ်တော်က နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေအဖြစ် အတည်ပြုပြဋ္ဌာန်းပြီးမှသာ သုံးစွဲနိုင်မည်ဖြစ်ပြီး ဖြည့်စွက်ခွင့်ပြုငွေ သုံးစွဲနိုင်မည့်ကာလမှာလည်း (၄)လခန့်သာရှိသည့်အတွက် ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်ကြရန် အလေးထားမှာကြားလိုကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
ထို့ပြင် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် နိုင်ငံတော်က ချမှတ်ဆောင်ရွက်လျက်ရှိသည့် မူဝါဒ၊ ရည်မှန်းချက်များ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ခွင့်ပြုပေးထားသည့်ရန်ပုံငွေများနှင့် ယခု ထပ်မံခွင့်ပြုမည့် ဖြည့်စွက်ခွင့်ပြုငွေများကို အကျိုးရှိထိရောက်စွာဖြင့် အလေအလွင့်မရှိအောင် စိစစ်သုံးစွဲကြရန်လိုကြောင်းလည်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
ဘဏ္ဍာရေးကော်မရှင် အတွင်းရေးမှူး ရှင်းလင်းတင်ပြမည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၏ ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှု၊ ထိုသို့ တောင်းခံမှုအပါအဝင် ရငွေ၊ သုံးငွေပြောင်းလဲမှုအရ ပြန်လည်ရေးဆွဲထားသည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်း၊ ပြည်ထောင်စုမှ တိုင်းဒေသကြီး၊ ပြည်နယ်များကို ထပ်မံထောက်ပံ့ပေးရမည့် ထောက်ပံ့ငွေ၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်းတို့အပေါ် ဝိုင်းဝန်းဆွေးနွေး အတည်ပြုပေးကြရန် နိုင်ငံတော်သမ္မတက ပြောကြားသည်။
ထို့နောက် ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဒုတိယဥက္ကဌများဖြစ်ကြသည့် ဒုတိယသမ္မတ ဦးညိုစော၊ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး၊ ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ပြည်ထောင်စုရှေ့နေချုပ်နှင့် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသီတာဦး၊ နေပြည်တော်ကောင်စီဥက္ကဌ၊ တိုင်းဒသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
ထိုသို့ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက ရငွေအပိုင်းတွင် နိုင်ငံတော်မှ အခွန်အခများ ပိုမိုရရှိစေရေးအတွက် အခွန်ငွေကို တိုးမြှင့်ကောက်ခံခြင်းထက် အမှန်တကယ် ကောက်ခံရရှိရမည့် အခွန်ငွေများကို အပြည့်အဝမှန်မှန်ကန်ကန် ကောက်ခံရရှိနိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များမှ စိစစ်ဆောင်ရွက် ကောက်ခံသွားကြရန်လိုကြောင်း၊ သို့မှသာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် လိုအပ်သည့်ဘဏ္ဍာငွေများကို အပြည့်အဝရရှိသုံးစွဲနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
အလားတူ ရငွေများ ပိုမိုတိုးတက်ရရှိစေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်၊ မိမိတို့ ဒေသအလိုက် ဒေသ၏အားသာချက်များကို အသုံးချ၍ ကုန်ထုတ်လုပ်ငန်းများ ပိုမိုတိုးတက်ဖွံ့ ဖြိုးအောင်လည်း အစွမ်းကုန်ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် လိုကြောင်း၊ ဘဏ္ဍာငွေများ သုံးစွဲရာတွင်လည်း နိုင်ငံတော်အတွက် အမှန်တကယ် အကျိုးရှိသည့် သုံးစွဲမှုများဖြစ်စေရေးနှင့် မကုန်သင့်သည်နေရာများတွင် အပိုသုံးစွဲမှု မဖြစ်စေရေး စနစ်တကျ စိစစ်သုံးစွဲသွားကြရန် လိုကြောင်း နိုင်ငံတော်သမ္မတက ဖြည့်စွက်ပြောကြားခဲ့သည်။