Myanmar National Post

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေပြန်လည်ကျဆင်းသည့် မြို့၊ ရွာ၊ ရပ်ကွက်များ၌ နုန်းများ၊ အမှိုက်များ ဖယ်ရှားရှင်းလင်း






နေပြည်တော်၊ အောက်တိုဘာ ၇

ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်အတွင်း ဇူလိုင် ၃၀ ရက် ညပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြစ်ရေတိုက်စားမှုများကြောင့် ငဝန်မြစ်ရေကာတာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရပ်ကွက်ကျေးရွာများအတွင်း ရေဖြတ်သန်းစီးဆင်း ဝင်ရောက်မှုဖြစ်ပွားခဲ့ပြီး ရေဝင်ရောက်မှုကြောင့် လေးမျက်နှာမြို့ပေါ်ရပ်ကွက်ငါးခုနှင့် ကျေးရွာအချို့အပြင် ဟင်္သာတ၊ ရေကြည်၊ ကျုံပျော်နှင့် ကျောင်းကုန်းမြို့နယ်များရှိ ရပ်ကွက်ငါးခုနှင့် ကျေးရွာအချို့တို့တွင် ရေဝင်ရောက်မှုများ ဖြစ်ပွားခဲ့သည်။

အဆိုပါ ငဝန်မြစ်ရေသည် အောက်တိုဘာ ၁ ရက်တွင် လေးမျက်နှာမြို့နယ်၌လည်းကောင်း၊ အောက်တိုဘာ ၂ ရက်တွင် ကျောင်းကုန်းမြို့နယ်၌လည်းကောင်း၊ အောက်တိုဘာ ၅ ရက်တွင် ကျုံပျော်မြို့နယ်၌လည်းကောင်း ရေများပြန်လည်ကျဆင်းသွားခဲ့ပြီး ရေကြည်မြို့နယ်အတွင်း ၁၀ ပေ ၁၁ လက်မခန့်နှင့် ငါးသိုင်းချောင်းမြို့နယ်အတွင်း ၁၀ ပေ ၆ လက်မခန့်အထိ ကျဆင်းသွားခဲ့ကြောင်း သိရသည်။

ထိုသို့ ရေပြန်လည်ကျဆင်းသွားခဲ့သည့် မြို့၊ရွာ၊ရပ်ကွက်များရှိ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံ၊ ဆေးခန်းများ၊ လမ်းတံတားများတွင် တင်ကျန်ခဲ့သည့် နုန်းများ၊ အမှိုက်များအား အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ တပ်နယ်အသီးသီးမှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအဖွဲ့များ၊ ပရဟိတအသင်းအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများပူးပေါင်း၍ ဖယ်ရှားရှင်းလင်းခြင်း၊ ရေဘေးကယ်ဆယ်ရေးစခန်းများရှိ ရေဘေးသင့်ပြည်သူများအား စားသောက်ဖွယ်ရာများ လိုက်လံပို့ဆောင်ပေးခြင်း၊ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းတို့ကို အချိန်နှင့်တစ်ပြေးညီဆောင်ရွက်ပေးပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးနေမှုများကို တိုင်းစစ်ဌာနချုပ်မှတာဝန်ရှိသူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများကသွားရောက်ကြည့်ရှုပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ 


#News #Myanmar

မူရင်းသတင်း — Myanmar National Post