
နေပြည်တော်၊ အောက်တိုဘာ ၇
မြန်မာနိုင်ငံအတွင်းဖြတ်ကျော်ဝင်ရောက်ခဲ့သည့် ကုန်းတွင်းမုန်တိုင်းငယ်ကြောင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း စက်တင်ဘာ ၂၆ ရက် ညနေပိုင်းမှစတင်၍ မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းပြီး မြို့နယ်အချို့တွင် မြစ်ရေဝင်ရောက်မှု ဖြစ်ပွားခဲ့သည့်အပြင် ထားဝယ်- လောင်းလုံး - ကျောက်နီမော် - ရှင်မော် လမ်းမကြီးပေါ်ရှိ နေရာအချို့တွင် ရေကျော်ခြင်း၊ မြေပြိုကျ၍ လမ်းပိတ်ခြင်းနှင့် လမ်းပေါ်ရှိ တံတားများတွင် အမှိုက်များပိတ်ဆို့ခြင်းများ ဖြစ်ပေါ်ခဲ့သည်။
အဆိုပါ ထားဝယ်-လောင်းလုံး-ကျောက်နီမော်-ရှင်မော်လမ်းမကြီးပေါ်ရှိ ပြိုကျနေသော မြေစိုင်၊ မြေခဲများအား ဖယ်ရှားရှင်းလင်းရန်နှင့် လမ်းတစ်လျှောက်ရှိ ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ ပရဟိတအသင်းအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများပါဝင်သော ကူညီကယ်ဆယ်ရေးများက သဘာဝဘေးဒဏ်ထိခိုက်မှုများပြားခဲ့သည့် ကဒက်ငယ်ထိန်ကျေးရွာ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် အဆိုပါ ကူညီကယ်ဆယ်ရေးအဖွဲ့သည် လောင်းလုံးမြို့ ပတ်ဝန်းကျင်ဒေသရှိ သဗျာ၊ ပညှင်း၊ ညှင်းမှော်၊ ပြင်းထိန်၊ ပိန်းချောင်းနှင့် စန်းလှမ်းကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းဆောင်ရွက်ပေးခြင်း၊ နေအိမ်များအတွင်း ဝင်ရောက်နေသော ရွှံ့မြေများအား ဖယ်ရှားရှင်းလင်းပေးခြင်း၊ နေအိမ်နှင့် လမ်းများပေါ်ရှိပြိုကျနေသော သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းခြင်း၊ ကဒက်ငယ်ထိန်ကျေးရွာလမ်းမပေါ်ရှိ ပြိုကျနေသောမြေများအား စက်ယန္တရားများဖြင့် ဖယ်ရှားရှင်းလင်းပေးခြင်း၊ လမ်းများအား မြေညှိပြုပြင်ပေးခြင်း၊ တံတားများတွင်ပိတ်နေသော အမှိုက်များအား ရှင်းလင်းပေးခြင်းတို့ကို အချိန်နှင့်တစ်ပြေးညီ အင်တိုက်အားတိုက်ကူညီဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် ကျောက်နီမော်ကျေးရွာတွင် ကျေးရွာအတွင်းနှင့် လမ်းပေါ်ရှိ ပြိုကျမြေစိုင်၊ မြေခဲများအား ယန္တရားများဖြင့် ဖယ်ရှားရှင်းလင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေး လျက်ရှိသည်။
ထို့အတူ တနင်္သာရီမြို့ ချောင်းကြီးရပ်ကွက် လမ်းမတစ်လျှောက်နှင့် စာသင်ကျောင်းတို့၌လည်း နယ်မြေခံတပ်မတော်သားများနှင့် ဌာနဆိုင်ရာအဖွဲ့အစည်းများပူးပေါင်း၍ မြစ်ရေပြန်လည်ကျဆင်းသွားပြီးနောက် တင်ကျန်ခဲ့သည့်နုန်းမြေများနှင့် အမှိုက်များ ဖယ်ရှားရှင်းလင်းခြင်းတို့ကို ဆောင်ရွက်ပေးကြသည်။
ထိုသို့ ကူညီကယ်ဆယ်ရေးနှင့် ရေဝင်ရောက်မှု တားဆီးကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
#News #Myanmar