Eleven Media Group

■ ချာလီချက်ပလင်ရဲ့ The Kid က စခဲ့တဲ့ ဇာတ်လမ်း

■အဖေတခု သားတခုနှင့် သားချောတို့ မူရင်းရှာပုံတော်

၁၉၂၁ ခုနှစ်တွင် ချက်လီချက်ပလင်၏ The Kid အမည်ဖြင့် အသံမဲ့ ဟာသ-ဒရာမာဇာတ်ကားကို အမေရိကန်နိုင်ငံတွင် ထုတ်လုပ်ခဲ့သည်။

၎င်းဇာတ်ကားကို ချာလီ ချက်ပလင်က ဇာတ်ညွှန်းရေးသားခြင်း၊ ထုတ်လုပ်ခြင်း၊ ဒါရိုက်တာအဖြစ် ရိုက်ကူးခြင်းနှင့် သရုပ်ဆောင်ခြင်းတို့ကို ကိုယ်တိုင် ဆောင်ရွက်ခဲ့ပြီး ယင်းဇာတ်ကားတွင် Jackie Coogan က ချက်ပလင် မွေးစားထားသော ကလေးငယ်အဖြစ် သရုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

The Kid သည် ချာလီ ချက်ပလင်၏ ဒါရိုက်တာအဖြစ် ပထမဆုံး ရိုက်ကူးခဲ့သော ဇာတ်ရှည်ရုပ်ရှင်ဖြစ်သည်။

The Kid ဇာတ်ကားထွက်ရှိပြီး နှစ် ၅၀ ကျော်အကြာ ၁၉၇၇ တွင် မြန်မာနိုင်ငံတွင် 'အဖေတခု၊ သားတခု'' ကို ဒါရိုက်တာ မောင်နန္ဒက ရိုက်ကူးပြီး သရုပ်ဆောင်များအဖြစ် စိန်မြင့်၊ ဇော်လင်း၊ ဆွေဇင်ထိုက်၊ သီတာခင်ထွေး၊ အောင်ထွန်းလေးတို့က ပါဝင်သရုပ်ဆောင်ခဲ့ကြသည်။

ယင်းဇာတ်ကားတွင် နာမည်ကျော်ကလေးသရုပ်ဆောင် အောင်ထွန်းလေးအတွက် ပထမဆုံးရုပ်ရှင်ဖြစ်ခဲ့ပြီး ၎င်း အသက် ၈ နှစ်အရွယ်တွင် ရိုက်ကူးခဲ့ခြင်းဖြစ်ကာ မြန်မာ့ ရုပ်ရှင်လောက၏ ပထမဆုံးကလေးသရုပ်ဆောင်အထူးဆုကိုလည်း အောင်ထွန်းလေးက ရရှိခဲ့သည်။

အဖေတခု၊ သားတခု ထွက်ရှိပြီး နှစ်ပေါင်း ၅၀ နီးပါးအကြာတွင် ထွက်ရှိမည့် သားချောရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)က ရိုက်ကူးထားပြီး အောင်ရဲလင်း၊ ညိမ်းသော်၊ အကယ်ဒမီ စိုးပြည့်သဇင်၊ ဥသြသံသာ၊ မနှင်း၊ ကလေးသရုပ်ဆောင် သားချောတို့က ပါဝင်ထားပြီး အောက်တိုဘာ ၉ ရက်တွင် စတင်၍ ရုံတင်ပြသတော့မည်ဖြစ်သည်။

ယင်းကဲ့သို့ မကြာမီပြသတော့မည့် သားချောရုပ်ရှင်နှင့် ပတ်သက်၍ ဒေါ်သန်းသန်း(စာရေးဆရာမခင်ခင်လေး)က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ''အဖေတခုသားတခု ဇာတ်ကားနဲ့ပတ်သက်ပြီးပြောဖို့လိုအပ်လာလို့ပြောရခြင်းဖြစ်ပါတယ်၊အဲ့အချိန်တုန်းကကုမ္ပဏီပိုင်မရှိသေးလို့နယူးဘားမားရုပ်ရှင်ထုတ်လုပ်ရေးအမည်ကိုငှားပြီးဇာတ်လမ်းတင်ခဲ့ရတာပါ၊ဒါရိုက်တာကမောင်နန္ဒ၊ရိုက်ကူးထုတ်လုပ်သူကဦးတင်စိုး၊ဒေါ်သန်းသန်း၊မင်းသားကစိန်မြင့်၊ဇော်လင်း၊မင်းသမီးကဆွေဇင်ထိုက်၊ကလေးသရုပ်ဆောင် အောင်ထွန်းနဲ့စပယ်ဦးအဖွဲ့သားများပါဝင်ပါတယ်၊ဆွေဇင်မြင့်ထုတ်လုပ်ရေးဆိုသောအမည်မပါဝင်ပါ၊အဖေတခုသားတခုရုပ်ရှင်ဇာတ်ကားကြောင့် စပယ်ဦးရုပ်ရှင်ထုတ်လုပ်ရေးဖြစ်ခဲ့ရသလို၊ဒီဇာတ်ကားကိုရိုက်ကူးတဲ့ဒါရိုက်တာမောင်နန္ဒမင်းသားစိန်မြင့်၊မင်းသမီးဆွေဇင်ထိုက်တို့လည်းပိုမိုအောင်မြင်မှုတွေနဲ့ဘဝရဲ့မှတ်တိုင်ကြီးတွေစိုက်ထူနိုင်ခဲ့ကြပါတယ်၊အသက်နဲ့ထပ်ကြိုးစားခဲ့သူကဒါရိုက်တာမောင်နန္ဒ၊ဇာတ်ကားကောင်းတကားဖြစ်ဖို့အတွက်ငွေကြေး၊အနုပညာပညာပိုင်းဆိုင်ရာတွေအတွက်ဦးတင်စိုးစပယ်ဦးစာပေကအိတ်သွန်ဖာမှောက်ပုံအောပြီး စာပေ၊ဂီတ၊အနုပညာအသိုင်းအဝိုင်းအားလုံးဝန်းရံပြီးဆောင်ရွက်ခဲ့ကြတဲ့အတွက်အောင်မြင်တဲ့ရုပ်ရှင်ကားကြီးတကားဖြစ်ခဲ့တာပါအဲ့ဒီအောင်မြင်မှုအတွက် ၁။ဒါရိုက်တာမောင်နန္ဒ ၂။ထုတ်လုပ်သူစာပေအနုပညာရှင်ဦးတင်စိုး၊ဒေါ်သန်းသန်းနှင့်စပယ်ဦးအဖွဲသားများ၊ပါဝင်တဲ့အနုပညာရှင်များ၊စက်မှုအဖွဲ့သားများ၏ကြိုးစားမှုများကလည်းမှတ်တမ်းတင်စရာပါ။နောက်ခံတေးဂီတလုလင်ဦးကိုကို၊ခင်မောင်ကြီးတို့ရဲ့ဂီတအနုပညာများကဇာတ်ကားကိုပိုမိုမြှင့်တင်စေခဲ့ပါတယ်၊ဇာတ်ဝင်တေးကို ဒါရိုက်တာမောင်နန္ဒနဲ့ဆရာဂီတလုလင်ဦးကိုကိုတို့ရဲ့စီစဉ်မှုဖြင့်ဒေါ်မာမာအေးကိုသီဆိုခဲ့စေပြီးဂီတလုလင်ဦးကိုကိုကိုယ်တိုင်ရေးဆပ်ခဲ့တဲ့သီချင်းကို ဦးကိုကိုရဲ့သမီးဖြစ်သူ ဝိုင်းကသီဆိုပေးခဲ့ပါတယ်၊ကလေးသရုပ်ဆောင်အောင်ထွန်းကို စပယ်ဦးစာပေတိုက်မှာ ဒါရိုက်တာကြီးများဖြစ်တဲ့ ဆရာကြီးဦးဝင်းဖေ၊မောင်တင်ဦး၊ဦးနန္ဒတို့ကဝိုင်းဝန်းပြီးရွေးချယ်ခဲ့ကြတာပါ၊ဒါရိုက်တာမောင်နန္ဒကအဖေတခုသားတခုဇာတ်ဝင်ခန်းအတွက်ရှင်ပြုအလှူအခန်းရိုက်ချင်တဲ့အတွက် ရွာလုံးကျွတ်ရှင်ပြုအလှူပွဲကြီးလုပ်ပေးခဲ့ပါတယ်၊ဒီဇာတ်လမ်းကိုကြိုက်နှစ်သက်လို့ပြန်ရိုက်တာကိုလည်းဂုဏ်ယူပါတယ်၊ဒါပေမယ့်သက်ဆိုင်သူအစစ်အမှန်ကိုအသိအမှတ်ပြုဂါရဝလေးထား၊အသိပေးခွင့်ပြုမှုလေးယူစေချင်ရုံသက်သက်ပါ၊ငွေကြေးလုံးဝမလိုပါ၊စာပေ၊ရုပ်ရှင်၊ဂီတ၊သဘင် ဆိုတဲ့အနုပညာအားလုံးဟာ သမုဒ္ဒရာရေပါ အများသောက်သုံးလို့ရပါတယ်၊ငါ...ငါ...ကျမ...ကျမ...တွေသေသွားရင်အားလုံးထားခဲ့ရမှာချည်းပါဘဲ၊အဟုတ်အမှန်အဖြစ်သဏ္ဍန်တွေကို သိစေလို၍သာရေးပြရတာပါ အားလုံးကိုမုဒိတာပွားပါတယ် အောင်မြင်ကြပါစေ" ဟု ဆိုကာ ရေးထားခဲ့သည်။

၎င်း၏ ရေးသားမှုပြီးနောက် မကြာမီရုံတင်ပြသတော့မည့် သားချောရုပ်ရှင်ဇာတ်ကားနှင့် ပတ်သက်၍ မူပိုင်ခွင့်၊ ဇာတ်လမ်း၊ ဇာတ်ညွှန်းစသဖြင့် အသိအမှတ်ပြုမှုအပေါ် မေးခွန်းထုတ်မှုများ ရှိလာခဲ့သည်။

ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး) ရိုက်ကူးသည့် သားချောဇာတ်ကားသည် အဖေတခု၊ သားတခု၊ ဇာတ်ကားကို ကူးယူထားသည်ဟု ဆိုကာ ဝေဖန်မှုများနှင့် အငြင်းပွားစရာများ ဖြစ်လာခဲ့သည်။

ယင်းနှင့် ပတ်သက်၍ သရုပ်ဆောာင် လူမင်း၏ လူမှုကွန်ရက်စာမျက်နှာမှလည်း "အဖေ တခု သားတခု" ဆိုတာမြန်မာ့ရုပ်ရှင်သမိုင်းမှာ ချန်လှပ်ထားခဲ့လို့မရတဲ့ ရုပ်ရှင်ကားတကားပါ၊တနှစ်ပတ်လုံးရုံပေါ်ကမဆင်းဘဲပြသခဲ့ရပြီး နှစ်စဉ်လည်းထပ်ခါထပ်ခါပြသခဲ့ရတဲ့ ဝင်ငွေစံချိန်တင်ခဲ့တဲ့မှတ်တမ်းကောင်းရှိခဲ့တဲ့ရုပ်ရှင်ပါ၊အကယ်ဒမီဆုတွေလည်းရခဲ့ကြပါတယ်၊အဖေတခုသားတခုရုပ်ရှင်ရဲ့ဇာတ်ကားနာမည်ကနေစပြီးဇာတ်ကားတခုလုံးရဲ့မူပိုင်သည် အဖေဦးတင်စိုး(စပယ်ဦးရုပ်ရှင်၊စာပေ)၊အမေဒေါ်သန်းသန်း(ဆရာရေးဆရာမခင်ခင်လေး)တို့ပဲဖြစ်ပါတယ်၊အခြားမည်သူတဦးတယောက်မျှမပိုင်ပါ၊အခု အဖေတခုသားတခု ကိုမှီငြမ်ပြီးရိုက်ကူးထားတဲ့ရုပ်ရှင်ဇာတ်ကားသည် မူရင်းပိုင်ရှင်ဒေါ်သန်းသန်းကို ခွင့်ပြုချက်တောင်းခံခြင်း၊အသိပေးအကြောင်းကြားခြင်းမရှိခဲ့ပါ" ဟု ရေးသားခဲ့ပြန်သည်။

ထိုကဲ့သို့ သားချောရုပ်ရှင်ကားကို လွန်ခဲ့သော နှစ်ပေါင်း ၅၀ ကျော်က ရိုက်ကူးခဲ့သည့် အဖေတခု၊ သားတခု ဇာတ်ကားနှင့် နှိုင်းယှဉ်ကာ ပြောဆိုသုံးသပ်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာပြီးနောက်တွင် ၁၉၇၇ ခုနှစ်က ရိုက်ကူးသော အဖေတခု၊ သားတခု ဇာတ်ကားမှာ ၁၉၂၁ ခုနှစ်က အမေရိကန်တွင် ထုတ်လုပ်ခဲ့သည့် ချက်လီချက်ပလင်၏ The Kid ဇာတ်ကားမှ ဇာတ်ဝင်ခန်းများကို ယူကာ ဖန်တီးပုံဖော်ထားခြင်းဖြစ်သည့်အတွက် ဇာတ်လမ်းမူပိုင်ခွင့်၊ ဇာတ်ညွှန်းမူပိုင်ခွင့်၊ ရုပ်ရှင်ကားမူပိုင်ခွင့် စသဖြင့် မူပိုင်ခွင့်များနှင့် ပတ်သက်၍ ထောက်ပြပြောဆိုမှုများ ရှိလာပြီး အဖေတခု၊ သားတခု ဇာတ်ကား၏ မူပိုင်ခွင့်နှင့် ဖန်တီးထုတ်လုပ်မှုအပေါ် အသိအမှတ်ပြုမှု အပေါ် အမြင်အမျိုးမျိုး ထွက်ပေါ်လာခဲ့သည်။

မူပိုင်ခွင့်ဥပဒေများအရကြည့်မည်ဆိုလျှင် ချာလီချက်ပလင်၏ The Kid ဇာတ်ကားထွက်ပြီး နှစ်ပေါင်း ၅၀ ကျော်အကြာမှ အဖေတခု၊ သားတခု ထွက်လာခြင်းဖြစ်ပြီး ယခုသားချော ဇာတ်ကားမှာလည်း အဖေတခု၊ သားတခု ထွက်ရှိပြီး နှစ် ၅၀ ခန့်အကြာမှ ထွက်ရှိလာခြင်းလည်း ဖြစ်နေသည်။

ချာလီချက်ပလင်၏ The Kid ဇာတ်ကားကို နှစ်ပေါင်း ၁၀၀ ကျော်အတွင်း အခြားနိုင်ငံများတွင်လည်း ရိုက်ကူးထုတ်လွှင့်ခဲ့ကြသည့် ရုပ်ရှင်များလည်းရှိကြောင်း သိရှိရသည်။

အချို့မှာ တိုက်ရိုက် Remake လုပ်ထားခြင်း၊ ဇာတ်လမ်းအယူအဆ၊ ဇာတ်ကောင်ဆက်ဆံရေးကို ထင်ရှားစွာ မှီငြမ်းထားခြင်းများကို တွေ့ရှိခြင်း၊ The Kid ၏ အဓိကအကြောင်းအရာဖြစ်သည့် မိဘမဲ့ ကလေးတစ်ဦးကို ဆင်းရဲသား အမျိုးသားတစ်ဦးက ပြုစုပျိုးထောင်ပြီး နောက်ပိုင်းတွင် ကလေးကို ပျိုးထောင်သူ ဖခင်နှင့် ခွဲထုတ်ဖို့ ကြိုးစားခြင်းစသည့် ဇာတ်လမ်းအကြောင်းကို မှီငြမ်းကိုးကားမှုများ ရှိခဲ့သည်။

The Kid ဇာတ်ကားကို မှီငြမ်းထားသည့် နိုင်ငံတကာရုပ်ရှင်ဇာတ်ကားများစွာလည်း ရှိပြီး ဟောင်ကောင်တွင် ရိုက်ကူးသည့်The Kid (1999)၊ အိန္ဒိယရုပ်ရှင် Awaara (1951)၊ ဂျပန်ရုပ်ရှင် Kikujiro (1999)၊ Tokyo Godfathers (2003)၊ အီတလီရုပ်ရှင် Bicycle Thieves (1948) တို့သည် The Kid ရုပ်ရှင် နီးစပ်တူညီသည်ဟု သိရသည်။

သားချောရုပ်ရှင်သည် ''အဖေတခု၊ သားတခု"ကို ခိုးချသည်ဆိုပါက Plot များလည်း တူမှာဖြစ်ကြောင်း၊ စကားလုံးများ တူမည်ဆိုပါက ခိုးချသည်ဟု ပြော၍ မရသဖြင့် မှီငြမ်းသည်ဟုသာ ပြောရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာတွင်လည်း ရုပ်ရှင်များ မှီငြမ်းမှုရှိကြောင်း၊ အကယ်၍ "အဖေတခု၊ သားတခု" ရိုက်မယ်ဆိုလျှင် ခွင့်ပြုချက် မတောင်းစရာ မရှိဘူးဟု ဒါရိုက်တာ ကိုဇော်(အာရုဏ်ဦး)က ပြောကြားသည်။

"ကျွန်တော်က ခွင့်ပြုချက်မတောင်းဘူးဆိုတာက ကျွန်တော်က အဖေတခု သားတခုကို ရိုက်တာမဟုတ်ဘူး။ အဖေတစ်ခုသားတစ်ခု ပိုစတာနဲ့တူခြင်းမတူခြင်းဆိုတာလည်း အဖေနဲ့သားနဲ့ဆိုတာ ဒီလိုပုံစံတွေပဲထွက်မှာပဲ။ ဒါပေမဲ့လို့လည်းအခုလိုနားလည်မှုလွဲတာမျိုးက Respect မရှိတာလည်းမဟုတ်ပါဘူး။ မလေးစားလို့လည်း မဟုတ်ပါဘူး။ ကျွန်တော်တောင်းပန်ပါတယ်။ နားလည်မှုလွဲသွားရင် ကျွန်တော့်ဘက်ကတော့ အခုလိုမျိုး ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျွန်တော် ခွင့်ပြုချက်မယူလိုက်တာပါ။ အဲတာလည်း နားလည်မှုလွဲတာပါ။ နားလည်မှုလွဲတယ်ဆိုတာက အန်တီဒေါ်သန်းသန်းတို့ကိုလည်းတောင်းပန်ပါတယ်။ အဖေတခု သားတခုလိုပုံစံမျိုးရိုက်ချင်တယ်ဆိုလို့ အောင်ရဲလင်းက ပြောလို့ ရေးခိုင်းပြီးတော့ ယူလာတဲ့အခါကြတော့ ဦးဇော်က ဘာပြောလဲဆိုတော့ အဖေတခု သားတခုနဲ့တော့ တူလို့မရဘူး။ အဖေတစ်ခုသားတစ်ခုနဲ့တူလို့မရဘူးဆိုတာက ဟိုဟာက ကမ္ဘာကျော်ထားတဲ့ ကားလေ။ လူတကာရဲ့စိတ်ထဲမှာ ရှိနေပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့လို့ သူ့အတိုင်းရိုက်မယ်ဆိုရင် ဟိုဦးဇော်တို့က အပြောခံရမှာတွေ အများကြီးရှိတယ်။ တော်တော်များများခိုးချတယ်ဆိုရင် Plot တွေလည်း တူမယ်။ စကားလုံးတွေလည်းတူမယ်ဆိုရင်တော့ ဒါက ခိုးချတယ်လို့ပြောလို့ရတယ်။ မှီငြမ်းတယ်လို့ပဲ ပြောရမှာပေါ့။ ကျွန်တော်က ရုပ်ရှင်မှာကျတော့ အမြဲတမ်းမှီငြမ်းနေတာပဲ။ နိုင်ငံတကာမှာလည်း မှီငြမ်းတာကတော့ ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒါရိုက်ကြီးသာ ဟိုဒင်းလုပ်လို့မရတာ အကယ်၍သာ ကျွန်တော်က အဖေတခု သားတခုကို ရိုက်မယ်ဆိုရင်တော့ ခွင့်ပြုချက်မတောင်းစရာ အကြောင်းကို မရှိဘူး။ တောင်းကိုတောင်းရမယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ဒီကားအတိုင်းပဲ ပြောတာဆိုတာဆိုရင်တော့ ကျွန်တော်ခွင့် ပြုချက်တောင်းရမယ်။ မတောင်းဘဲနဲ့ကျွန်တော်လုပ်လို့မရဘူး။ အခုဟာက သက်သက်ဖန်တီး ထားတဲ့အတွက်ကြောင့်မို့လို့ သူတို့ကိုမပြောဖြစ်တာပါ။ ပိုစတာကလည်း အဖေတစ်ခုသားတစ်ခုနဲ့ တူခြင်းမတူခြင်း ဆိုတာကလည်း ဒီအဖေနဲ့သားနှစ်ယောက်ဒီလိုပုံတွေပဲထွက်မှာပဲ။ အဲလိုမျိုးကြီး လိုက်ပြောနေရင်တော့ ကျွန်တော်လည်းမပြောတက်တော့ဘူး" ဟု ပြောကြားသည်။

မြန်မာနိုင်ငံတွင် ရုပ်ရှင်ဇာတ်ကားများသာမက စတူဒီယိုခေတ် မတိုင်မီမှ စ၍ မြန်မာသီချင်းများစွာမှာလည်း နိုင်ငံတကာမှ သီချင်းများကို ကူးယူမှုများစွာပြုလုပ်ခဲ့ကြခြင်းဖြစ်ကြောင်း အချက်အလက်အထောက်အထားများအရ သိရသည်။ မကြာသေးမီကလည်း နာမည်ကျော် သီချင်းဖြစ်သည့် သွေးသစ္စာသီချင်းကို ကွယ်လွန်သူ တေးသံရှင် ထူးအိမ်သင်က တောခိုစဉ် ဖန်တီးရေးသားခဲ့ခြင်းဖြစ်သည်ဟု ပြောဆိုမှုများ ရှိခဲ့သော်လည်း တစ်ဖက်တွင်လည်း တေးရေး ဇာနည်စစ်သွေး၊ တေးဆို မေဂျွန်(ရွှေသံစဉ်)ဆိုထားသည့် စစ်သားသွေးနီ ရှေ့သို့ချီ ဆိုသည့် တပ်မတော် ဂုဏ်ပြုတေးသီချင်းတစ်ပုဒ်သည် လွန်ခဲ့သည့် နှစ်များစွာက ရှိခဲ့ကြောင်း ပြောကြားခဲ့ကြပြီး မူရင်းသီချင်းမှာ ဂျပန်သီချင်းဖြစ်ပြီး ကူးယူခဲ့ခြင်းဖြစ်သည်ဟု အချက်အလက်များအရ ထောက်ပြမှုများလည်း ရှိခဲ့သည်။

လတ်တလောတွင် ရုပ်ရှင်ကြည့်သူများနှင့် ရုပ်ရှင်ဝေဖန်သူများအကြား အငြင်းပွားဖွယ်ရာတစ်ခုအဖြစ် တည်ရှိနေသည့် သားချောဇာတ်ကားနှင့် ပတ်သက်၍ ''အဖေတခု၊ သားတခုကည်း စီစဉ်တဲ့သူတွေက သေကုန်ပါပြီ။ အဲဒီတုန်းကလည်း မှီငြမ်းကိုးကားတယ်လို့ တစ်ခွန်းမှ မပြောခဲ့ဘူး။ သူတို့ရဲ့ကိုယ်ပိုင် ဇာတ်လိုလိုပေါ့။ အခုလည်း ကိုဇော်(အာရုဏ်ဦး)ကို မှီငြမ်းကိုးကားတယ်ဆိုရင်လည်း ဒါဆိုရင် သူက အဖေတခု၊ သားတခုကို ကိုးကားတာမဟုတ်ဘဲ ရှေ့က ဇာတ်ကားတွေကို ကိုးကားလိုက်တာဖြစ်နိုင်တယ်။ အဲဒါနဲ့ ပတ်သက်ပြီး ကိုဇော်(အာရုဏ်ဦး)က မမှားပါဘူး။။ မှန်ပါတယ်။ အားလုံးကတော့ The Kid က စခဲ့တဲ့ ဇာတ်လမ်းပါပဲ။ တကယ်တော့ ဒီခေတ်က AI ခေတ်ပဲဖြစ်တယ်။ လွန်ခဲ့တဲ့ နှစ် ၅၀ ဇာတ်ကားလည်း အခုပြန်ရှာလို့ ရတယ်။ အဓိကကတော့ အခုချိန်မှာ လူတစ်ယောက်ရဲ့ ပြောစကားနဲ့လည်း ဘယ်ဟာမှ အမှန်ယူလို့ မရဘူး။ AI မှန်သလားဆိုရင် AI တစ်ခုတည်းမဟုတ်ဘဲ AI ပေါင်းစွာရဲ့ Check လုပ်ပြီးတော့ အချက်အလက်ကို ဆွဲထုတ်ယူရတာ The Kid က စခဲ့တယ်ဆိုတာ။ မြန်မာပြည်မှာက ရုပ်ရှင်တွေအပြင် သီချင်းတွေလည်း ခိုးချတယ်ဆိုပြီး အငြင်းပွားနေကြတယ်။ တကယ်တော့ မှီငြမ်းကိုးကားတာ များပါတယ်။ ဟိုတစ်ခါကလည်း သွေးသစ္စာနဲ့ ပတ်သက်ပြီး အငြင်းပွားကြတယ်။ အခုလည်း အဖေတခု၊ သားတခုနဲ့ ထပ်ဖြစ်ကြပြန်ပြီ။ ကျွန်တော်တို့ သုံးသပ်ချက်အရဆိုရင်လည်း ကိုဇော်(အာရုဏ်ဦး)ပြောတာ မမှားပါလဘူး။ ဒေါ်သန်းသန်း ပြောတဲ့အချက်ကို ငြင်းခုံစရာမလိုပါဘူး။ သူ့တို့ဘက်က ကြည့်ရင်လည်း မှန်ပါတယ်။ ရှေးခေတ်တုန်းက ကုမ္ပဏီ ငှားပြီး ထုတ်ကြရတာလည်း မှန်ပါတယ်။ ဒေါ်သန်းသန်း မိသားစု ပိုင်တဲ့ ရုပ်ရှင်ဆိုတာလည်း မှန်ပါတယ်။ဒါပေမဲ့ ဇာတ်လမ်း၊ ဇာတ်ညွှန်းကတော့ သူ မပိုင်လောက်ပါဘူး။ အဖေတခု၊ သားတခုကို ဖန်တီးခဲ့တဲ့ သူကလည်း The Kid ကို မှီငြမ်းပြီး လုပ်ခဲ့တယ်။ အဓိက အစစ်အမှန်ကတော့ ချက်လီချက်ပလင်ရဲ့ The Kid ပဲဖြစ်ပါတယ်။ ချာလီချက်ပလင်ရဲ့ The Kid ရုပ်ရှင်ဇာတ်ကားထွက်ပြီး နှစ် ၅၀ ကျော်တဲ့အချိန်မှာ အဖေတခု၊ သားတခု ပေါ်တယ်။ အဖေတခု၊ သားတခု ပေါ်ပြီး နှစ် ၅၀ ကြာတဲ့အချိန်မှာ သားချောပေါ်တယ်။ တစ်ခုနဲ့ တစ်ခုကလည်း တူစရာမရှိပါဘူး။ ခေတ်တွေက ပြောင်းသွားပြီ။ မှီငြမ်းကိုးကားတယ်ဆိုရင်လည်း မှီငြမ်းကိုးကားတာက အားလုံးပါပဲ။ ကိုဇော်(အာရုဏ်ဦး)ကလည်း အဖေတခု၊ သားတခုကို မှီငြမ်းပြီး သားချောကို လုပ်ခဲ့တယ်။ ဆိုတော့ မှီငြမ်း to မှီငြမ်းပါပဲ။ ဆိုလိုတဲ့အဓိပ္ပာယ်က ဒါက အငြင်းဖွယ် မရှိပါဘူး" ဟု မြန်မာ့ရုပ်ရှင်လောကသားတစ်ဦးက သုံးသပ်ပြောကြားသည်။

မူရင်းသတင်း — Eleven Media Group