
သထုံမြို့တွင် အမျိုးသမီးတစ်ဦး နေပူထဲ ဆိုင်ကယ်ဖြင့် သွားနေစဉ် သတိမေ့လဲကျရာမှ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း မြို့ခံများ၏ပြောကြားချက်များအရ သိရသည်။
ယမန်နေ့ အောက်တိုဘာလ (၇) ရက်နေ့ နံနက် (၁၁) နာရီဝန်းကျင်အချိန်ခန့်က သထုံမြို့ လေယာဉ်ကွင်းလမ်းရှိ စားသောက်ဆိုင်အနီးတွင် အမျိုးသမီးတစ်ဦး ဆိုင်ကယ်စီးနင်းလာရာမှ ဆိုင်ကယ်ရပ်လိုက်ရာ မထိန်းနိုင်ဘဲပြုတ်ကျပြီး သတိလစ်သွားခဲ့ခြင်းဖြစ်ကြောင်း မြို့ခံတစ်ဦးကပြောကြားသည်။
၎င်းကဆက်လက်ပြီး " အနီးအနားကလူတွေက အဲ့ဒီအမျိုးသမီးကို အိုးဝေသုံးဘီးပေါ်တင်ပြီး သထုံခရိုင်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ကြပေမယ့် သတိပြန်မလည်တော့ဘဲ သေဆုံးသွားတယ်လို့ သိရပါတယ်" ဟု ပြောကြားသည်။
ထိုအမျိုးသမီးမှာ သထုံမြို့နယ်၊ ပေါ်တော်မူကျေးရွာ၊ ဘုရားလမ်းတွင်နေထိုင်သော အသက် (၂၈) နှစ်ခန့် ရှိ အမျိုးသမီး တစ်ဦးဖြစ်ကြောင်း၊ ၎င်းမှာ မနက်ပိုင်းအချိန်ကတည်းက ခေါင်းကိုက်နေသည်ဟု ၎င်း၏ အိမ်သားးများအား ပြောဆိုခဲ့ကြောင်း နှင့် နေပူထဲ ဆိုင်ကယ်အား မောင်းနှင်လာစဉ် ယခုကဲ့သို့ သတိလစ်မေ့မျောသွားရာမှ သေဆုံးသွားခြင်းဖြစ်သည်ဟု သိရကြောင်း ၎င်းမြို့ခံက ဆိုသည်။
အောက်တိုဘာလ (၇) ရက်နေ့က မွန်ပြည်နယ်အတွင်း အမြင့်ဆုံး နေ့အပူချိန်မှာ ၃၆ ဒီဂရီ ဆဲလ်စီးယပ်အထိ ရှိခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ထုတ်ပြန်ချက်များအရ သိရသည်။
ကျန်းမာရေးဝန်ကြီးဌာနမှလည်း အပူချိန် မြင့်တက်နေသောကြောင့် အပြင်ထွက်သွားလာသူများ အထူးဂရုပြုကြရန် သတိပေးချက်များ ထုတ်ပြန်ထားသည်။