Eleven Media Group

ရန်ကုန်မြို့ကို ရေလုံလောက်စွာ ပေးဝေနိုင်ရေးအတွက် ကုက္ကိုလ်ဝနှင့် တိုးမြင့် ရေပေးဝေရေးစီမံကိန်းများ အကောင်အထည်ဖော်နေပြီး တရားမဝင် အဝီစိတွင်း တူးဖော်မှုများအား အရေးယူနေဟု စည်ပင်သာယာရေးဝန်ကြီး ပြောကြား

ရန်ကုန်မြို့ကို ရေလုံလောက်စွာ ပေးဝေနိုင်ရေးအတွက် ကုက္ကိုလ်ဝနှင့် တိုးမြင့် ရေပေးဝေရေးစီမံကိန်းများ အကောင်အထည်ဖော်နေပြီး တရားမဝင် အဝီစိတွင်း တူးဖော်မှုများအား အရေးယူနေသည်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်က ပြောကြားသည်။

ယနေ့ (အောက်တိုဘာ ၈ ရက်) ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွင် ဗဟန်းမြို့နယ် ကိုယ်စားလှယ်အမှတ် (၂) ဒေါ်ခိုင်ဆုရည်ဇော်၏ ရန်ကုန်တိုင်းဒေသကြီးအတွင်း မြေအောက်ရေ ထိန်းသိမ်းသုံးစွဲရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာမူဝါဒ/အစီအမံများနှင့်စပ်လျဉ်းသည့် မေးခွန်းအား ပြန်လည်ဖြေကြာရားတွင် ၏ည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်က ထိုသို့ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

ရန်ကုန်မြို့တော် ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ လူဦးရေ တိုးပွားလာသည့်အတွက် အိမ်ထောင်စုများ၏ သောက်သုံးရေနှင့် သုံးစွဲရေ လိုအပ်ချက် မြင့်မားလာသည့်အပြင် စက်မှုဇုန်များ၊ စီးပွားရေးလုပ်ငန်းများ များပြားလာသည့်အတွက် စက်ရုံ အလုပ်ရုံများ၏ မြေအောက်ရေ သုံးစွဲမှု များပြားလာသည်ကိုလည်း တွေ့ရှိရကြောင်း၊ ထိုသို့ ဒီမြေအောက်ရေသုံးစွဲမှုအား စနစ်တကျ ထိန်းသိမ်းမှုမရှိပါက မြေအောက်ရေသယံဇာတ ရေရှည်တည်တံ့ရေးကို ထိခိုက်စေမည်ဖြစ်ကြောင်း ဗဟန်းမြို့နယ် ကိုယ်စားလှယ်အမှတ် (၂) ဒေါ်ခိုင်ဆုရည်ဇော်က မေးခွန်းမေးမြန်းရာတွင် ထည့်သွင်းပြောကြားသည်။

မြေအောက်ရေ စနစ်တကျထုတ်ယူသုံးစွဲမှုကို ထိန်းသိမ်းမှုမရှိပါက မြေအောက်ရေ ခန်းခြောက်ခြင်း၊ မြစ်ဝကျွန်းပေါ် ဒေသများတွင် ရေငံဝင်ရောက်မှု များပြားခြင်း၊ မြေနိမ့်ဆင်းမှု ဖြစ်ပေါ်သည့်အတွက် အဆောက်အအုံများနှင့် အခြံအရံ အဆောက်အအုံများ ကျဆင်းစေနိုင်ကြောင်း၊ ထိုသို့ မြေအောက်ရေသုံးစွဲမှု ပိုမိုများပြားလာသည့်အတွက် ဇီဝမျိုးစုံ အဝန်းအဝိုင်းကိုပါ ထိခိုက်စေသည့် ဆိုးကျိုးများ၊ စိန်ခေါ်မှုများကို မြို့ပြနေ ပြည်သူများ တွေ့ကြုံခံစားရမည်ဖြစ်ကြောင်း ဒေါ်ခိုင်ဆုရည်ဇော်က ပြောကြားသည်။

ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်မှုဇုန်များ၊ စီးပွားရေးလုပ်ငန်းများနှင့် အိမ်ထောင်စုများ၏ မြေအောက်ရေ ထုတ်ယူသုံးစွဲမှုကို စနစ်တကျ ကြီးကြပ်စစ်ဆေးခြင်း၊ ရေမီတာစနစ်များ တပ်ဆင်ခြင်းနှင့် တရားမဝင် မြေအောက်အဝီစိတွင်း တူးဖော်မှုများကို အရေးယူဆောင်ရွက်နေသည့်အခြေအနေအား သသိရှိလိုကြောင်းနှင့် တိုင်းဒေသကြီးအတွင်း မြေအောက်ရေ ပမာဏနှင့် အရည်အသွေး ထိန်းသိမ်းနိုင်ရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့က မည်ကဲ့သို့သော ရေရှည်စီမံကိန်းများ၊ မူဝါဒများ ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်နေသည်ကို သိရှိလိုကြောင်း ဒေါ်ခိုင်ဆုရည်ဇော်က မေးမြန်းခဲ့သည်။

ထိုသို့ မေးမြန်းမှုအပေါ် စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်က ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေဖြင့် လှော်ကားရေလှောင်ကန်၊ ဂျိုးဖြူရေလှောင်ကန်၊ ဖူးကြီးရေလှောင်ကန်၊ ငမိုးရိပ် ရေသန့်စင်စက်ရုံ အဆင့် (၁)၊ လဂွန်းပြင် ရေသန့်စင်စက်ရုံတို့အပြင် သဲဖြူနှင့် ရန်ကုန်ပေါက် မြေအောက်ရေပေးဝေရေးစခန်းတို့မှ ရန်ကုန်မြို့နေ ပြည်သူများကို သန့်ရှင်းသော ရေဂါလန် ၂၄၀ သန်းခန့် ပေးဝေလျက်ရှိကြောင်း ပြောကြားသည်။

ထို့ပြင် မြေအောက်ရေအားဖြင့် အဝီစိတွင်းများ၊ ရေတွင်းများ၊ အဝီစိကန်များ အသုံးပြု၍လည်း ဖြန့်ဝေပေးလျက်ရှိကြောင်း စည်ပင်သာယာရေးဝန်ကြီးက ပြောကြားသည်။

မြေအောက်ရေ အလွန်အကျွံထုတ်ယူသုံးစွဲမှုကြောင့် မြေအောက်ရေခန်းခြောက်ခြင်း၊ ရေငံဝင်ရောက်ခြင်း၊ မြေနိမ့်ဆင်းခြင်းများနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်းများ ဖြစ်ပေါ်နိုင်သည့်အတွက် ရန်ကုန်မြို့၏ မြေအောက်ရေသုံးစွဲမှု လျှော့ချသွားစေရန် ရန်ကုန်မြို့ကို ရေလုံလောက်စွာ ပေးဝေနိုင်ရေးအတွက် အနာဂတ် ရေပေးဝေရေးစီမံကိန်းများဖြစ်သည့် ကုက္ကိုဝ ရေပေးဝေရေးစီမံကိန်းနှင့် တိုးမြင့် ရေပေးဝေရေးစီမံကိန်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း စည်ပင်သာယာရေးဝန်ကြီးက ပြောကြားသည်။

ရန်ကုန်မြို့ကို ရေလုံလောက်စွာ ပေးဝေနိုင်ပါက မြေအောက်ရေသုံးစွဲမှုကို ထိရောက်စွာ လျှော့ချနိုင်ရေးအတွက် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ထိန်းသိမ်းဆောင်ရွက်နိုင်ရန် အစီအစဉ်များ ချမှတ်ပြီးဖြစ်ကြောင်းနှင့် လက်ရှိ တရားမဝင် တူးဖော်မှုများကိုလည်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်က ပြောကြားသည်။

မူရင်းသတင်း — Eleven Media Group