Eleven Media Group

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင် ၁၀ ခုတွင် ခွင့်ပြုချက်မဲ့အဆောက်အအုံ ၂၇၈၂ ခုကို အရေးယူထား

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင် ၁၀ ခုတွင် ခွင့်ပြုချက်မဲ့အဆောက်အအုံ ၂၇၈၂ ခုကို အရေးယူဆောင်ရွက်ထားရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်က ပြောကြားသည်။

ယနေ့ (အောက်တိုဘာ ၈ ရက်) ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် ပုဇွန်တောင်မြို့နယ် ကိုယ်စားလှယ်အမှတ် (၂) ဦးစိုးမြင့်၏ အင်းစိန်မြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ လှိုင်မြို့နယ်၊ စမ်းချောင်းမြို့နယ် စသည်တို့မှာ ခွင့်ပြုချက်၊ လိုင်စင်မဲ့ အထပ်မြင့်အဆောက်အအုံများ ဆောက်လုပ်နေခြင်းကို မည်သို့အရေးယူမည်နည်းဆိုသည့်မေးခွန်းအား ပြန်လည်ဖြေကြားရာတွင် စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်က ထိုသို့ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေဖြင့် အထပ်မြင့်အိမ်ရာ ဆောက်လုပ်လိုသူများကို စနစ်တကျစိစစ်၍ မြို့တော်အင်္ဂါရပ်နှင့် ညီညွတ်စေရန်အတွက် အထပ်မြင့်အဆောက်အအုံများကို တည်ဆောက်လုပ်ကိုင်ခွင့်ပေးလျက်ရှိပြီး တရားဝင် ကန်ထရိုက်တာလိုင်စင်များ ဝင်ငွေခွန် ပေးသွင်းလျက် ဆောက်လုပ်နေသည်ကိုလည်း များစွာတွေ့မြင်ရမည်ဖြစ်ကြောင်း ပုဇွန်တောင်မြို့နယ် ကိုယ်စားလှယ်အမှတ် (၂) ဦးစိုးမြင့်က မေးခွန်းမေးမြန်းစဉ် ထည့်သွင်းပြောကြားသည်။

သို့သော်လည်း ​ထိုကဲ့သို့ ဆောက်လုပ်နေသည်များကို အခွင့်အရေးယူကာ တရားဝင်လိုင်စင်မရှိသူများက တရားဝင်လိုင်စင်ရှိသူများကဲ့သို့ အင်းစိန်၊ မရမ်းကုန်း၊ သင်္ဃန်းကျွန်း၊ လှိုင်၊ စမ်းချောင်း စသည့်မြို့နယ်များတွင် ခွင့်ပြုချက်မဲ့၊ လိုင်စင်မဲ့ အဆောက်အအုံများစွာ ဆောက်လုပ်နေသည်ကို မြို့နယ်ပြည်သူများ၏ တိုင်တန်းချက်အရ ယခုကဲ့သို့ မေးခွန်း‌ မေးမြန်းရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

​ယခင်လများကလည်း စမ်းချောင်းမြို့နယ်တွင် ခွင့်ပြုချက်မဲ့အဆောက်အအုံများ ဆောက်လုပ်ထားသည်ကို တွေ့ရှိရပြီး အရေးယူဆောင်ရွက်ထားသည်ကို တွေ့ရှိရကြောင်း၊ ​၎င်းအဆောက်အအုံများကို ဗွီနိုင်းအနီများဖြင့် လူနေထိုင်ရန် မသင့်ဟူသော ဆိုင်းဘုတ်များ လာရောက်ကပ်သည်ကို တွေ့ရှိရကြောင်း ၎င်းက ဆိုသည်။

ထိုကဲ့သို့ ဗွီနိုင်းအနီများ လာရောက်ကပ်ပါက ရန်ကုန်မြို့တော်ကြီးသည် မြို့အင်္ဂါရပ်နှင့် မညီညွတ်တော့ဘဲ မြင်ရသူများအတွက်လည်းကောင်း၊ ကြိုပွိုင့်ဖြင့် အခန်းဝယ်ယူထားသူများအတွက်လည်းကောင်း၊ မြေပိုင်ရှင်များအနေဖြင့်လည်းကောင်း စိတ်နှလုံးမသာမယာ ဖြစ်၍ ၎င်းတို့ အချင်းချင်း အမှုအခင်း၊ တရားတဘောင်နှင့် ရင်ဆိုင်ကြရကြောင်း ဦးစိုးမြင့်က ပြောကြားသည်။

"လူနေထိုင်ရန်မသင့်ဟူသော ဗွီနိုင်းအနီများကြောင့်ဖြစ်ပါတယ်"ဟု ဦးစိုးမြင့်က ပြောကြားသည်။

ထို့ကြောင့် အင်းစိန်မြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ လှိုင်မြို့နယ်၊ စမ်းချောင်းမြို့နယ် စသည်တို့မှာ ခွင့်ပြုချက်၊ လိုင်စင်မဲ့ အထပ်မြင့်အဆောက်အအုံများ ဆောက်လုပ်နေခြင်းကို မည်သို့အရေးယူမည်နည်းဟု ၎င်းက မေးမြန်းခဲ့သည်။

ထိုသို့ မေးမြန်းမှုအပေါ် စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်က ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နမိတ်အတွင်း ခွင့်ပြုချက်မဲ့ အဆောက်အအုံများကို ဆောက်လုပ်လျက်ရှိသည့် လိုင်စင်မဲ့ကန်ထရိုက်တာနှင့် မြေရှင်များကို စည်ပင်သာယာရေးကော်မတီ ဥပဒေ ၂၀၁၈ ပုဒ်မ ၃၂၄၊ ၃၁၂ (က) အရ ပထမဦးစွာ စာတိုင် (၅) ဖြင့် တရားစွဲဆို၍ ဒဏ်ငွေချမှတ်ကြောင်း ပြောကြားသည်။

ယင်းအချက်အား လိုက်နာဆောင်ရွက်မှုမရှိပါက မြို့နယ်ဥပဒေအရာရှိထံ ဥပဒေအကြံပြုချက်ရယူ၍ ထပ်မံပြီး စာတိုင် (၆) ဖြင့် ဆက်လက်အရေးယူဆောင်ရွက်ပါကြောင်း၊ ထိုသို့ဆောင်ရွက်သည့်အခါ ထောင်ဒဏ်ကျခံရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ခွင့်ပြုချက်မဲ့ အဆောက်အအုံများကို ဆက်လက်ဆောက်လုပ်ခြင်း မရှိစေဖို့နဲ့ အများပြည်သူ သိရှိနိုင်ဖို့အတွက် တားမြစ်ဆိုင်းဘုတ်အနီများ တပ်ဆင်ထားပြီးဖြစ်ကြောင်း ၎င်းက ဆိုသည်။

"​ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းမှာ ကျွန်တော်တို့ တင်ပြပါအတိုင်း ခရိုင်အလိုက် ခွင့်ပြုချက်မဲ့ ဆောက်လုပ်၊ ပြင်ဆင်တဲ့ အဆောက်အအုံများကို ဒါ ကျွန်တော်တို့ ၂၀၂၁ ခုနှစ်ကနေပြီးတော့ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့အထိ ကျွန်တော်တို့ အရေးယူထားတဲ့ စာရင်းဖြစ်ပါတယ်။ စုစုပေါင်း ခရိုင် (၁၀) ခုမှာ အဆောက်အအုံပေါင်း အားလုံးပေါင်း ၂,၇၈၂ ခု ဖြစ်ကြောင်း ကျွန်တော်တို့ တင်ပြအပ်ပါတယ်။

​ဒါကိုလည်း ကျွန်တော်တို့ စည်ပင်သာယာရေးဥပဒေနဲ့အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း တင်ပြအပ်ပါတယ်"ဟု စည်ပင်သာယာရေးဝန်ကြီးက ပြောကြားသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ခွင့်ပြုချက်မဲ့ အဆောက်အအုံများ ထပ်မံဆောက်လုပ်မှုမရှိစေရေးအတွက် ခွင့်ပြုချက်မဲ့အဆောက်အအုံများ ကြိုတင်စိစစ် တားဆီးဖျက်သိမ်းရှင်းလင်းရေးအဖွဲ့ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၆ ရက် ဖွဲ့စည်း၍ ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း စည်ပင်သာယာရေးဝန်ကြီးက ပြောကြားသည်။

မူရင်းသတင်း — Eleven Media Group