
နေပြည်တော်၊ အောက်တိုဘာ ၉
နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင် ၏ မလေးရှားခရီးစဉ်အတွင်း မလေးရှားဝန်ကြီးချုပ် မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီး လာရောက်ရန် ဖိတ်ခေါ်ခဲ့သည်။
နှစ်နိုင်ငံသတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင် က အဆွေတော် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတို ဆရီ အန်နဝါ ဘင် အီဘရာဟင် နဲ့ နှစ်ဖက်ကိုယ်စားလှယ်များ၊ မီဒီယာအဖွဲ့ဝင်များ အားလုံးမင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေကြောင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော့်အနေနဲ့ မလေးရှားနိုင်ငံဝန်ကြီးချုပ်ရဲ့ ဖိတ်ကြားချက်အရ တရားဝင်ခရီးစဉ် လာရောက်ခဲ့ခြင်း ဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ပြီးတဲ့ နောက်ပိုင်းမှာ ပထမ ဦးဆုံး မလေးရှားနိုင်ငံခရီးစဉ် ဖြစ်ပေမယ့် အာဆီယံနိုင်ငံကို သွားတာတော့ ပဉ္စမမြောက်နိုင်ငံခရီးစဉ်လည်း ဖြစ်ပါတယ်။
မလေးရှားနိုင်ငံကို ကျွန်တော် အရင်တုန်းက သုံးကြိမ်ရောက်ခဲ့ဖူးပါတယ်။ တပ်မတော်မှာ တာဝန်ထမ်းဆောင်စဉ် သုံးကြိမ်ရောက်ခဲ့ဖူးပါတယ်။ အခုခရီးစဉ်မှာ မလေးရှားနိုင်ငံရဲ့ တိုးတက်မှုတွေ၊ သာယာလှပမှုတွေ၊ ကွာလာလမ်ပူရဲ့ သာယာလှပမှုတွေ၊ တက်ကြွစွာ လှုပ်ရှားနေတာတွေ တွေ့ရတဲ့အခါမှာ အရင်ကလာခဲ့တဲ့အကြိမ်ထက်များစွာ ပြောင်းလဲတာကို တွေ့ရှိရပါတယ်။ ဒီအတွက်လည်း မလေးရှားနိုင်ငံကို ချီးကျူးပါကြောင်း ကျွန်တော် ပြောလိုပါတယ်။
ကျွန်တော်တို့ နှစ်နိုင်ငံ ဆက်ဆံရေးဟာလာမယ့် ၂၀၂၈ ခုနှစ် ဆိုရင် နှစ် ၇၀ ပြည့်တော့မှာ ဖြစ်ပါတယ်။ ဒီအတွက်လည်း မလေးရှားနိုင်ငံ ဝန်ကြီးချုပ်နဲ့ နှစ်နိုင်ငံအထိမ်းအမှတ်အခမ်းအနားတွေ ဒီထက်ပိုပြီး ဆောင်ရွက်နိုင်ဖို့အတွက်လည်း ဆွေးနွေးနိုင်ခဲ့ပါတယ်။
ကျွန်တော်တို့ နှစ်နိုင်ငံဟာ ကိုလိုနီလက်အောက်မှာ အတူကျရောက်ခဲ့တဲ့ နိုင်ငံတွေဖြစ်ပါတယ်။ အရှေ့တောင်အာရှ ကျွန်းဆွယ်နိုင်ငံတွေဖြစ်ပြီးတော့ နီးကပ်တဲ့ ဆက်ဆံရေးလည်း ရှိပါတယ်။ ဒါ့အပြင်လည်း မြန်မာနိုင်ငံအာဆီယံ အဖွဲ့ဝင်နိုင်ငံဖြစ်ရေးအတွက်လည်း ၁၉၉၇ ခုနှစ်မှာ မလေးရှားနိုင်ငံကနေ စတင်ထောက်ခံ စည်းရုံးဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်အာဆီယံနိုင်ငံထဲမှာလည်း ကာလရှည်ကြာစွာ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ မိတ်ဖက်နိုင်ငံတွေ ဖြစ်ကြောင်း ကျွန်တော်တို့ ပြောလိုပါတယ်။
ဒီနေ့ ကျွန်တော်တို့ နှစ်နိုင်ငံဆွေးနွေးပွဲက နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာစေဖို့နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဆောင်ရွက်နိုင်ဖို့အတွက်လည်း အထောက်အကူပြုလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ကဏ္ဍပေါင်းစုံ သုံးသပ်ခဲ့ပြီးတော့မှ လက်တွေ့ ပူးပေါင်းဆောင်ရွက်မယ့် နယ်ပယ်တွေကိုလည်း ကျွန်တော်တို့ ဆွေးနွေးနိုင်ခဲ့ပါတယ်။
အထူးသဖြင့် လွှတ်တော်အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေး၊ စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု၊ စိုက်ပျိုးမွေးမြူရေး၊ သိပ္ပံနှင့် နည်းပညာ၊ မူးယစ်ဆေးဝါးနှင့် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေး၊ လူ့စွမ်းအားအရင်းအမြစ်၊ ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုနယ်ပယ်တွေကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ဖို့ အလားအလာ တွေလည်း ဆွေးနွေးနိုင်ခဲ့ပါတယ်။
အဆွေတော်နဲ့ နှစ်ဖက်ကိုယ်စားလှယ်များ၊ မီဒီယာများ ခင်ဗျား...
မလေးရှားနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ ကုန်သွယ်ဖက်နိုင်ငံတွေထဲမှာ အဆင့် ၄ နဲ့ ရင်းနှီးမြှုပ်နှံမှုမှာ အဆင့် ၉ ရှိနေပါတယ်။ အခုခရီးစဉ်အတွင်းမှာ နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်တွေကြားမှာ ပူးပေါင်း ဆောင်ရွက်နိုင်ခြင်းက နှစ်နိုင်ငံကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်နိုင်မယ့် အခွင့်အရေးဖြစ်တယ်လို့ ပြောချင်ပါတယ်။ အခုကျွန်တော်တို့ ဆွေးနွေးမှုအတွင်းမှာလည်း နှစ်နိုင်ငံ အဓိကမဏ္ဍိုင်ဖြစ်တဲ့ စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကိုလည်း အလေးထားပြီး ဆွေးနွေးနိုင်ခဲ့ပါတယ်။
အလားတူပါပဲ နှစ်နိုင်ငံကုန်သွယ်မှု တိုးမြှင့်နိုင်ဖို့အတွက်လည်း စိုက်ပျိုးရေး၊ ရေထွက်ပစ္စည်း၊ အထည်အလိပ်နဲ့ အစားအစာကဏ္ဍ၊ တန်ဖိုးမြှင့်ပစ္စည်းထုတ်လုပ်ရေး၊ ကုန်သွယ်မှု အဟန့်အတားတွေ လျှော့ချပြီး နှစ်နိုင်ငံဈေးကွက် အပြန်အလှန်ဝင်ရောက်ရေးနဲ့ ကမ္ဘာ့ Halal ဈေးကွက်ကို အတူတကွဝင်ရောက်နိုင်ဖို့အတွက်လည်း တွန်းအားပေးဆောင်ရွက်သွားမှာလည်း ဖြစ်ပါတယ်။ အထူးသဖြင့် စိုက်ပျိုးရေးနဲ့ အခြေခံအဆောက်အအုံကဏ္ဍမှာ မလေးရှားနိုင်ငံရဲ့ နည်းပညာနဲ့ ရင်းနှီးမြှုပ်နှံမှုကို ကြိုဆိုပါကြောင်းနဲ့ ဆီအုန်းနဲ့ရော်ဘာ၊ စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာကဏ္ဍမှာလည်း ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်သွားဖို့လည်း ကျွန်တော်တို့ ဆွေးနွေးနိုင်ခဲ့ပါတယ်။
ဒါ့အပြင် MSME လုပ်ငန်းတွေကြားမှာ ချိတ်ဆက်မှုနဲ့ ဒီဂျစ်တယ်စီးပွားရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း မြှင့်တင်သွားမှာ ဖြစ်ပါတယ်။ စီးပွားရေး၊ ကူးသန်းရောင်းဝယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုကို အထောက်အကူပြုနိုင်ဖို့အတွက် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ပိုမိုခိုင်မာစေဖို့အတွက် နှစ်နိုင်ငံလေကြောင်းလိုင်း တိုးချဲ့ ပျံသန်းရေး ကိစ္စတွေကိုလည်း အပြုသဘော ကျွန်တော်တို့ ဆွေးနွေးနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ နှစ်နိုင်ငံရဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်းဟာ နှစ်နိုင်ငံ ပြည်သူတွေအတွက် တကယ်လက်တွေ့ကျတဲ့ စီးပွားရေးအကျိုးအမြတ်တွေနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကို ဖန်တီးပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒီလိုအခွင့်အလမ်းကောင်းတွေရှိတဲ့ မြန်မာနိုင်ငံမှာ မလေးရှားနိုင်ငံရဲ့ နယ်ပယ်ကဏ္ဍစုံက စီးပွားရေးလုပ်ငန်းရှင်တွေ လာရောက်ရင်းနှီးမြှုပ်နှံဖို့လည်း ကျွန်တော်ဖိတ်ခေါ်လိုပါတယ်။ နှစ်နိုင်ငံကြားမှာ ဗီဇာကင်းလွတ်ခွင့်နဲ့ တိုက်ရိုက် လေကြောင်းဆက်သွယ်မှုတွေ ရှိနေတာကိုအခြေခံပြီး နှစ်နိုင်ငံအကြား ခရီးသွားလာမှု၊ ယဉ်ကျေးမှုဖလှယ်ရေးနဲ့ ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုတွေကို တိုးမြှင့်နိုင်မယ့် အလားအလာတွေလည်း ရှိနေပါတယ်။
အဆွေတော် ဝန်ကြီးချုပ်နဲ့ နှစ်ဖက်ကိုယ်စားလှယ်များ၊ မီဒီယာ အဖွဲ့ဝင်များ ခင်ဗျား...
အခုလို တွေ့ဆုံဆွေးနွေးမှုအတွင်းမှာ နှစ်နိုင်ငံကြားမှာ အင်မတန် အရေးပါတဲ့ အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်မှုနဲ့ မြန်မာအလုပ်သမားတွေရဲ့ ရပိုင်ခွင့်ဆိုင်ရာကိစ္စရပ်တွေကိုလည်း ကျွန်တော်တို့ အဓိကထားပြီး အလေးပေးဆွေးနွေးနိုင်ခဲ့ပါတယ်။ မလေးရှားနိုင်ငံရဲ့ စီးပွားရေးနဲ့အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ပေးလျက်ရှိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများရဲ့ အခန်းကဏ္ဍကိုလည်း အသိအမှတ်ပြုပါကြောင်းနဲ့ သူတို့ရဲ့လုပ်ငန်း ခွင်ဘေးအန္တရာယ်လုံခြုံရေး၊ ရသင့်ရထိုက်တဲ့ အခွင့်အရေးနဲ့ အကာအကွယ်များရရှိဖို့၊ လူမှုဖူလုံရေးနဲ့စောင့်ရှောက်မှုတွေ ပိုမိုကောင်းမွန် လာစေဖို့အတွက်လည်း မလေးရှားအစိုးရနဲ့ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားဖို့ သဘောတူညီခဲ့ပါတယ်။
ဒါ့အပြင် အလုပ်သမားတွေ တရားဝင်လမ်းကြောင်းကနေတစ်ဆင့် လာရောက်ပြီးတော့မှ စနစ်တကျလုပ်ကိုင်နိုင်ဖို့၊ ခေါင်းပုံဖြတ်ခံရမှုကနေ ကာကွယ်နိုင်ဖို့၊ ဗီဇာနဲ့အလုပ်လုပ်ကိုင်ခွင့်ပါမစ်ဆိုင်ရာ ကိစ္စတွေ ချောမွေ့စေဖို့၊ နှစ်နိုင်ငံ အလုပ်သမားသဘောတူညီချက် MoU များအတိုင်း ထိရောက်စွာ အကောင်အထည်ဖော်ဖို့လည်း ကျွန်တော်တို့ ဆွေးနွေးခဲ့ပါတယ်။ မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်း ရေးစခန်းတွေမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေကို နိုင်ငံသားစိစစ်ပြီးတော့ မြန်မာနိုင်ငံသားအဖြစ် အတည်ပြုထားတဲ့ သူတွေကိုလည်း ပြန်လည်ခေါ်ဆောင်ရေး ဆွေးနွေးနိုင်ခဲ့ပါတယ်။ ဒီလိုစိစစ် ပြီးတဲ့သူများကိုလည်း အမြန်ဆုံးခေါ်နိုင်ဖို့အတွက် ကျွန်တော်စီစဉ် ဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်း ပြောလိုပါတယ်။ ဒီအချိန်က ရာသီဥတုကောင်းမွန်တဲ့ အချိန်ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော့်တပ်မတော်(ရေ)က သင်္ဘောတွေ စေလွှတ်ပြီးတော့မှ အမြန်ဆုံးခေါ်ဆောင်သွားမှာဖြစ်ကြောင်းလည်း ကျွန်တော်ပြောလိုပါတယ်။ ဒီအတွက် မလေးရှားအစိုးရအနေနဲ့လည်း ဒါကိုခွင့်ပြုပေးနိုင်ဖို့အတွက်လည်း မေတ္တာရပ်ခံလိုပါတယ်။ ကျွန်တော့်ရဲ့ ကိုယ်စားလှယ်အဖွဲ့မှာပါလာတဲ့ အလုပ်သမားဝန်ကြီးလည်း မလေးရှားနိုင်ငံ အလုပ်သမားဝန်ကြီးနဲ့ တွေ့ဆုံဆွေးနွေးနိုင်ခဲ့မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ မလေးရှားနိုင်ငံမှာ ရောက်ရှိလုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားများရဲ့ လုပ်အားနဲ့ ကြိုးပမ်းမှုတွေဟာ နှစ်နိုင်ငံစလုံးရဲ့ စီးပွားရေးရဲ့ ချစ်ကြည်ရင်းနှီးမှုအတွက် များစွာအဓိကကျပြီး မလေးရှားအစိုးရရဲ့ ကူညီစောင့်ရှောက်မှုများအတွက်လည်း ကျေးဇူးတင်ရှိကြောင်းလည်း ကျွန်တော် ပြောလိုပါတယ်။
အဆွေတော် ဝန်ကြီးချုပ်နဲ့ နှစ်ဖက်ကိုယ်စားလှယ်များ၊ မီဒီယာအဖွဲ့ဝင်များ ခင်ဗျား...
မြန်မာနိုင်ငံမှာ အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းရာဇဝတ်မှုနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတွေကိုလည်း အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ်သတ်မှတ်ပြီးတော့မှ Zero tolerance အဖြစ်ချမှတ်ပြီး ဆောင်ရွက်နေပါတယ်။ အခုဆွေးနွေးမှုတွေအတွင်းမှာလည်း ကျွန်တော်တို့ ဒေသတွင်းနဲ့ နှစ်နိုင်ငံစလုံးရဲ့ လုံခြုံရေး၊ တည်ငြိမ်ရေးနဲ့ ပြည်သူများရဲ့ လူမှုစီးပွားဘဝကြီးမားစွာ ခြိမ်းခြောက်နေတဲ့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးနဲ့ အွန်လိုင်းလိမ်လည်မှုများ တိုက်ဖျက်ရေးတို့ကိုလည်း အထူးအလေးထားပြီး အနီးကပ်ပူးပေါင်းဆောင်ရွက်သွားကြဖို့အတွက် သဘောတူညီခဲ့ကြပါတယ်။ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများဖြစ်တဲ့ မူးယစ်ဆေးဝါး တရားမဝင်ထုတ်လုပ်မှု၊ သယ်ဆောင်မှု၊ ရောင်းဝယ်မှုတွေကိုလည်း ထိရောက်စွာ တားဆီးနိုင်ဖို့အတွက် သတင်းအချက်အလက်ဖလှယ်မှုနဲ့ တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများအကြားမှာ ချိတ်ဆက်ဆောင်ရွက်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းများကို မြှင့်တင်သွားမှာဖြစ်ပါတယ်။
ဒါ့အပြင် ပြည်သူတွေကြားမှာ ဒုက္ခပေးနေတဲ့ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေနဲ့ ဆိုက်ဘာရာဇဝတ်မှု ကွန်ရက်တွေကိုလည်း အမြစ်ပြတ်ချေမှုန်းနိုင်ဖို့အတွက် နှစ်နိုင်ငံရဲတပ်ဖွဲ့ဝင်များအကြား၊ လုံခြုံရေးအဖွဲ့ဝင်များအကြား အချိန်နဲ့တစ်ပြေးညီ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပြီးတော့ လူကုန်ကူးမှုတွေကနေ ကာကွယ်တားဆီးရေးနဲ့ ဘေးကင်းစွာ ကယ်တင်စောင့်ရှောက်ရေး ကိစ္စတွေကိုလည်း အပြုသဘော ဆွေးနွေးနိုင်ခဲ့ပါတယ်။ မူးယစ်ဆေးဝါးနဲ့ အွန်လိုင်းလိမ်လည်မှု ကင်းစင်ပြီး လုံခြုံစိတ်ချရတဲ့ ဒေသပတ်ဝန်းကျင်တစ်ခု ဖန်တီးနိုင်ဖို့အတွက် မလေးရှားနိုင်ငံနဲ့အတူလက်တွဲပြီး တက်ကြွစွာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း အာမခံပြောကြားလိုပါတယ်။ မြန်မာနိုင်ငံတွင်းမှာ အခက်အခဲကြုံနေရတဲ့ မလေးရှားနိုင်ငံသားတွေ ကိုလည်း ကူညီပေးပြီး နေရပ်ပြန်လည်ပို့ဆောင်ရေး ဆောင်ရွက်ပေးလျက်ရှိတဲ့အတွက် နှစ်နိုင်ငံနိုင်ငံသားတွေနဲ့ သက်ဆိုင်တဲ့ လူဝင်မှုကြီးကြပ်ရေး၊ အလုပ်သမားရေးရာ၊ နေရပ်ပြန်လည်ပို့ဆောင်ရေးနဲ့ ကူညီကယ်ဆယ်ရေးကိစ္စတွေကိုလည်း အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ဖို့၊ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက်လည်း ကျွန်တော်တို့ ဆွေးနွေးနိုင်ခဲ့ကြပါတယ်။
အဆွေတော် ဝန်ကြီးချုပ်နဲ့ နှစ်ဖက်ကိုယ်စားလှယ်များ၊ မီဒီယာ အဖွဲ့ဝင်များ ခင်ဗျား...
ကျွန်တော့်ရဲ့ အခုခရီးစဉ်ကနေတစ်ဆင့် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန်နားလည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှု တွေကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ကျွန်တော့်အနေနဲ့ မလေးရှားနိုင်ငံ အစိုးရ၊ ပြည်သူ များနှင့်အတူ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်လာစေဖို့ လက်တွဲဆောင်ရွက်သွားမှာဖြစ်တယ်လို့ ထပ်လောင်းဆန္ဒပြုပါတယ်။ အခါအခွင့်ကြုံတဲ့အချိန်မှာလည်း မလေးရှားနိုင်ငံ အဆွေတော်ဝန်ကြီးချုပ်ကိုလည်း မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီး လာရောက်ဖို့ ကျွန်တော်ဖိတ်ကြားခဲ့ပါကြောင်း အသိပေးလိုပါတယ်။
#News #Myanmar