Myanmar National Post

ပြင်သစ် ကျောင်းသားဆန္ဒပြပွဲတွေကို အမေရိကန်သမ္မတ ထရမ့် ဝေဖန်



အောက်တိုဘာ - ၈ ( ကြာသပတေးနေ့ ) 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြင်သစ်မှာဖြစ်ပွားနေတဲ့ ကျောင်းသားတွေရဲ့ အကြမ်းဖက် ဆန္ဒပြမှုတွေဟာ နိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေး မူဝါဒတွေကြောင့် ဖြစ်ရတာလို့ ပြစ်တင်ဝေဖန်လိုက်ပြီး၊ အစ္စလာမ်ဘာသာဟာ တစ်ချိန်က အလွန်ကြီးကျယ်ခဲ့တဲ့ နိုင်ငံတစ်ခုကို လွှမ်းမိုးချုပ်ကိုင်ဖို့ ကြိုးစားနေတာ လို့ပြောဆိုပြီး ကျောင်းအခြေအနေ မကောင်းတာနဲ့ ဆရာ/ဆရာမ မလုံလောက်မှုတွေကြောင့် ဆန္ဒပြရတာပါဆိုတဲ့ ဆန္ဒပြသူတွေရဲ့ ပြောဆိုချက်ကို ငြင်းပယ်လိုက်ပါတယ်။

စက်တင်ဘာလလယ်မှာ ကျောင်းသားဆန္ဒပြပွဲတွေ စတင်ခဲ့ပြီးနောက်ပိုင်း အင်္ဂါနေ့မှာတော့ ပြင်သစ်နိုင်ငံတစ်ဝန်း အကြီးမားဆုံး ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပြီး၊ သမ္မတ အီမန်နျူအယ် မက်ခရွန်ရဲ့ အစိုးရအနေနဲ့ ကျောင်းတွေအတွက် ဘဏ္ဍာငွေနဲ့ အရင်းအမြစ်တွေ ပိုမိုထောက်ပံ့ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ နိုင်ငံတစ်ဝန်း လူပေါင်း ၂၆၆,၀၀၀ ခန့် လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပြီး ပါရီမြို့က ချီတက်ပွဲမှာတင် ၅၆,၀၀၀ ပါဝင်ခဲ့သလို မာဆေးလ်၊ စထရာဘိုး၊ နန့်စ်၊ လိုင်ယွန်နဲ့ အခြားမြို့ကြီးတွေမှာလည်း အကြီးအကျယ် ဆန္ဒပြခဲ့ကြပါတယ်။ ပွဲစီစဉ်သူတွေဘက်ကတော့ တက်ရောက်သူဦးရေ ၄၅၀,၀၀၀ အထိ ရှိတယ်လို့ ဆိုပါတယ်။

ပါရီအပါအဝင် အချို့နေရာတွေမှာတော့ ဆန္ဒပြပွဲတွေဟာ အများပိုင်ပစ္စည်းတွေကို ဖျက်ဆီးတာနဲ့ ရဲတပ်ဖွဲ့ကြား ထိခိုက်ရိုက်ပုတ်မှုတွေအထိ ကူးစက်သွားခဲ့ပြီး၊ ရဲတပ်ဖွဲ့က လူစုခွဲဖို့ မျက်ရည်ယိုဗုံးနဲ့ နံပါတ်တုတ်တွေကို အသုံးပြုခဲ့ရပါတယ်။ ပြင်သစ်အာဏာပိုင်တွေရဲ့ အဆိုအရ အဲဒီနေ့တစ်နေ့တည်းမှာတင် နိုင်ငံတစ်ဝန်း စုစုပေါင်း ၄၈၈ ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။

အင်္ဂါနေ့က Truth Social မှာ တင်ခဲ့တဲ့ ပို့စ်မှာ ထရမ့်က "ပြင်သစ်မှာ ဖြစ်ပျက်နေတာတွေဟာ ကျောင်းတွေနဲ့ ပတ်သက်ပြီး ငြင်းခုံနေကြတာမဟုတ်ဘဲ ထိန်းမနိုင်သိမ်းမရ ဖြစ်နေတဲ့ အုပ်စုလိုက် ရွှေ့ပြောင်းအခြေချမှုတွေကြောင့်သာ ဖြစ်တယ်" လို့ ပြောဆိုခဲ့သလို "အစ္စလာမ်ဘာသာဟာ တစ်ချိန်က အလွန်ကြီးကျယ်ခဲ့တဲ့ နိုင်ငံတစ်ခုကို လွှမ်းမိုးချုပ်ကိုင်ဖို့ ကြိုးစားနေတာ" လို့လည်း စွပ်စွဲပြောဆိုခဲ့ပါတယ်။

ဥရောပသမဂ္ဂ (EU) မှာ နောက်ပိုင်းနှစ်တွေအတွင်း ရွှေ့ပြောင်းအခြေချသူတွေ အများဆုံး လာရောက်ရာ နိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့တဲ့ ပြင်သစ်မှာတော့ ပြည်ပဖွား လူဦးရေ ၉.၆ သန်းအထိ ရှိနေပြီး ဒါဟာ အီးယူအဖွဲ့ဝင်နိုင်ငံတွေထဲမှာ ဂျာမနီပြီးရင် ဒုတိယ အများဆုံးလည်း ဖြစ်ပါတယ်။


REF: RT

#News #Myanmar

မူရင်းသတင်း — Myanmar National Post