
အောက်တိုဘာ - ၉ ( သောကြာနေ့ )
တောင်အာဖရိကနိုင်ငံဟာ သွင်းကုန်အပေါ် မှီခိုအားထားရမှုကို လျှော့ချဖို့နဲ့ အနာဂတ် ကျန်းမာရေး ဆိုင်ရာ အရေးပေါ်အခြေအနေတွေမှာ အရေးကြီး ဆေးဝါးထောက်ပံ့မှုတွေကို စိတ်ချလက်ချ ရရှိနိုင်စွမ်း ပိုမိုအားကောင်းလာစေဖို့အတွက် ဆေးဝါးတွေနဲ့ ဆေးဝါးကုန်ကြမ်းပစ္စည်းတွေကို ပြည်တွင်းမှာတင် ထုတ်လုပ်သွားဖို့ ကြိုးပမ်းအားထုတ်မှုတွေကို တိုးမြှင့်လုပ်ဆောင်နေတယ်လို့ အစိုးရက ပြောကြားခဲ့ပါတယ်။
သမ္မတ စီရီးလ် ရာမာဖိုဆာ ဟာ သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ ဝန်ကြီး ပါမောက္ခ ဘလိတ်ဇီ မန်းဒေး ၊ ကျန်းမာရေးဝန်ကြီး ဒေါက်တာ အာရွန် မုတ်ဆိုအာလီဒီ တို့နဲ့အတူ ပရီတိုရီယာမြို့ရှိ သိပ္ပံနှင့် စက်မှုသုတေသနကောင်စီ (CSIR) မှာရှိတဲ့ FuturePharma စက်ရုံကို လှည့်လည်ကြည့်ရှုခဲ့ ပါတယ်။ ဒီစက်ရုံဟာ သုတေသီတွေရဲ့ နည်းပညာတွေကို ဓာတ်ခွဲခန်းအဆင့်ကနေ အကြီးစား ထုတ်လုပ်မှု နဲ့ စီးပွားဖြစ်ထုတ်လုပ်နိုင်တဲ့ အဆင့်အထိ ရောက်ရှိအောင် ကူညီပေးခြင်းအားဖြင့် တောင်အာဖရိကရဲ့ ဆေးဝါးထုတ်လုပ်မှု စွမ်းရည်ကို ပိုမိုအားကောင်းလာစေမယ်လို့ မျှော်လင့်ရပါတယ်။
ပြည်တွင်းမှာတင် တိုးမြှင့်ထုတ်လုပ်ဖို့ လုပ်ဆောင်ချက်ဟာ ဒေသတွင်း ဆေးဝါးထုတ်လုပ်မှု စွမ်းရည်ကို တည်ဆောက်ရင်း မရှိမဖြစ် လိုအပ်တဲ့ အဓိက ဆေးဝါးတွေ ရရှိနိုင်မှုအပေါ် တောင်အာဖရိကအနေနဲ့ ပိုမိုခိုင်မာစွာ ထိန်းချုပ်နိုင်ရေးကို ရည်ရွယ်တာဖြစ်ပါတယ်။
“ဒါဟာ နည်းပညာ လွှဲပြောင်းရယူမှုနဲ့ ကျွမ်းကျင်မှု တိုးတက်စေရေးကို ထောက်ပံ့ပေးရင်း သုတေသီတွေ၊ တီထွင်ဖန်တီးသူတွေနဲ့ စက်မှုလုပ်ငန်းဆိုင်ရာ ပါတနာတွေကို ထုတ်လုပ်မှုအဆင့် ရောက်ရှိစေရေးအတွက် အထူးပြု အခြေခံအဆောက်အအုံတွေနဲ့ ကျွမ်းကျင်မှုတွေကို လက်လှမ်းမီ ရယူနိုင်အောင် ကူညီပေးသွားမှာပါ” လို့ GCIS က ပြောကြားခဲ့ပါတယ်။
REF: RT
#News #Myanmar