
အောက်တိုဘာ - ၉ ( သောကြာနေ့ )
အီတလီနိုင်ငံမှာ လာမယ့် အထွေထွေရွေးကောက်ပွဲအတွင်း အနိုင်ရတဲ့ မဟာမိတ်အဖွဲ့တွေကို ပါလီမန် အပိုအမတ်နေရာ တွေ ပေးအပ်မယ့် အငြင်းပွားဖွယ် ရွေးကောက်ပွဲဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတစ်ခုနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီ ရဲ့ အာဏာရ မဟာမိတ်အဖွဲ့ဟာ အာဏာမြဲရေးအတွက် ရွေးကောက်ပွဲ စည်းမျဉ်းတွေကို ပြန်လည်ပြင်ဆင်ဖို့ ကြိုးပမ်းနေတယ်လို့ အတိုက်အခံတွေက စွပ်စွဲလိုက်ပါတယ်။
ဥပဒေကြမ်းအသစ်ဟာ ပါလီမန်အောက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ခြင်း ၃ ကြိမ်စလုံးကို ကျော်ဖြတ်နိုင်ခဲ့ပြီး အပြီးသတ် လျှို့ဝှက်မဲခွဲမှုကိုတော့ ကြာသပတေးနေ့မှာ ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။ ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့တဲ့ မဲခွဲမှုမှာ ထောက်ခံမဲ ၂၂၈ မဲ၊ ကန့်ကွက်မဲ ၁၄၄ မဲနဲ့ အတည်ပြုနိုင်ခဲ့တာကြောင့် အစိုးရအနေနဲ့ ဒီပြုပြင်ပြောင်းလဲမှုကို အပြီးသတ် အတည်ပြုချက်ရရှိဖို့ ပိုမိုနီးစပ်လာခဲ့ပါတယ်။
ဒီပြုပြင်ပြောင်းလဲမှုဟာ တိုက်ရိုက်ရွေးချယ်ခံရတဲ့ မဲဆန္ဒနယ်မြေ အမတ်နေရာတွေနဲ့ အချိုးကျ ကိုယ်စားပြုစနစ်ကို ပေါင်းစပ်ထားတဲ့ အီတလီရဲ့ လက်ရှိ ရွေးကောက်ပွဲစနစ်ကို အစားထိုးသွားမှာ ဖြစ်ပါတယ်။ စနစ်သစ်အရ မဲစုစုပေါင်းရဲ့ အနည်းဆုံး ၄၂ ရာခိုင်နှုန်း ရရှိတဲ့ အနိုင်ရ မဟာမိတ်အဖွဲ့ကို အပိုအမတ်နေရာတွေ ထပ်ဆောင်းပေးအပ်မယ့် ရာနှုန်းပြည့် အချိုးကျ ကိုယ်စားပြုစနစ်အဖြစ် ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။
ဒီပြုပြင်ပြောင်းလဲမှုဟာ ပိုမိုတည်ငြိမ်မှုကို ဖန်တီးပေးနိုင်မယ်လို့ မယ်လိုနီရဲ့ အာဏာရ မဟာမိတ်အဖွဲ့က ပြောဆိုထားပါတယ်။ ဒါပေမဲ့ အတိုက်အခံပါတီတွေကတော့ အာဏာရအဖွဲ့ဟာ ၂၀၂၇ ရွေးကောက်ပွဲမှာ ရှုံးနိမ့်မှာကို ကြောက်ရွံ့တာကြောင့် စည်းမျဉ်းတွေကို ပြောင်းလဲနေတာဖြစ်တယ်လို့ စွပ်စွဲပြီး အဆိုပြုချက်ကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ကြပါတယ်။ ဒါ့အပြင် အပိုအမတ်နေရာတွေ ပေးအပ်မယ့် အဆိုပြုစနစ်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီညွတ်ရဲ့လားဆိုတာကိုလည်း မေးခွန်းထုတ်ခဲ့ကြပါတယ်။
အတိုက်အခံ ဒီမိုကရက်တစ်ပါတီမှ အန်နာ အက်စကာနီ က "ကြောက်ရွံ့မှု၊ မုသားတွေ၊ မထီမဲ့မြင်ပြုမှုနဲ့ ပျက်စီးဆိုးယုတ်မှု။ ဒါတွေဟာ [ပါလီမန်သက်တမ်းရဲ့] နောက်ဆုံးနှစ် နောက်ဆုံးမိနစ်မှ အတည်ပြုလိုက် တဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေရဲ့ လက္ခဏာရပ်တွေပါပဲ" လို့ ပြောကြားခဲ့ကြောင်း သိရပါတယ်။
REF: RT
#News #Myanmar