Myanmar National Post

မြန်မာ့ပေါ်ဆန်း ကမ္ဘာ့အကောင်းဆုံးဆန် (World Best Rice Award 2026) ဆုရရှိ








၁။ အမေရိကန်ပြည်ထောင်စုအခြေစိုက် International Commodity Institute, The Rice Trader အဖွဲ့အစည်းက ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင်ကျင်းပသော International World Rice Conference 2026 တွင် နိုင်ငံတကာ ဆန်အမျိုးအစားများ ပါဝင်ပြသခဲ့ပြီး ဆန်အရည်အသွေးယှဉ်ပြိုင်ပွဲကို ကျင်းပခဲ့ရာ မြန်မာ့ ပေါ်ဆန်းဆန်သည်   World Best Rice Award ဆု ချီးမြှင့်ခြင်းကို လက်ခံရရှိခဲ့ပါသည်။ ၂၀၁၁ ခုနှစ်၊ ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့တွင်ကျင်းပသော နိုင်ငံတကာဆန်စပါးညီလာခံ နှင့် ဆန်အမျိုးအစားများပြပွဲနှင့် ယှဉ်ပြိုင်ပွဲ တွင် မြန်မာပေါ်ဆန်းသည် ကမ္ဘာ့အကောင်းဆုံးဆန် (World Best Rice Award) ကို လက်ခံရရှိခဲ့၍ ယခု ရရှိမှုသည် ဒုတိယအကြိမ် ဖြစ်ပါသည်။ နိုင်ငံတော်၏ “မြန်မာ့ပေါ်ဆန်း တစ်ခေတ်ဆန်းစေရမည်” ဆိုသော လမ်းညွှန်ဆောင်ပုဒ်နှင့်အညီ ယခုလို နိုင်ငံတကာ အသိအမှတ်ပြုဆု ရရှိခြင်းအတွက် နိုင်ငံတော်အစိုးရ၊ ဝန်ကြီးဌာနများ၊ ပေါ်ဆန်းစိုက်ပျိုးသော တောင်သူလယ်သမားများ၊ စိုက်ပျိုးရေးပညာရှင်များ၊ သုတေသီများ၊ ဆန်စက်လုပ်ငန်းရှင်များ၊ ကုန်သည်များ၊ ကုမ္ပဏီများနှင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် ဆက်လက်၍ ပူးပေါင်းကြိုးပမ်း ဆောင်ရွက်နေမှုများကို ဂုဏ်ယူစွာအသိအမှတ်ပြုပါကြောင်း ဖော်ပြအပ်ပါသည်။

၂။ ၂၀၂၆ ခုနှစ် အောက်တိုဘာ (၇) ရက်မှ (၁၀)ရက်အထိ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် ကျင်းပသော နိုင်ငံတကာ ဆန်စပါးညီလာခံ  နှင့် ဆက်စပ် ဆွေးနွေးပွဲများ၊ ပြပွဲများကို  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန နှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် တို့၏ အစိုးရ-ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေး ကိုယ်စားလှယ်အဖွဲ့နှင့် ဆန်ပို့ကုန်ကုမ္ပဏီများ၊ စုစုပေါင်းကိုယ်စားလှယ် (၅၅) ဦး ပါဝင်တက်ရောက်ခဲ့ပါသည်။ အသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင် အနေဖြင့် Myanmar Rice Outlook 2026 ခေါင်းစဉ်ဖြင့် ပါဝင်ဆွေးနွေးခဲ့ပြီး မြန်မာ့ဆန် ပြခန်းကို ခင်းကျင်းပြသခဲ့ပါသည်။ ခရီးစဉ်အတွင်း ဖိလစ်ပိုင်နိုင်ငံသို့ ဆန် တိုးမြှင့်တင်ပို့နိုင်ရေး၊ မလေးရှားနိုင်ငံ နှင့် အာဖရိက နိုင်ငံများသို့ ဆန်တိုးမြှင့် တင်ပို့နိုင်ရေးတို့ကို ဆွေးနွေးခဲ့ပြီး ပါဝင်တက်ရောက်သော ကုမ္ပဏီများအနေဖြင့် အရောင်းအဝယ်စာချုပ်များ ချုပ်ဆိုနိုင်ရေး ဆွေးနွေးညှိနှိုင်းနိုင်ခဲ့ကြပါသည်။ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အနေဖြင့် နိုင်ငံတော်၏ လမ်းညွှန်မှုများနှင့် အညီ မြန်မာ့လယ်ယာထွက်ကုန် တန်းမြင့်ဆန် များကို ယခုဘဏ္ဍာနှစ် ၂၀၂၆-၂၀၂၇ တွင် တန်ချိန် (၃) သန်း ပို့ကုန်ရည်မှန်းချက်ထားပြီး အဆိုပါ ရည်မှန်းချက်ကို ပြည့်မီကျော်လွန်စေရေးအတွက် ပုဂ္ဂလိကအခန်းကဏ္ဍမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။


မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် 

#News #Myanmar

မူရင်းသတင်း — Myanmar National Post