
ရန်ကုန်၊ အောက်တိုဘာ ၁၇
မြန်မာ့ထောပတ်သီးနှင့် သစ်သီးဝလံပွဲတော် ၂၀၂၆ ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့သူများ အသင်းမှ သိရသည်။
အဆိုပါ မြန်မာ့ထောပတ်သီးနှင့် သစ်သီးဝလံပွဲတော် ၂၀၂၆ ကို ရန်ကုန်မြို့ မြေပဒေ သာကျွန်း (ပုလဲကျွန်း)တွင် အောက်တိုဘာ ၂၄ ရက်မှ ၂၆ ရက်အထိ သုံးရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။
“သီတင်းကျွတ်ကာလဆိုတာ ဝေးကွာနေကြတဲ့ မိသားစုတွေ၊ ချစ်ခင်ရသူတွေ ပြန်လည်ဆုံစည်းပြီး နွေးထွေးတဲ့ အမှတ်တရကောင်းတွေ ဖန်တီးကြတဲ့ အချိန်လေးပဲဖြစ်ပါတယ်။ ပင်ပန်းသမျှတွေ ခဏမေ့ပျောက်ပြီး လာမယ့်သီတင်းကျွတ်ကာလမှာ ချစ်ခင်ရတဲ့သူတွေနဲ့အတူ ပျော်ပျော်ပါးပါးနွှဲပျော်နိုင်ဖို့ ဖိတ်ခေါ်ပါတယ်” ဟု ပွဲတော် ကျင်းပရေးတာဝန်ခံတစ်ဦးက ပြောသည်။
အဆိုပါ ပွဲတော်ကြီးတွင် တောင်ပေါ်ဒေသက မြန်မာ့ထောပတ်သီး တောင်သူကြီးတွေ၏ တိုက်ရိုက်အရောင်းဆိုင်များ၊ ထောပတ်သီး စားသောက်ကုန်များ၊ အလှကုန်များ၊ ထူးထူး ခြားခြားလက် ရာများနှင့် မြည်းစမ်း ၍ကောင်းမည့် စားဖိုမှူးများ၏ ထောပတ်သီး Menu များ၊ ဗဟု သုတရစရာ ထောပတ်သီးပြခန်းများ၊ သစ်သီးဆိုင်ခန်းများ၊ အခြားသော စားသောက်ကုန်၊ လူသုံးကုန် ဆိုင်ခန်းများ ပါဝင်ခင်းကျင်းပြသ ထားမည်ဟု သိရသည်။
ထို့အပြင် ပအိုဝ်း၊ ဓနု၊ ရှမ်း တို့၏ ချစ်စရာတိုင်းရင်းသားအက အလှများ၊ တေးဂီတ ဖျော်ဖြေရေး အစီအစဉ်များ၊ ပျော်ရွှင်စရာ Game အစီအစဉ်များ အပြည့်အစုံ ပါဝင်မည့် Fun Festival ကြီး ဖြစ်ကြောင်း သိရသည်။
စားသောက်ကုန်၊ အလှကုန်များ၊ လက်မှုအနုပညာပစ္စည်းများနှင့် အဝတ်အထည်ဆိုင်ခန်း ပေါင်း ၇၀ ကျော်ပါဝင်မည့် အဆိုပါပွဲတော်ကြီးတွင် ထုတ်ကုန် လုပ်ငန်းရှင်များ၊ ကုမ္ပဏီများ၊ Sponsor များအား ဖိတ်ခေါ်ထား ကြောင်း သိရသည်။
TWA
#News #Myanmar