Myanmar National Post

မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံတို့အကြား နယ်နိမိတ်မြစ်များနှင့်နယ်စပ်ဖြတ်ကျော်မြစ်များ၏ ရေအရည်အသွေး စီမံခန့်ခွဲမှု ဆိုင်ရာ ပူးတွဲလုပ်ငန်းအဖွဲ့ (Joint Working Group – JWG)၏ ပထမအကြိမ်ညှိနှိုင်းအစည်းအဝေးကျင်းပ


နေပြည်တော်၊ အောက်တိုဘာ ၁၇

၂၀၂၆ ခုနှစ် ဩဂုတ်လ ၆ ရက်တွင် မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံတို့၏ သက်ဆိုင်ရာ  သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးဌာနများမှ အမြဲ တမ်း အတွင်းဝန်များက လက်မှတ်ရေးထိုးခဲ့သည့် နယ်နိမိတ်မြစ်များနှင့် နယ်စပ်ဖြတ်ကျော်မြစ်များ၏ ရေအရည်အသွေးစီမံခန့်ခွဲမှုဆိုင်ရာ   ပူးတွဲလုပ်ငန်းအဖွဲ့ ၏ လုပ်ငန်းလမ်းညွှန် (Terms of Reference – TOR) ပါ လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံဘက်  ပူးတွဲလုပ်ငန်းအဖွဲ့ (Joint Working Group – JWG) ၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို  ယမန်နေ့မွန်းလွဲပိုင်းတွင် ရုံးအမှတ်(၅၈) ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။     

အစည်းအဝေးသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန   ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်ဦး၊ အမြဲတမ်းအတွင်းဝန်၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ JWG အဖွဲ့ဝင်များနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ JWG အဖွဲ့ဝင်များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဦးစီးရုံးချုပ်မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။အစည်းအဝေးတွင်   ဒုတိယဝန်ကြီးက မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံတို့အကြား လက်မှတ်ရေးထိုးခဲ့သည့် လုပ်ငန်းလမ်းညွှန် (Terms of Reference – TOR) သည် လက်မှတ်ရေးထိုးသည့်နေ့မှစ၍ သုံးနှစ်ကြာ အကျိုးသက်ရောက်မည်ဖြစ်ပြီး TOR  ပါလုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများအကြား  ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ နှစ်နိုင်ငံပူးတွဲလုပ်ငန်းအဖွဲ့ (Joint Working Group – JWG) အစည်းအဝေးများကို    တစ်နှစ်လျှင်အနည်းဆုံးနှစ်ကြိမ်၊ ပုံမှန်အားဖြင့် ခြောက်လတစ်ကြိမ် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင်   အလှည့်ကျ ကျင်းပသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် JWG ၏ အဓိကလုပ်ငန်းများဖြစ်သည့် ရေအရည်အသွေး ပူးတွဲစောင့်ကြည့် တိုင်းတာခြင်း၊ ရေညစ်ညမ်းမှုအရင်းအမြစ်များ ဖော်ထုတ်ခြင်း၊   အချက်အလက်မျှဝေခြင်း၊ ကြိုတင်သတိပေးစနစ်များ ဆောင်ရွက်ခြင်း၊   ပြည်သူ့ကျန်းမာရေးနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို အကောင်အထည်ဖော်ရန်၊ သုံးနှစ်တာ Master Plan နှင့် နှစ်စဉ်လုပ်ငန်းအစီအစဉ်များရေးဆွဲ၍ သက်ဆိုင်ရာဌာနများအလိုက် လုပ်ငန်းတာဝန်များနှင့် လိုအပ်သည့် လူအင်အား၊ စက်ကိရိယာ၊   နည်းပညာနှင့် ဘဏ္ဍာငွေများကို ကြိုတင်ပြင်ဆင်ကာ ပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။

ဆက်လက်၍ မြန်မာနိုင်ငံဘက် JWG ၏ လုပ်ငန်းတာဝန်များနှင့် ကနဦးလုပ်ငန်း  စီမံချက်တို့ကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် JWG အဖွဲ့ဝင်များက ဌာနအလိုက် ပါဝင်ဆောင်ရွက်နိုင်မည့်လုပ်ငန်းများ၊    နည်းပညာ၊ လူအင်အား၊    စက်ကိရိယာနှင့် ဘဏ္ဍာရေးဆိုင်ရာ  လိုအပ်ချက်များကို ဆွေးနွေးတင်ပြခဲ့ကြသည်။ထို့ပြင် TOR ပါ လုပ်ငန်းများကို သက်ဆိုင်ရာ   ဌာနများအကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေး၊ ကနဦးလုပ်ငန်းစီမံချက် ရေးဆွဲပြုစုနိုင်ရေးနှင့်   လုပ်ငန်းအစီအစဉ်များ၊ ဘဏ္ဍာငွေလျာထားချက်များ ကြိုတင်ပြင်ဆင်ရေးတို့ကို ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြား ခဲ့ကြောင်း သိရသည်။


#News #Myanmar


မူရင်းသတင်း — Myanmar National Post