Myanmar National Post

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး အသုံးပြုသည့်ယာဉ်များအတွက် RFID (Radio Frequency Identification Device) ပါဝင်သည့်စနစ်သို့ အဆင့်မြှင့်တင်ပြောင်းလဲဆောင်ရွက်လျက်ရှိ

 


နေပြည်တော်၊ အောက်တိုဘာ ၁၉

ရန်ကုန် - မန္တလေးအမြန်လမ်းမကြီး အသုံးပြုသည့်ယာဉ်များအတွက် RFID (Radio Frequency Identification Device) ပါဝင်သည့်စနစ်သို့ အဆင့်မြှင့်တင်ပြောင်းလဲဆောင်ရွက်လျက်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် RFID ပါဝင်သည့်စနစ် အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းလုပ်ငန်းများကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၇ ရက်တွင် စတင်အသုံးပြုခဲ့ပြီး အောက်တိုဘာ ၁၆ ရက်အထိ ကိုယ်ပိုင်ယာဉ် ၁၂၀၅ စီးနှင့် ခရီးသည်တင်ယာဉ် ၄၉၅ စီး စုစုပေါင်း အစီးရေ ၁၇၀၀ ကို တပ်ဆင်ဆောင်ရွက်ပေးပြီးဖြစ်ကြောင်း၊ RFID Toll Pass စနစ်တပ်ဆင်ခြင်းများကို ရန်ကုန် - မန္တလေးအမြန်လမ်းမကြီးပေါ်ရှိ အမှတ်(၃)လမ်းဆုံ၊ နေပြည်တော်စီလမ်းဆုံနှင့် စကားအင်းလမ်းဆုံတို့တွင် တပ်ဆင်ပေးလျက်ရှိကြောင်း သိရသည်။

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးအမှတ်(၃)လမ်းဆုံရှိ Toll Pass Station ၌ ခရီးသည်တင် မော်တော်ယာဉ်ကြီးများနှင့် ကိုယ်ပိုင်ယာဉ်များက Toll Pass Unit ဝယ်ယူ၍ Toll Pass RFID Sticker တပ်ဆင်မှုအခြေအနေ၊ အဆိုပါစနစ်တပ်ဆင်ထားသော ယာဉ်မောင်းနှင့် ယာဉ်ပိုင်ရှင်များသည် My Toll Pass Mobile Application ကိုအသုံးပြု၍ အမြန်လမ်းမကြီးတိုးလ်ဂိတ်အလိုက် မိမိဖြတ်သန်းမှုနှင့်ဖြတ်သန်းခ ပေးချေမှုဆိုင်ရာအချက်အလက်များအား အချိန်နှင့်တစ်ပြေးညီကြည့်ရှုနိုင်မည့်အခြေအနေကို အောက်တိုဘာ ၁၆ ရက်က ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။

ကြည့်ရှုစစ်ဆေးစဉ် RFID (Radio Frequency Identification Device)ပါဝင်သည့် စနစ်သို့ အဆင့်မြှင့်တင်၍ ပြောင်းလဲဆောင်ရွက်ပေးခြင်းဖြင့် မော်တော် ယာဉ်များသည် တိုလ်းဂိတ်တွင် ရပ်တန့်စရာမလိုဘဲ Free flow ဖြတ်သန်းနိုင်သဖြင့် ငွေသားလေလွင့်ဆုံးရှုံးမှုများမရှိခြင်း၊ အချိန်ကုန်သက်သာခြင်းစသည့် အကျိုးများရရှိမည်ဖြစ်ကြောင်း၊ တိုးလ်ဂိတ်များတွင်တပ်ဆင်အသုံးပြုသည့်ပစ္စည်းများ ပျက်စီးမှုနည်းပါးစေရေး၊ ရေရှည်တည်တံ့ခိုင်မြဲစေရေးတို့ကို အသုံးပြုသည့်ဝန်ထမ်းများအနေဖြင့် စနစ်တကျထိန်းသိမ်းဆောင်ရွက်ရေးတို့ကို မှာကြားသည်။

ထိုမှတစ်ဆင့် မိုင်တိုင် ၃၂/၃ မှ ၃၃/၃ ကြားတွင် ၁၂ ပေ ၆ လက်မ အကျယ်၊ ၁ ပေ ၆ လက်မထု ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မြေသားလုပ်ငန်းဆောင်ရွက်နေမှု၊ အမြန် လမ်းမကြီးတစ်လျှောက် Thermoplastic Road Paint ဖြင့် ဆေးလိုင်းဆွဲခြင်းလုပ်ငန်းဆောင်ရွက်နေမှု Box Culvert များ ပြုပြင်ထိန်းသိမ်းဆောင်ရွက်ထားရှိမှု၊ ရန်ကုန် - မန္တလေးအမြန်လမ်းမိုင်တိုင် အမှတ် (၁၆၅/၁-၁၆၅/၃)ကြားရှိ ဆွာချောင်းတံတား (အသွားလမ်း) တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် လုပ်ငန်းများအရှိန်အဟုန်မပြတ်ကြိုးစားဆောင်ရွက်သွားရန်၊ သတ်မှတ်ချိန်အတွင်းပြီးစီးရေး တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။


#News #Myanmar

မူရင်းသတင်း — Myanmar National Post