Myanmar National Post

ဒုတိယသမ္မတ ဦးညိုစော ကရင်ပြည်နယ် ဘားအံမြို့နှင့် မွန်ပြည်နယ် မော်လမြိုင်မြို့တို့တွင် ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့်တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး












နေပြည်တော်၊ အောက်တိုဘာ ၁၉

ဒုတိယသမ္မတ ဦးညိုစောသည် ခရီးစဉ်တွင်လိုက်ပါလာသောအဖွဲ့ဝင်များနှင့်အတူ ယမန်နေ့ နံနက်ပိုင်းတွင် ကရင်ပြည်နယ် ဘားအံမြို့သို့ရောက်ရှိပြီး ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့်လည်းကောင်း၊ ညနေပိုင်းတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့်လည်းကောင်း တွေ့ဆုံအမှာစကားပြောကြားသည်။

တွေ့ဆုံပွဲများတွင် ဒုတိယသမ္မတက ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး တို့သည် ဒေသတစ်ခုနှင့် တစ်ခုဆက်စပ်လျက်ရှိပြီး ရာသီဥတုနှင့်ရေမြေသဘာဝတူညီသည့်အတွက် ဒေသနှင့်ကိုက်ညီသည့် စက်မှုကုန်ကြမ်းသီးနှံများဖြစ်သော ဆီအုန်းနှင့်ရော်ဘာအပြင် ဒူးရင်းကိုအောင်မြင်အောင်တိုးချဲ့စိုက်ပျိုးရန်၊ အထွက်နှုန်းလျော့နည်းကျဆင်းသည့် သက်တမ်းရင့်စိုက်ခင်းများကို မျိုးကောင်းမျိုးသန့်များဖြင့် အစားထိုးပြန်လည်စိုက်ပျိုးရန်နှင့် ကော်ဖီနှင့် ကိုကိုးကို သီးညှပ်စိုက်ပျိုးရန်နှင့် တိရစ္ဆာန်အစားအစာအစေ့ထုတ်ပြောင်းကိုလည်း စိုက်ပျိုးသွားရန်၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးထွက်ကုန်များကို တန်းဖိုးမြင့်ထွက်ကုန်များအဖြစ် ထုတ်လုပ်ဖြန့်ဖြူးရောင်းချနိုင်ရေး ကြိုးစားဆောင်ရွက်ကြရန်၊ ပြည်နယ်အလိုက်ကဏ္ဍစုံတွင် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်လိုအပ်မှု၊ မူးယစ်ဆေးဝါး၊ တရားမဝင်ကုန်သွယ်မှုနှင့် အွန်လိုင်းလောင်းကစားလိမ်လည်မှုများ လျော့နည်းကျဆင်းပြီး ကင်းစင်သွားသည့်အထိ ပြည်နယ်အစိုးရအဖွဲ့နှင့်သက်ဆိုင်ရာဌာနများ ပူးပေါင်းဆောင်ရွက်ရမည့်အခြေအနေများ၊ ကုန်စည်စီးဆင်းမှုလုံခြုံရေးနှင့် မြန်ဆန်ချောမွေ့ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးကိုအခြေခံသည့် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ၊ ပြည်နယ်အတွင်း ဆန်နှင့်ဆီဖူလုံမှုရှိရေးအခြေအနေများ၊ KG+9 ပညာရေး အောင်မြင်အောင်အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံတက်ရောက်ရေးနှင့် တန်းစဉ်ကူးပြောင်းမှုမြင့်မားရေး သက်ဆိုင်ရာတာဝန်ရှိသူများအားလုံးပူးပေါင်းဆောင်ရွက်ရန်လိုအပ်မှု၊ ဌာနအလိုက် e-government လုက်ငန်းများအောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရေးနှင့် အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် သက်ရောက်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ ကြိုတင်ပြင်ဆင်ရေး၊ ကြိုတင်ကာကွယ်ရေးဆိုင်ရာလုပ်ငန်းများကို သက်ဆိုင်ရာလုပ်ငန်းကဏ္ဍအလိုက် အချိန်မီအကောင်အထည်ဖော်ဆောင်ရွက်သွားရေးတို့ကို ဆွေးနွေးပြောကြားခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းတို့က ပြည်နယ်ဆိုင်ရာအချက်အလက်များနှင့် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းအစီမံများကို သက်ဆိုင်ရာပြည်နယ်အစိုးရအဖွဲ့ရုံးအသီးသီးရှိ တွေ့ဆုံပွဲများတွင် ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် အဖွဲ့ဝင်အဖြစ်လိုက်ပါလာသော ပြည်ထောင်စုဝန်ကြီးနှင့်ဒုတိယဝန်ကြီးများက ဒေသဖွံ့ဖြိုးမှု၊ ဓာတ်မြေဩဇာဖြန့်ဖြူးရေး၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး၊ MSME ကိစ္စရပ်များကို ရှင်းလင်းတင်ပြကြပြီး ဒုတိယသမ္မတက တင်ပြချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေး၍ လိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

ဒုတိယသမ္မတသည် နံနက်ပိုင်းတွင် ကရင်ပြည်နယ် ဘားအံမြို့သို့ရောက်ရှိစဉ် စက်မှုဇုန်အတွင်းရှိ ပရီစီရှင်းအော်တိုအင်ဂျင်နီယာရင်း ကုမ္ပဏီလီမိတက်၏ သုံးဘီးယာဉ်များတပ်ဆင်ထုတ်လုပ်နေမှုနှင့် အဲရိုးအော်တိုအင်ဂျင်နီယာရင်းကုမ္ပဏီလီမိတက်၏ လျှပ်စစ်မော်တော်ဆိုင်ကယ်ထုတ်လုပ်ရေးစက်ရုံ၏ လျှပ်စစ်မော်တော်ဆိုင်ကယ်နှင့် လျှပ်စစ်စက်ဘီးများတပ်ဆင်ထုတ်လုပ်နေမှု၊ အရည်အသွေးစမ်းသပ်တိုင်းတာနေမှုတို့ကိုလည်းကောင်း၊ ရှိုင်းထူးလယ်ယာသုံးစက်ကိရိယာထုတ်လုပ်ရေးစက်ရုံ၏ ခေတ်မီလယ်ယာသုံးစက်များ ထုတ်လုပ်နေမှုများကိုလည်းကောင်း၊ ကရင်ပြည်နယ်လူငယ်စင်တာ၌ လူငယ်များ စာပေ၊ ဂီတ၊ အက၊ ပန်းချီ၊ ကွန်ပျူတာနှင့် အားကစားပညာရပ်များလေ့ကျင့်သင်ယူနေမှုအခြေအနေကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ဝန်ကြီချုပ်နှင့်တာဝန်ရှိသူများက သက်ဆိုင်ရာလုပ်ငန်းကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။

ညနေပိုင်းတွင် ဒုတိယသမ္မတသည် မော်လမြိုင်မြို့ရှိ ရွှေမြိုင်စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်း၏ အဆင့်မြင့်ဆန်စက်နှင့် စပါးအခြောက်ခံစက်လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုခဲ့ကြောင်း သိရသည်။


#News #Myanmar

မူရင်းသတင်း — Myanmar National Post