Myanmar National Post

လဲချားမြို့နယ်၊ ဟိုပုံကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား (၃) ဦးအား ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ







နေပြည်တော်၊ အောက်တိုဘာ ၂၁

နိုင်ငံတော်အစိုးရအနေဖြင့် ဒေသတွင်း ပြည်သူလူထုကိုသာမက ကမ္ဘာတစ်ဝန်းရှိ လူသားမျိုးနွယ်အားလုံး၏ လူမှုစီးပွားဘဝများကို ထိခိုက်ပျက်စီးအောင် အလုံးစုံအန္တရာယ်ပေးလျက်ရှိသည့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု ကျူးလွန်သူများအား ရှာဖွေဖော်ထုတ်တားဆီးကာကွယ်ခြင်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိသည့်အပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ ထိထိရောက်ရောက် ရှာဖွေဖော်ထုတ်ဖမ်းဆီးအရေးယူခြင်းများ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လဲချားမြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများ လုပ်ကိုင်နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့များက စုံစမ်းရှာဖွေဖော်ထုတ်မှုများ ဆောင်ရွက်ခဲ့ရာ ယနေ့နံနက် ၁၀ နာရီ ၄၀ မိနစ်ခန့်တွင် လဲချားမြို့၏ အရှေ့တောင်ဘက်မီတာ ၃၀၀၀၀ ခန့်အကွာ ဟိုပုံကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် အလျား ၃၀ ပေ၊ အနံ ၁၅ ပေရှိယာယီအလုပ်ရုံတဲ ၁ လုံး၊ အလျား ၄၀ ပေ အနံ ၁၅ ပေရှိ ယာယီလူနေတဲကြီး ၁ လုံး၊ အလျား ၂၀ ပေ အနံ ၁၅ ပေရှိ ယာယီလူနေတဲ (အသေး) လုံးနှင့် ယာယီထမင်းချက်ဆောင် ၁ လုံး၊ Star Link ၃ လုံး၊ Laptop ၈ လုံး၊ Power Station ၄ လုံး၊ ဖုန်းမျိုးစုံ ၂၀ လုံး၊ Network လိုင်းခွဲစက် ၇ လုံး၊ Network Router ၃ လုံး၊ မီးစက် (အကြီး) ၁ လုံး၊ ပလပ်စတစ်ထိုင်ခုံ ၃၀ လုံး၊ ခေါက်စားပွဲ ၄ လုံးနှင့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့သည်။ ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အဆိုပါနေရာတစ်ဝိုက်အား ဆက်လက်ရှင်းလင်းရာ တရုတ်နိုင်ငံသား အမျိုးသား ၃ ဦးတို့အား ထပ်မံဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သည်။

အဆိုပါအွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်လျက်ရှိသည့် ဖမ်းဆီးရမိသူများအား လိုအပ်သည့်စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့် လုပ်ငန်းသုံးပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံတော်အနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ခြင်းများ ပပျောက်စေရေးနှင့် မြန်မာနိုင်ငံအတွင်း အခြေချလုပ်ကိုင်နိုင်မှုမရှိစေရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတာကာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အွန်လိုင်းလိမ်လည်လောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို တက်ကြွစွာ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


#News #Myanmar

မူရင်းသတင်း — Myanmar National Post