Myanmar National Post

ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် တရားမဝင်အဆောက်အအုံများအား စနစ်တကျဖြိုချဖျက်ဆီးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်







နေပြည်တော်၊ အောက်တိုဘာလ ၂၁

နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိရာ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ အများဆုံးလုပ်ကိုင်ခဲ့သည့် ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ တရားမဝင်အဆောက်အအုံများ၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ထပ်မံလုပ်ကိုင်နိုင်ခြင်းမရှိစေရန် အဆိုပါအဆောက်အအုံများအား အပြီးတိုင်ဖြိုချဖျက်ဆီးခြင်းများကို စနစ်တကျ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်ခဲ့သည့် ဖြိုချဖျက်ဆီးရန်ကျန် တရားမဝင် အဆောက်အအုံများအနက် ယာဉ်ယန္တရားများအသုံးပြု၍ ဖြိုချဖျက်ဆီးလျက်ရှိသည့် ၅ ထပ် အဆောက်အအုံတစ်လုံးမှာ ယနေ့အထိ ၆၀ ရာခိုင်နှုန်း ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်း သိရှိရသည်။

ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်းရှိ ဖြိုချဖျက်ဆီးမည့် အဆောက်အအုံ ၆၃ လုံးအနက် ယာဉ်ယန္တရားများဖြင့် ဖြိုချဖျက်ဆီးမည့် အဆောက်အအုံ ၂၅ လုံး၊ ဖောက်ခွဲ၍ ဖြိုချဖျက်ဆီးမည့် အဆောက်အအုံ ၄ လုံးနှင့် လူနေအိမ်များနှင့်မလွတ်ကင်း၍ လူအင်အားအသုံးပြုကာ တစ်လွှာချင်းဖြိုချဖျက်ဆီးမည့် အဆောက်အအုံ ၃၄ လုံးဟူ၍ အဆောက်အအုံအမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ထားပြီး စနစ်တကျ ဖြိုချဖျက်ဆီးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ဖောက်ခွဲ၍ ဖြိုချမည့်အဆောက်အအုံ ၄ လုံးနှင့် ယာဉ်ယန္တရားများဖြင့် ဖြိုချဖျက်ဆီးမည့် အဆောက်အအုံများအနက် ၂ လုံးတို့အား ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်းနှင့် ဖြိုချဖျက်ဆီးရန် ကျန်ရှိသည့်အဆောက်အအုံ ၅၇ လုံးကိုလည်း ဆက်လက်၍ စနစ်တကျ ဖြိုချဖျက်ဆီးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ လူမှုစီးပွားနယ်ပယ်နှင့် အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်လာသည့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ပပျောက်စေရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့်ပူးပေါင်းကာ အပြီးတိုင်လုံးဝပပျောက်သွားစေရေး အထူးအလေးထား နှိမ်နင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


#News #Myanmar

မူရင်းသတင်း — Myanmar National Post