Eleven Media Group

တရုုတ်-မြန်မာ ချစ်ကြည်ရေး အဓွန့်ရှည်ပါစေ မြန်မာ့အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲပါစေ ...

■ Written By - ဆန်းမိုးထွန်း

(၁)

၁၉၅၀ ကတည်းက စတင်ထူထောင်ခဲ့တဲ့ တရုတ်-မြန်မာ သံတမန်ဆက်ဆံရေးဟာ အခုဆိုရင် နှစ်ပေါင်း ၇၆ နှစ် ပြည့်ခဲ့ပါပြီ။ ၁၉၅၀ ဇွန် ၈ ရက်မှာ တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး စတင်ထူထောင်ခဲ့ပြီး နှစ်နိုင်ငံ ခေါင်း ဆောင်တွေနဲ့ ပြည်သူတွေအကြားမှာ ရင်းနှီးမှုကိုဖော်ပြဖို့ "ဆွေမျိုးပေါက်ဖော်" ဆိုတဲ့ ဝေါဟာရကို သုံးနှုန်းခဲ့ ကြတယ်။ ငြိမ်းချမ်းစွာတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးချက်ကိုတော့ ၁၉၅၄ မှာ နှစ်နိုင်ငံ ဝန်ကြီးချုပ်တွေက လက်မှတ်ရေးထိုးခဲ့ပါတယ်။

တရုတ်-မြန်မာ ဆက်ဆံရေးဟာ သမိုင်းကြောင်းအရ နက်ရှိုင်းသလို နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေးနဲ့ ဒေသတွင်း ပထဝီနိုင်ငံရေးအရ အလွန်အရေးပါတဲ့ ဆက်ဆံရေးတစ်ခုလည်း ဖြစ်ပါတယ်။ နိုင်ငံရေး ပထဝီအနေအထားအရ မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံအတွက် အရေးပါသလို တရုတ်အကျိုး စီးပွားတွေ ဟာလည်း မြန်မာပြည်ထဲမှာ အများအပြား ရှိနေပါတယ်။

လက်ရှိမှာ တရုတ်ဟာ ကမ္ဘာ့စူပါပါ၀ါအင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်သလို ကမ္ဘာပေါ်မှာ စီးပွားရေးအင်အား အကောင်းဆုံးနိုင်ငံလည်း ဖြစ်တယ်။

ဒါကြောင့်လည်း တရုတ်နဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ မြန်မာအတွက် နှစ်နိုင်ငံဆက်ဆံရေးက အရေးကြီးတဲ့အပြင် တရုတ်နဲ့ ကင်းကွာသွားလို့မရတဲ့ အခြေအနေမျိုးလည်း ဖြစ်နေပါတယ်။ နောက်ပြီး တရုတ်နိုင်ငံနဲ့ ဆက်ဆံ ရေးကို မြန်မာအနေနဲ့ ဂရုတစိုက်ရမှာကလည်း ဘယ်လိုမှရှောင်လွှဲလို့ မရတဲ့အချက်ပါပဲ။

ဘာကြောင့်လဲဆိုတော့ ကမ္ဘာ့အင်အားကြီး အမေရိကန်နိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်ကြတဲ့ ကနေဒါ၊ မက္ကဆီကိုနိုင်ငံတွေဟာလည်း အမေရိကန်နဲ့ ဆက်ဆံရေးကောင်းအောင် ဂရုတစိုက်လုပ်ဆောင်နေရတဲ့ အခြေအနေပါ။ တကယ်လို့ ဒီကိစ္စအပေါ်မှာ အလေးမထားရင် ကမ္ဘာ့အင်အားကြီး အမေရိကန်နိုင်ငံကြောင့် အိမ်နီးချင်းနိုင်ငံငယ်တွေဟာ အချိန်မရွေး ဒုက္ခရောက်သွားနိုင်ပါတယ်။

ဒီလိုပါပဲ။ မြန်မာနိုင်ငံအနေနဲ့ကလည်း ရုရှား၊ အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေနဲ့ ထိတွေ့ဆက်ဆံ ရာမှာ တရုတ်နိုင်ငံထက် ကျော်လွန်ပြီးတော့ ထိတွေ့ဆက်ဆံမယ်ဆိုရင် သတိထားဆက်ဆံရမယ့် အနေ အထားလည်း ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ...။

(၂)

အခုခေတ်မှာတော့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေက သူတို့မြေပေါ်မှာ မဟုတ်ဘဲ တခြားနိုင်ငံတစ်ခုမှာ အကြောင်း အမျိုးမျိုးနဲ့ စစ်ရေး၊ စီးပွားရေးအရ ပြိုင်ဆိုင်လိုတဲ့အခါ Proxy War အဖြစ် ပုံဖော်လေ့ရှိကြပါတယ်။ ဒီလို ဖော်ဆောင်ရာမှာ အင်အားကြီးနိုင်ငံတွေက အဲဒီနိုင်ငံတွေကနေ ရရှိလာမယ့် အကျိုးအမြတ်တွေအပေါ် အခြေခံထားတာကို လက်ရှိကမ္ဘာပေါ်မှာဖြစ်ပွားနေဆဲဖြစ်တဲ့ Proxy War တွေမှာ တွေ့မြင်ရပါတယ်။

ပြီးခဲ့တဲ့နှစ်တွေမှာ ဖြစ်ပွားခဲ့တဲ့ အစ္စရေး-ဟားမတ်စ်စစ်ပွဲ၊ ယူကရိန်း-ရုရှားစစ်ပွဲ၊ အစ္စရေး-အီရန်စစ်ပွဲ အပါအဝင် လစ်ဗျား၊ ဆီးရီးယား စတဲ့ အရှေ့အလယ်ပိုင်းဒေသတွေက စစ်ပွဲတွေမှာလည်း တစ်ဖက်တစ်ချက်စီမှာ အင်အား ကြီးနိုင်ငံတွေ ပါဝင်ပတ်သက်နေတာကို တွေ့ရပါတယ်။

ဒီလိုပဲ မြန်မာနိုင်ငံမှာလည်း မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ ကိုးကန့်လက်နက်ကိုင်အဖွဲ့(MNDAA)၊ တအာင်းလက်နက်ကိုင်အဖွဲ့(TNLA) နဲ့ ရက္ခိုင့်လက်နက်ကိုင်အဖွဲ့(AA)တို့က အဓိကဦးဆောင်ပြီး ရှမ်းမြောက်မှာ ၂၀၁၃ အောက်တိုဘာ ၂၇ ရက်ကစလို့ ၁၀၂၇ စစ်ဆင်ရေးကို ဖော်ဆောင်ခဲ့ပါတယ်။

ဒီစစ်ဆင်ရေးမှာ တရုတ်ကျောထောက်နောက်ခံအဖြစ် ရှုမြင်ခံထားရတဲ့ အင်အားကြီး "၀" လက်နက်ကိုင် အဖွဲ့က သွယ်ဝိုက်သောနည်း ဒါမှမဟုတ် တခြားသောနည်းလမ်းတွေနဲ့ တစ်မျိုးတစ်ဖုံပါဝင်ပတ်သက်နေတာကို တွေ့ရတယ်လို့ သုံးသပ်မှုတွေ ရှိခဲ့ပါတယ်။ ဒီလိုသုံးသပ်မှုတွေက မှန်ကန်ခဲ့ပြီး နောက်ပိုင်းမှာ တရုတ်နိုင်ငံက "၀" အဖွဲ့ကို ဖိအားပေးမှုတွေ ပြုလုပ်တဲ့အခါမှာတော့ "၀" အဖွဲ့က MNDAA ကို ဘယ်လိုအကူအညီမျိုးမှ မပေးနိုင်သလို နယ်မြေဖြတ်သန်းသွားလာမှုမျိုးကိုလည်း ခွင့်မပြုတော့ဘူးလို့ ထုတ်ပြန်မှုတွေ ရှိခဲ့တာက ငြင်းမရတဲ့အချက်တွေလည်း ဖြစ်ခဲ့တယ်။

MNDAA အပါအဝင် တခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ သူတို့အဖွဲ့ တစ်ဖွဲ့ချင်းစီရဲ့ အကျိုးစီးပွားအတွက်သာ လုပ်ဆောင်တယ်လို့ ထောက်ပြမှုတွေရှိခဲ့ပြီး တကယ့်မြေပြင်မှာလည်း ကိုးကန့်နဲ့ တအာင်းအဖွဲ့ဟာ နယ်မြေကျူးကျော်မှုတွေ ပြုလုပ်ခဲ့တာကို တွေ့ရမှာပါ။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ကိုးကန့်နဲ့ တအာင်းဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေအဖြစ် နယ်မြေသတ်မှတ် ပေးထားပြီးသား ဖြစ်ပေမဲ့ ကိုးကန့်နဲ့ တအာင်းအဖွဲ့က လက်နက်ကိုင်ပုန်ကန်ပြီးတော့ သူတို့နယ်မြေမဟုတ်တဲ့ နယ်မြေတွေကိုပါ သိမ်းယူခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ဒီအဖွဲ့တွေရဲ့ စစ်ရေးဖော်ဆောင်မှုတွေဟာ မြန်မာနိုင်ငံအပေါ် တရုတ်ရဲ့ Proxy War လို့ နိုင်ငံရေးသုတေသီတွေအကြား ယူဆမှုတွေလည်း ရှိခဲ့တယ်။ တရုတ်သြဇာခံ MNDAA နဲ့ TNLA တို့က ဖော်ဆောင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာလည်း သူတို့အဖွဲ့တွေကို တရုတ်နိုင်ငံက ပြင်းပြင်းထန်ထန် ဖိအားပေးအကျပ်ကိုင်မှုတွေ လုပ်ဆောင်လာချိန်မှ ရပ်တန့်သွားခဲ့တာပါ။ ဒါကိုကြည့်ခြင်းအားဖြင့် ဒီနှစ်ဖွဲ့ဟာ တရုတ်သြဇာခံ တိုက်ရိုက်၊ သွယ်ဝှိုက်ဖြစ်တယ်လို့ ရှုမြင်ခံရမှုတွေအပေါ် ပိုမိုပီပြင်လာစေပါတယ်။

အဲဒီအချိန်တုန်းက တရုတ်ဟာ "၀" အဖွဲ့ကနေတစ်ဆင့် MNDAA နဲ့ TNLA တို့ကို တိုက်ပွဲတွေ ဖော်ဆောင်တာရပ်ဖို့ ဖိအားအကြီးအကျယ် ပေးခဲ့တာပါ။ နောက်ပိုင်းမှာတော့ တရုတ်ရဲ့ ဖိအားကြောင့် MNDAA နဲ့ TNLA တို့ဟာ တစ်ဖက်သတ် အပစ်ရပ်တယ်ဆိုပြီး ကြေညာချက်အသီးသီးကို ထုတ်ပြန်ခဲ့ကြသလို တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ဟိုင်ဂင်ဆွွေးနွေးပွဲ ကျင်းပခဲ့ပြီး မြန်မာ့တပ်မတော်နဲ့ MNDAA ၊ TNLA တို့ကြားမှာ အပစ်အခတ်ရပ်စဲရေးကို သဘောတူညီမှု ရရှိခဲ့ပါတယ်။

၁၀၂၇ စစ်ဆင်ရေးအမည်နဲ့ ရှမ်း​မြောက်​ဒေသမှာ တိုက်ပွဲတွေ ​ဖော်​ဆောင်ပြီးနောက် MNDAA က လောက်ကိုင်၊ ကုန်ကြမ်း၊ ချင်းရွှေဟော်၊ မုံးကိုး၊ တာမိုးညဲ၊ ကြူကုတ်(ပန်ဆိုင်း)၊ လားရှိုး၊ ကွမ်းလုံ၊ သိန္နီမြို့တို့ကို ထိန်းချုပ်ခဲ့ပြီး ရှမ်းပြည်နယ် အထူး​ဒေသ (၁) အဖြစ် သတ်မှတ်ခဲ့သလို သူတို့ရဲ့အုပ်ချုပ်​ရေးယန္တရားတွေနဲ့ လည်ပတ်ခဲ့ပါတယ်။ ဒါပေမဲ့ တရုတ်ရဲ့ ကြားဝင်စေ့စပ်ပေးမှုကြောင့် လားရှိုးကိုတော့ အစိုးရဆီ ပြန်လည်အပ်နှံခဲ့ပါတယ်။

ဒီလိုပဲ TNLA ကလည်း ၁၀၂၇ စစ်ဆင်ရေးအပိုင်း (၁) မှာ နမ္မတူ၊ နမ့်ဆန်၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ မန်တုံ၊ မိုင်းလုံ၊ မိုင်းငေ့ါမြို့တို့ကို သိမ်းပိုက်ခဲ့ပြီး ၁၀၂၇ စစ်ဆင်ရေးအပိုင်း အပိုင်း (၂) မှာတော့ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်နဲ့ မိုးမိတ် အစရှိတဲ့ မြို့နယ်တွေကို ထိန်းချုပ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ တရုတ်ရဲ့ ကြားဝင်စေ့စပ်ပေးမှုကြောင့်ပဲ TNLA ဟာ မိုးကုတ်နဲ့ မိုးမိတ်မြို့ကို အစိုးရဆီ ပြန်လည်အပ်နှံခဲ့တယ်။

လက်ရှိအချိန်မှာ မြန်မာ့တပ်မတော်အနေနဲ့ ကိုးကန့်နဲ့ရော၊ တအာင်းနဲ့ပါ အပစ်အခတ်ရပ်စဲရေး သဘောတူညီ ချက်ကို ယူထားတဲ့အတွက် ရှမ်းမြောက်မှာ တိုက်ပွဲတွေ မရှိဘဲ ငြိမ်သက်နေပါတယ်။ ဒါပေမဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် ကိုးကန့်နဲ့ တအာင်းအဖွဲ့က ကျူးကျော်သိမ်းပိုက်ထားတဲ့ နယ်မြေတွေကိုတော့ တပ်မတော်က ပြန်လည်သိမ်းပိုက်နိုင်ခြင်း မရှိသေးပါဘူး။ ကိုးကန့်ရော တအာင်းအဖွဲ့ကပါ သူတို့ ကျူးကျော်သိမ်းပိုက်ထားတဲ့ နယ်မြေတွေမှာ သူတို့ရဲ့ အုပ်ချုပ်ရေးစနစ်တွေကို စတင်အကောင်အထည် ဖော်နေပြီဖြစ်ပါတယ်။

(၃)

ကိုးကန့်နဲ့ တအာင်းအဖွဲ့တို့ဟာ သူတို့ကျူးကျော်သိမ်းပိုက်ထားတဲ့ နယ်မြေတွေမှာ လူမျိုးရေး ရှေ့တန်းတင်ပြီး အုပ်ချုပ်ရေးလုပ်ငန်းတွေ အကောင်အထည်ဖော်တဲ့အတွက် ဒေသခံတိုင်းရင်းသားအဖွဲ့အစည်းတွေရဲ့ ပြင်းပြင်းထန်ထန်ကန့်ကွက်မှုတွေကို ကြုံတွေ့ခဲ့ရပါတယ်။

TNLA ထက်စာရင် MNDAA ရဲ့ လုပ်ရပ်နဲ့ လုပ်ဆောင်ချက်တွေက ပိုမိုဆိုးရွားတာကို တွေ့မြင်ရပါတယ်။ MNDAA ရဲ့ လုပ်ရပ်တွေထဲမှာ အဆိုးရွားဆုံးကတော့ ဗုဒ္ဓဘာသာတွေရဲ့ ကိုးကွယ်ရာ ဘုရားစေတီတွေကို ဖျက်ဆီးခဲ့တာလည်း ဖြစ်ပါတယ်။

၂၀၂၄ ဇန်နဝါရီ ၈ ရက်တုန်းက လောက်ကိုင် ပွိုင့် ၂၂၀၂ တောင်ကုန်း (ဆင်ဦးကင်းကုန်း) ပေါ်မှာရှိတဲ့ စေတီတစ်ဆူကို MNDAA အဖွဲ့ဝင်တစ်ယောက်က တူနဲ့ထုရိုက်ဖြိုဖျက်ခဲ့သလို ၂၀၂၄ မတ် ၃၀ ရက်ကလည်း လောက်ကိုင်မြို့ လေးမျက်နှာဘုရားက ဆင်းတုတော်တချို့ပေါ်မှာ MNDAA တပ်ဖွဲ့ဝတ်စုံ ဝတ်ဆင်ထား သူနှစ်ယောက်က မတ်တပ်ရပ်နေတဲ့ပုံတွေ တယ်လီဂရမ်မှာ ပျံ့နှံ့လာပါတယ်။ ဒါဟာ ဗုဒ္ဓဘာသာကို နှိမ့်ချစော်ကားတဲ့ အပြုအမူတွေလည်း ဖြစ်ပါတယ်။

ဒါတင်မကသေးပါဘူး။ MNDAA ဟာ သူတို့ ကျူးကျော်သိမ်းပိုက်ထားတဲ့ မြို့တွေမှာ ဆိုင်းဘုတ်တွေကို မြန်မာဘာသာအပြင် တရုတ်ဘာသာကိုပါ ပူးတွဲရေးထိုးထားပြီး တရုတ်ငွေကြေးကို အဓိကထား သုံးစွဲလာပါတယ်။

မြန်မာအစိုးရအဆက်ဆက်က သိန္နီမြို့လို့ သတ်မှတ်ထားပေမဲ့ MNDAA ရဲ့ ထိန်းချုပ်မှုအောက်ရောက် သွားချိန်မှာတော့ မူပန်မြို့လို့ ခေါ်ဝေါ်သုံးစွဲတယ်လို့ သိရပါတယ်။

မြန်မာတိုင်းရင်းသားတွေထဲမှာပါတဲ့ ကိုးကန့်အဖွဲ့ကတော့ သူတို့ထိန်းချုပ်ထားတဲ့မြို့တွေမှာ တရုတ်ယဉ်ကျေးမှု၊ ဓလေ့ထုံးစံတွေကို အတင်းအဓမ္မ ဖော်ဆောင်နေတဲ့အတွက် ဒေသခံတိုင်းရင်းသားတွေရဲ့ ကန့်ကွက်မှုတွေကို အများအပြား ရင်ဆိုင်နေရပါတယ်။

ရှမ်းမြောက်မှာ MNDAA အနေနဲ့ နယ်မြေချဲ့ထွင်တာနဲ့ အုပ်ချုပ်စီမံမှုဆိုင်ရာကိစ္စရပ်တွေမှာ လက်နက်အင်အား အလွန်အကျွံ အသုံးပြုလာတာကို ကန့်ကွက်တယ်လို့ ရှမ်းလူငယ်ကွန်ဂရက်က ဒီနှစ် မေ ၂၅ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ရှမ်းလူငယ်ကွန်ဂရက်ရဲ့ “ဖက်ဒရယ်စနစ်နဲ့ MNDAA ရဲ့ လားရာ” ခေါင်းစဉ်နဲ့ ထုတ်ပြန်ချက်မှာ MNDAA စီမံမှုအောက်မှာ ဒေသခံတွေ ရင်ဆိုင်နေရတဲ့ အုပ်ချုပ်ရေးနဲ့ မြေယာသိမ်းဆည်းမှုဆိုင်ရာ ပြဿနာတွေ၊ လူ့အခွင့်အရေးနဲ့ လူမှုစီးပွားဆိုင်ရာ ပြဿနာတွေကို မီးမောင်းထိုးပြထားပါတယ်။

နောက်ပြီး MNDAA အနေနဲ့ ရှမ်းမြောက်မှာ ကိုးကန့်မှုပြုတာ၊ မြို့ရွာတွေရဲ့ မူလသွင်ပြင်ကို ပြောင်းလဲတာ၊ လယ်ယာမြေသိမ်းဆည်းတာနဲ့ စျေးနှိမ်တာ၊ ပြည်ပနိုင်ငံသားတွေကို အထူးအခွင့်အရေးပေးတာ၊ သယံဇာတတွေကို အဓမ္မတူးဖော်တာစတဲ့ အုပ်ချုပ်ရေးနဲ့ မြေယာပြဿနာတွေ ရင်ဆိုင်နေရတယ်လို့ ရှမ်းလူငယ်ကွန်ဂရက်က ဆိုပါတယ်။

ဒါ့အပြင် ရှမ်းမြောက်မှာ တရုတ်စာပေ၊ တရုတ်အုပ်ချုပ်ရေးစနစ်တွေ အစားထိုးလာတဲ့ MNDAA ကို ရှမ်းအဖွဲ့ ရှစ်ဖွဲ့က ဒီနှစ် အောက်တိုဘာ ၉ ရက်မှာ အိတ်ဖွင့်ပေးစာပေးပို့ခဲ့ပါတယ်။

အဲဒီစာထဲမှာ MNDAA တပ်တွေဟာ ရှမ်းမြောက်မြို့နယ်တွေမှာ ရှမ်း၊ တအာင်း/ပလောင်နဲ့ မြန်မာဘာသာ စကားတွေနဲ့ ရေးသားထားတဲ့ အများပြည်သူဆိုင်ရာ ဆိုင်းဘုတ်တွေကို တစ်ဖက်သတ်လိုက်ဖြုတ်ချပြီး တရုတ်စာ ဆိုင်းဘုတ်တွေနဲ့ အစားထိုးဆောင်ရွက်နေတဲ့ကိစ္စ၊ ဒေသခံတိုင်းရင်းသားတွေရဲ့ ဓလေ့ထမ်း တမ်းတွေနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေကို ထည့်သွင်းမစဉ်းစားဘဲ ပြင်ပအုပ်ချုပ်ရေးပုံစံ၊ ငွေကြေးသုံးစွဲမှုနဲ့ စည်ပင်သာယာရေး စည်းမျဉ်းတွေ အတင်းအကျပ် သွတ်သွင်းဆောင်ရွက်လာတဲ့ကိစ္စ စတာတွေ ပါဝင်ပါတယ်။

MNDAA အနေနဲ့ တရုတ်စာပေ၊ တရုတ်ဆိုင်းဘုတ်တွေနဲ့ တရုတ်ပုံစံအုပ်ချုပ်ရေးတွေကို အတင်းအကျပ်ပြဋ္ဌာန်း လုပ်ဆောင်လာတာဟာ တရုတ်နိုင်ငံရဲ့ တိုင်းရင်းသားရေးရာ မူဝါဒတွေနဲ့ပါ ကွဲလွဲနေပြီး မြန်မာတစ်နိုင်ငံလုံးက ပြည်သူတွေကို တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်မီးထိုးပေးသလို ဖြစ်စေနိုင်တယ်လို့ ထောက်ပြထားပါတယ်။

ပေကျင်းအစိုးရအနေနဲ့လည်း နယ်စပ်တည်ငြိမ်ရေးနဲ့ ချောမွေ့တဲ့သံတမန်ဆက်ဆံရေးဟာ အဓိက ဖြစ်တာကြောင့် အခုလို ဒေသခံအုပ်ချုပ်ရေးအလွဲကနေ မြန်မာပြည်သူတွေရဲ့ ဆန့်ကျင်မှုနဲ့ ပဋိပက္ခ သစ်ပေါ်ပေါက်လာမှာကို အလိုမရှိလောက်ဘူးလို့ သတိပေးထားပါတယ်။

အရင်ကတည်းက လူမျိုးပေါင်းစုံ အတူယှဉ်တွဲနေထိုင်တဲ့ ကွတ်ခိုင်လိုဒေသတွေမှာ ဗိုလ်ကျတဲ့ အုပ်ချုပ်ရေးကိုပဲ ဆက်သုံးနေရင် MNDAA အနေနဲ့ စစ်ရေးရော နိုင်ငံရေးမှာပါ အထီးကျန်သွားမယ်လို့ အသိပေးထားသလို စစ်ရေးအရ နယ်မြေစိုးမိုးနိုင်မှုဟာ ယာယီသာဖြစ်ပြီး လူမျိုးစု အတူယှဉ်တွဲနေထိုင်ရေး ဒေသခံတိုင်းရင်း သားတွေရဲ့ ယဉ်ကျေးမှု၊ စာပေနဲ့ အခွင့်အရေးတွေကို လေးစားဖို့ လိုတယ်လို့လည်း တိုက်တွန်းထားပါတယ်။

(၄)

လက်ရှိမှာတော့ MNDAA နဲ့ TNLA နှစ်ဖွဲ့စလုံး နေပြည်တော်ကိုလာပြီး ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေး မှုတွေ ပြုလုပ်ခဲ့ပါတယ်။ နေပြည်တော်မှာ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်း ရေးကော်မတီ (NSPNC) နဲ့ TNLA အဖွဲ့က ဇူလိုင် ၁၉ ရက်က တွေ့ဆုံဆွေးနွေးခဲ့သလို MNDAA အဖွဲ့က စက်တင်ဘာ ၂၄ ရက်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အဲဒီလိုတွေ့ဆုံဆွေးနွေးရာမှာ TNLA နဲ့ MNDAA နှစ်ဖွဲ့စလုံးက သူတို့ပြည်နယ်ရရှိရေးကို အဓိကတောင်းဆိုခဲ့တယ်လို့ ထွက်ပေါ်လာတဲ့ သတင်းတွေအရ သိရပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၆ မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေကို သတ်မှတ်ပေးထားပေမဲ့ TNLA နဲ့ MNDAA နှစ်ဖွဲ့စလုံးက သူတို့ပြည်နယ်ရရှိရေးကို တောင်းဆိုလာတာပါ။ ဒါဆိုရင် ၂၀၁၄ သန်းခေါင်စာရင်းအရ TNLA နဲ့ MNDAA လှုပ်ရှားနေတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက လူဦးရေကို လေ့လာကြည့်ရအောင်ပါ။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ သတ်မှတ်ပေးထားတဲ့ တအာင်းအဖွဲ့ (TNLA) လှုပ်ရှားနေတဲ့ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှာဆိုရင် ၂၀၁၄ လူဦးသန်းခေါင်စာရင်းအရ လူဦးရေ တစ်သိန်းကျော်သာ ရှိပါတယ်။ ကိုးကန့်အဖွဲ့ (MNDAA) လှုပ်ရှားတဲ့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာဆိုရင်လည်း ၂၀၁၄ လူဦးရေသန်းခေါင်စာရင်းအရ လူဦးရေ တစ်သိန်းကျော်သာ ရှိတာပါ။ ဒီလောက်လူဦးရေသာ ရှိတဲ့ တိုင်းရင်းသားအဖွဲ့တွေက လက်နက်ကိုင်ပြီး ကျူးကျော်လို့ရတဲ့ နယ်မြေတွေ အပါအဝင် ပြည်နယ်အဆင့် သတ်မှတ်ပေးဖို့ တောင်းဆိုလာတာတွေကလည်း ရဲတင်းလွန်းပါတယ်။

TNLA နဲ့ MNDAA အဖွဲ့က နေပြည်တော်မှာ ပြည်နယ်သတ်မှတ်ပေးရေး သွားရောက်တောင်းဆိုပြီး တစ်လမပြည့်ခင်မှာ တရုတ်အာရှရေးရာ အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းဆီက အသံထွက်လာပါတယ်။ အရင်ကိုယ်စားလှယ်ဟောင်း ဆွန်းကော့ရှန်ရဲ့ နေရာကို အစားထိုးဝင်ရောက်လာတဲ့ တိန့်ရှီကျွင်းဟာ မြန်မာနိုင်ငံကို မကြာခဏ လာရောက်ခဲ့သူလည်း ဖြစ်ပါတယ်။

၂၀၂၁ နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီး ၂၀၂၂ ဒီဇင်ဘာမှာ တိန့်ရှီကျွင်းက မြန်မာနိုင်ငံကို ပထမဆုံး လာရောက် ခဲ့တာပါ။ နောက်ပိုင်း ၂၀၂၃ ခုနှစ်မှာရော ၂၀၂၄ ခုနှစ်မှာပါ မြန်မာနိုင်ငံကို ထပ်မံလာရောက်ခဲ့ပြီး အဲဒီအချိန် တုန်းက နစကဥက္ကဋ္ဌ၊ နိုင်ငံခြားရေးဝန်ကြီးအပြင် မြန်မာအစိုးရအကြီးအကဲတွေနဲ့ တွေ့ဆုံမှုတွေ ဆက်တိုက် ပြုလုပ်ခဲ့ပါတယ်။

တိန့်ရှီကျွင်း ပြောတာက မြန်မာနိုင်ငံမှာ တိုင်းရင်းသား လူနည်းစုတွေအတွက် အဆင့်မြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပုံစံတွေ ရှာဖွေဖို့ ဖြစ်ပါတယ်။ ဒီစကားကို အောက်တိုဘာ ၁၅ ရက်က ကျင်းပတဲ့ NCA ၁၁ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားမှာ သူက ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

မြန်မာ့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့အပြင် ကမ္ဘာ့စူပါ ပါ၀ါနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ အခွင့်အာဏာရှိ သူတစ်ယောက်က ဒီလိုပြောကြားခဲ့တာဟာ မြန်မာ့အချုပ်အခြာအာဏာကို ဝင်ရောက်စွက်ဖက်သလို ဖြစ်နေသလားဆိုပြီး နိုင်ငံရေးလေ့လာသူတွေက ဝေဖန်သုံးသပ်မှုတွေ ရှိနေပါတယ်။

လက်ရှိမှာ စစ်ဘောင်ကျယ်နေပြီး မြန်မာ့တပ်မတော်က တိုင်းရင်းသားဒေသတွေမှာ နယ်မြေတချို့ဆုံးရှုံး ထားရချိန် တိန့်ရှီကျွင်းရဲ့ အခုလိုပြောကြားမှုက ပွဲလန့်တုန်း ဖျာခင်းသလို ဖြစ်နေတယ်ဆိုပြီးတော့လည်း ဝေဖန်မှုတွေ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်နေပါတယ်။

ဒီလိုအခြေအနေမျိုးမှာ တိန့်ရှီကျွင်းရဲ့ ပြောဆိုမှုဟာ အင်္ဂလိပ်-မြန်မာစစ်ပွဲမှာ ကာနယ်စလေဒင် ရာဇသံဆန်လိုမဟုတ်ပေမဲ့ တရုတ်နိုင်ငံက ကျောထောက်နောက်ခံပြုထားတယ်လို့ ရှုမြင်ခံထားရတဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ တောင်းဆိုမှုကို သံယောင်လိုက်ပေးသလို ဖြစ်နေပါတယ်။

၁၈၈၅ ခုနှစ် အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲအပြီး မြန်မာတစ်နိုင်ငံလုံး ဗြိတိသျှလက်အောက် ကျရောက် ခဲ့ပါတယ်။ ၁၈၈၅ မှာ ဘုံဘေဘားမား သစ်ကုမ္ပဏီ သစ်ခိုးမှုကို မြန်မာဘုရင် ဒဏ်ရိုက်တာ အကြောင်းပြပြီး တတိယ အင်္ဂလိပ်-မြန်မာ ကျူးကျော်စစ် ဆင်နွှဲကာ တစ်နိုင်ငံလုံးကို သိမ်းပိုက်ခဲ့ပါတယ်။

အင်္ဂလိပ်သစ်ကုမ္ပဏီက မြန်မာပိုင် သစ် ရှစ်သောင်းကျော် ထုတ်ယူပြီး သုံးသောင်းကျော်သာ စာရင်းပြတဲ့အတွက် တန်ဖိုးငွေ ၂၃ သိန်းကျော် ပေးလျော်ဖို့ မြန်မာအစိုးရက ဆုံးဖြတ်ခဲ့တာပါ။ ဒါပေမဲ့ အင်္ဂလိပ်နဲ့ မသင့်မမြတ် မဖြစ်လိုတဲ့အတွက် ပေးလျော်ငွေကို တောင်းခံခြင်းမပြုဘဲ မြန်မာဘက်က လွတ်ငြိမ်းခွင့်ပြုလိုက်ပေမဲ့ အင်္ဂလိပ်ဘက်ကနေ ကာနယ်စလေဒင်ကို လွှတ်ပြီး ရာဇသံဆန်တဲ့ အချက်ငါးချက်ကို မြန်မာဆီက တောင်းဆိုခဲ့သလို ခုနစ်ရက်အတွင်း ပြန်ကြားစေဖို့ အနိုင်အထက်ပြု တောင်းဆိုခဲ့ပါတယ်။

မြန်မာဘက််က အချက် (၁) ကနေ (၄) အထိကို လက်ခံပေးခဲ့ပေမဲ့ ဗြိတိသျှစစ်တပ်ဟာ ၁၈၈၅ နိုဝင်ဘာ ၁၄ ရက်မှာ တတိယ ကျူးကျော်စစ်ကို ဆင်နွှဲခဲ့ပါတယ်။ ၁၈၈၅ နိုဝင်ဘာ ၂၉ ရက်မှာတော့ သီပေါမင်းနဲ့ မိဖုရား စုဖုရားလတ်တို့ကို ရတနာဂီရိဆီ ဖမ်းဆီးခေါ်ဆောင်ပြီး တတိယ အင်္ဂလိပ်-မြန်မာစစ် ပြီးဆုံးခဲ့ပါတယ်။ အဲဒီကစလို့ မြန်မာဟာ ၁၉၄၈ ခုနစ်အထိ နှစ်ပေါင်း ၆၀ ကျော် ဗြိတိသျှကိုလိုနီလက်အောက်ကို ကျရောက်ခဲ့ရပတယ်။

မျက်မှောက်ခေတ်မှာလည်း တရုတ်ကြောထောက်နောက်ခံပြုထားတယ်လို့ ရှုမြင်ခံထားရတဲ့ MNDAA အပါအဝင် မြောက်ပိုင်းအဖွဲ့တွေအနေနဲ့ တိုင်းစစ်ဌာနချုပ်ရှိတဲ့ လားရှိုးမြို့၊ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်မြို့တွေကို တိုက်ခိုက်ပြီး မန္တလေးမြို့အထိ ခြိမ်းခြောက်ခဲ့တဲ့ ဖြစ်စဉ်တွေဟာ မြန်မာအပေါ် ဗြိတိသျှကိုလိုနီပြုမှုဖြစ်စဉ်နဲ့ တိုက်ရိုက်သက်ဆိုင်မှုမရှိပေမဲ့ အရှေ့မြောက်ပိုင်း Proxy စစ်ပွဲဟာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာနဲ့ လွတ်လပ်ရေးကို ထိခိုက်ဆုံးရှုံးရနိုင်တဲ့ အခြေအနေဆီ တဖြည်းဖြည်း ရောက်ရှိလာနေတဲ့ အချက်လည်း ဖြစ်ပါတယ်။

မြောက်ပိုင်းအဖွဲ့တွေက တိုက်ပွဲတွေဖော်ဆောင်ပြီး နယ်မြေတွေ သိမ်းယူနေချိန်နဲ့ တစ်ပြိုင်တည်း ၂၀၂၄ သြဂုတ် ၈ ရက် ကူမင်းမှာ တရုတ်စီစဉ်မှုနဲ့ ဟိုင်ဂင်ဆွေးနွေးပွဲပြုလုပ်ဖို့ ပြင်ဆင်စောင့်ဆိုင်းခဲ့ပါတယ်။ မြန်မာအစိုးရဘက်ကလည်း အချုပ်အခြာအာဏာ ဆုံးရှုံးနိုင်တဲ့ အခြေအနေမျိုးတာကြောင့် ဟိုင်ဂင် ဆွေးနွေးပွဲကို တက်ရောက်ခြင်းမရှိတဲ့အချိန်မှာ တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းက ၂၀၂၄ သြဂုတ် ၈ ရက်မှာ မြန်မာနိုင်ငံကို ရုတ်တရက် ရောက်ရှိလာခဲ့ပါတယ်။

အဲဒီတုန်းက တိန့်ရှီကျွင်း လာရောက်ခြင်းဟာ မြန်မာအပေါ် ကာနယ်စလေဒင်လိုမျိုး ဘယ်လိုသဘောထား မှတ်ချက်နဲ့ ဘယ်လို ရာဇသံတွေ ပါလာခဲ့လဲဆိုတာ တိတိကျကျ မသိခဲ့ရပါဘူး။ ဒါပေမဲ့လည်း နောက်ပိုင်းမှာ တော့ ဟိုင်ဂင်ဆွေးနွေးပွဲ သဘောတူညီချက်တွေနဲ့ မြန်မာ့တပ်မတော်နဲ့ MNDAA ၊ TNLA တို့အကြား အပစ်အခတ်ရပ်စဲရေးကို သဘောတူခဲ့ကြပါတယ်။

(၅)

အချုပ်အခြာအာဏာပိုင်နိုင်ငံဆိုတာ ပြည်တွင်းပြည်ပမှာ အချုပ်အခြာအာဏာ သက်ရောက်မှုရှိတာ၊ လူဦးရေ အတည်တကျ ရှိတာ၊ အုပ်ချုပ်တဲ့ အစိုးရရှိတာ၊ တခြား အချုပ်အခြာအာဏာပိုင်နိုင်ငံတွေနဲ့ ဆက်ဆံနိုင်တဲ့ အခြေအနေရှိတာ စတဲ့ ဂုဏ်အင်္ဂါတွေနဲ့ ပြည့်စုံတဲ့နိုင်ငံကို ခေါ်ဆိုတာပါ။ ယေဘုယျအားဖြင့် တခြား နိုင်ငံတစ်ခုအပေါ် မှီခိုမှု မရှိတာ၊ တခြားနိုင်ငံတစ်ခုရဲ့ လွှမ်းမိုးမှု မခံရတဲ့ နိုင်ငံကို ခေါ်ဆိုတာ ဖြစ်ပါတယ်။

နိုင်ငံတစ်ခုကို စည်းကမ်းနည်းလမ်းကျနစွာ မောင်းနှင်ထိန်းသိမ်းနိုင်ဖို့အတွက်ဖြစ်စေ၊ ပြည်သူတို့ရဲ့ အကျိုးစီးပွား တိုးတက်မှုကို ကာကွယ်ဖို့အတွက်ဖြစ်စေ အချုပ်အခြာအာဏာ လိုအပ်ပါတယ်။ အချုပ်အခြာပိုင်ဆိုင်မှု ရှိမှသာ နိုင်ငံနဲ့ နိုင်ငံသားတွေရဲ့ အကျိုးကို ဖော်ဆောင်နိုင်မှာဖြစ်သလို အချုပ်အခြာအာဏာပိုင်တာဟာ လွတ်လပ်တဲ့ နိုင်ငံတစ်နိုင်ငံရဲ့ အဓိက ၀ိသေသလက္ခဏာတစ်ရပ်လည်း ဖြစ်ပါတယ်။ အချုပ်အခြာအာဏာကို အပိုင်းသုံးပိုင်း ခွဲခြားသတ်မှတ်ထားပြီး အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုရေးအာဏာနဲ့ တရားစီရင်ရေးအာဏာတို့ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာလည်း အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေးဆိုတဲ့ အာဏာသုံးရပ်ကို ကျင့်သုံးနေပေမဲ့ လက်ရှိအချိန်မှာတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျင့်သုံးနိုင်ခြင်း မရှိသေးပါဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ မြို့နယ်ပေါင်း ၅၅ မြို့နယ် အရေးပေါ်အခြေအနေနဲ့ စစ်အုပ်ချုပ်ရေးကို ရက်ပေါင်း ၉၀ သက်တမ်းထပ်တိုး ခဲ့ရပါတယ်။

ဒီလို သက်တမ်းတိုးမြှင့်တဲ့ မြို့နယ် ၅၅ မြို့နယ်ထဲမှာ စစ်ကိုင်း၊ မကွေး၊ ချင်း၊ ရခိုင်၊ ကယား၊ ကရင်နဲ့ ရှမ်းတို့က မြို့နယ်တွေ ပါဝင်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာဟာ လက်ရှိမှာ စိန်ခေါ်မှုပေါင်းများ စွာနဲ့ ရင်ဆိုင်နေရတာပါ။

အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲမှ လိုချင်တဲ့နိုင်ငံရေးစနစ်ကို ထူထောင်နိုင်မှာဖြစ်သလို အချုပ်အခြာအာဏာ မရှိဘဲနဲ့ လိုချင်တဲ့ နိုင်ငံရေးစနစ်ကို သွားလို့မရပါဘူး။

စစ်ပွဲတွေ ရပ်မှရမှာဖြစ်သလို ငြိမ်းချမ်းရေးရမှဖြစ်ပါမယ်။ အချုပ်အာဏာ တည်တံ့ခိုင်မြဲဖို့က မြန်မာပြည်သူ တွွေရဲ့ ရည်မှန်းချက်လည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာနဲ့ပတ်သက်ပြီး NCA ၁၁ နှစ်ပြည့်ပွဲမှာ တိန့်ရှီကျွင်း ပြောခဲ့တဲ့စကားက တရုတ်နိုင်ငံရဲ့ "စွတ်ဖက်မှုမရှိရေး" မူဝါဒနဲ့ ကွဲလွဲမှုရှိနေတာကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကာလတုန်းကလည်း တိန့်ရှီကျွင်းအနေနဲ့ ဟိုင်ဂင်ဆွေးနွေးပွဲကို အတင်းထိုးတင်ပြီးတော့ မြန်မာ့အချုပ်အခြာအာဏာကို ထိပါးခဲ့ဖူးပါတယ်။

အမှန်အတိုင်းပြောရရင် တိန့်ရှီကျွင်းဟာ မြန်မာ့နိုင်ငံနဲ့ ညှိနှိုင်းရေးမှာ တစ်ဖက်သက် သိပ်ဆန်တယ်လို့ Eleven Media က ယူဆသလို တရုတ်-မြန်မာ ချစ်ကြည်ရေးကို အောင်မြင်အောင် လုပ်ဆောင်နိုင်ခြင်း မရှိဘူးလို့လည်း ယူဆပါတယ်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး သမိုင်းတစ်လျှောက် မြန်မာ့အချုပ်အခြာအာဏာကို ထိပါးနိုင်တဲ့ ပုန်ကန်မှုတွေဟာ တရုတ်နယ်စပ်ကနေ ပေါက်ဖွားလာတာဖြစ်တယ်။ တရုတ် နယ်စပ်က MNDAA လို လက်နက်ကိုင်သူပုန်အဖွဲ့တွေရဲ့ နယ်မြေချဲ့ထွင် လိုမှုကြောင့်ပဲဖြစ်ပါတယ်။ ၁၀၂၇ တုန်းက လုပ်ခဲ့တဲ့ တိုက်ပွဲတွေ၊ နယ်မြေသိမ်းယူမှုတွေတုန်းက ဒါဟာ တရုတ်ဖြူကူမင်တန် ဖော်မိုဆာကျွန်း၊ ထိုင်ဝမ်၊ CIA စသဖြင့် လမ်းလွှဲအောင် ချိတ်ဆက်ပြောဆိုပြီး တရုတ် လော်ဘီတွေလုပ်ကြတာတွေရှိပါတယ်။ တရုတ်မြန်မာ ဆက်ဆံရေးမှာ ကျွန်စိတ်ပေါက်တဲ့အတွေးအခေါ်နဲ့ လော်ဘီတွေရဲ့ ပြောဆိုလုပ်ဆောင်မှုတွေဟာလည်း နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေနိုင်ပါတယ်။

လွတ်လပ်ရေးရပြီးနောက်ပိုင်း ပထမဆုံး ပြည်ပကျူးကျော်မှုဖြစ်တဲ့ တရုတ်ဖြူ ကူမင်တန်တွေနဲ့ ပြည်တွင်းက ဗမာပြည်ကွန်မြူနစ်ပါတီက စလို့ လက်ရှိ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ (MNDAA ၊ AA ၊ TNLA) တို့ဟာ

မြန်မာပြည်ရဲ့ အချုပ်အခြာအာဏာကို ထိပါးပြီး မြန်မာ့လွတ်လပ်ရေးကို ဆုံးရှုံးနိုင်တဲ့ လက်နက်ကိုင် ပုန်ကန်မှုတွေကို တရုတ်နယ်စပ်ကနေ စတင်လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

လွတ်လပ်ရေးရပြီးနောက်ပိုင်း အစိုးရအဆက်ဆက်ကို ကြည့်မယ်ဆိုရင်လည်း ဖဆပလ၊ မဆလ၊ နဝတ၊ USDP ၊ NLD နဲ့ လက်ရှိအစိုးရအထိ ဒုက္ခအပေးဆုံးက တရုတ်နယ်စပ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေပဲ ဖြစ်ပါတယ်။

တစ်နည်းအားဖြင့် မြန်မာနိုင်ငံမှာ နှစ် ၈၀ ပြည်တွင်းစစ် ရှည်ကြာခြင်းရဲ့ ရောဂါဇစ်မြစ် အစပြုခဲ့တာ ဗြိတိသျှ ဖြစ်ပေမဲ့ ရှည်ကြာစေခဲ့သူကတော့ တရုတ်ကျောက်ထောက်ခံပြုအဖြစ် ရှုမြင်ခံထားရတဲ့ လက်နက်ကိုင် အဖွဲ့တွေကြောင့်လို့ ဆိုရမှာပါ။ တရုတ်နိုင်ငံဖက်က ပြန်တွက်ကြည့်ရင် ထိတွေ့နေတဲ့ နယ်စပ်နိုင်ငံတွေမှာ မြန်မာတစ်နိုင်ငံတည်း စစ်ပွဲရှိတော့တာ ဖြစ်ပါတယ်။

သမိုင်းကို ပြန်ကြည့်ရင်လည်း တရုတ်ခေါင်းဆောင်တွေဖြစ်တဲ့ မော်စီတုန်း၊ ချူအင်လိုင်းတို့က စလို့ ဗမာပြည်ကွန်မြူနစ်ပါတီကို ထောက်ပံ့ခဲ့တာ ၁၉၈၉ တိန့်ရှောင်ဖိန် လက်ထက်အထိပါပဲ။

တစ်ကျော့ပြန်အနေနဲ့ တရုတ်နယ်စပ်မှာ MNDAA အဖွဲ့တွေလို လက်နက်ကိုင်နယ်မြေချဲ့ထွင်လာမှုတွေဟာ ၂၀၁၅ သမ္မတ ရှီကျင်ပင်း လက်ထက်ကျမှ ဖြစ်လာတယ်။ တိန့်ရှောင်ဖိန် လက်ထက်ကလိုမျိုး နယ်စပ်ဒေသမှာရှိတဲ့ လက်နက်ကိုင်တွေ ငြိမ်ငြိမ်ချမ်းချမ်းနဲ့နေနေတဲ့အချိန်ကနေ ၂၀၁၅ ရှီကျင်ပင်း လက်ထက်ရောက်လာချိန်မှာတော့ နယ်စပ်ဒေသမှာ ပုန်ကန်မှုတွေ စလာတာတွေ့ရတယ်။ နယ်စပ်ဒေသတွေမှာ တရုတ်ရဲ့ Proxy War တွေ ပြန်ဖြစ်ပေါ်လာတယ်။

လက်ရှိမှာတော့ မြောက်ပိုင်းသုံးဖွဲ့ရဲ့ အင်အားကြီးထွားလာမှုနဲ့ နယ်မြေကျူးကျော်လာမှုကြောင့် တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့သလို MNDAA နဲ့ TNLA တို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်ပြီး ပြည်နယ်ရရှိရေး တောင်းဆိုမှုတွေ၊ တိန့်ရှီကျွင်းရဲ့ တိုင်းရင်းသားလူနည်းစုများအတွက် အဆင့်မြင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပုံစံပြောဆိုလာမှုတွေက နိုင်ငံရဲ့ အချုပ်အခြာကို ထိပါးသလိုဖြစ်စေပါတယ်။ ဒါတွေဟာ နှစ်နိုင်ငံ ချစ်ကြည်ရေးအရရော နိုင်ငံအချုပ်အခြာတည်တံ့ခိုင်မြဲရေးအတွက်ပါ လက်မခံနိုင်တဲ့အခြေအနေပဲဖြစ်ပါတယ်။ အခုလို Proxy သူပုန်တွေရဲ့ ကျူးကျော်နယ်မြေချဲ့တာတွေ မဖြစ်နိုင်တဲ့ ကွန်ဖယ်ဒရိတ်တွေ တောင်းဆိုမှု တွေဟာ ဖြစ်နိုင်စရာမရှိပါဘူး။ လက်နက်ကိုင်တွေဟာ မြို့တွေကိုသိမ်းတယ်။ တစ်နှစ်ရမယ်။ နှစ်နှစ်ရမယ်။ ဒါပေမဲ့ နောက် ၁၀ နှစ် အနှစ် ၁၀၀ မှာ ဘာဖြစ်မလဲ။ မြန်မာတွေအနေနဲ့ အချုပ်အခြာတည်တံ့ခိုင်မြဲရေးအတွက် ပြန်တိုက်ယူမှာပါပဲ။ ခေါင်းဆောင်တွေ ပြောင်းသွားမယ်။ အစိုးရတွေပြောင်းမယ်။ လွှတ်တော်တွေပြောင်းမယ်။ ဒါပေမဲ့ ဒီနယ်မြေနဲ့ အချုပ်အခြာအတွက် မြန်မာတွေကတော့ အဆုံးထိသွားမှာဖြစ်သလို နိုင်ငံကတော့ တည်မြဲနေပါပဲဖြစ်ပါတယ်။

ဒါကြောင့် MNDAA အနေနဲ့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို လေးစားပြီး တရုတ်နယ်စပ်က တရုတ်သြဇာခံ အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ "၀" တို့ မိုင်းလားတို့လို ပြည်ထောင်စုစိတ်ဓာတ်နဲ့ ငြိမ်ငြိမ်သက်သက်နေပြီး သံလွင်မြစ်အရှေ့ဘက်ကို အေးအေးဆေးဆေး အမြန်ဆုံးပြန်သွားမလား။ ဒီလိုမှမဟုတ်ရင်တော့ နိုင်ငံ့အချုပ်အခြာအာဏာအတွက် MNDAA ကို လက်ရှိအစိုးရကစလို့ နောက်အစိုးရအဆက်ဆက်က နယ်မြေတွေ ပြန်မရမချင်း တိုက်ခိုက််နေမယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။ ဒါဟာ MNDAA ၊ အခြားလက်နက်ကိုင်တွေနဲ့ သူတို့ကိုထောက်ခံတဲ့သူတွေကို မြန််မာ့အချုပ်အခြာအတွက် ပေးချင်တဲ့ မက်ဆေ့ချ်ပဲဖြစ်ပါတယ်။

ဒီလိုပါပဲ နှစ်ပေါင်း ၇၆ နှစ်ကျော်ကြာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးကို ထောက်ထားပြီး တရုတ်နိုင်ငံ အနေနဲ့ကလည်း မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို လေးစားရမှာဖြစ်သလို တရုတ်နယ်စပ်မှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ချုပ်ငြိမ်းသွားအောင် ကူညီလုပ်ဆောင်ရမှာက တရုတ်အစိုးရမှာအဓိက တာဝန်ရှိပါတယ်။ ငြိမ်းချမ်းရေးအတွက် ကြားဝင်ဖြန်ဖြေရေးထက် ပိုပြီးလေးနက်ပါတယ်။ တရုတ်ခေါင်းဆောင် တိန့်ရှောင်ဖိန်လက်ထက် ဗမာပြည်ကွန်မြူနစ်ပါတီကို ထောက်ပံ့မှုတွေ လုံးဝဖျက်တောက်ပြီး မြန်မာ့ငြိမ်းချမ်း ရေးအတွက် အကောင်းဆုံးမျိုးစေ့ချ လျှောက်လှမ်းခဲ့တဲ့လမ်းအတိုင်း သမ္မတရှီကျင်ပင်းအနေနဲ့ ဆက်လက် လျှောက်လှမ်းဖို့လိုပါတယ်။ မြန်မာ့ငြိမ်းချမ်းရေးအတွက် တာဝန်ရှိပြီး အဓိကလုပ်ဆောင်ပေးနိုင်သူဟာလည်း သမ္မတရှီကျင်ပင်းနဲ့ တရုတ်နိုင်ငံပဲဖြစ်ပါတယ်။

တရုတ်-မြန်မာ ချစ်ကြည်ရေး အဓွန့်ရှည်ပါစေ....။

မြန်မာ့အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲပါစေ....။

မူရင်းသတင်း — Eleven Media Group