
ဆန္ဒပြပွဲများ ဖြစ်ပွားနေသည့် ဥရောပနိုင်ငံများသို့ ခရီးမသွားရန် ထိုင်းနှင့် မလေးရှားအစိုးရများက ၄င်းတို့၏ နိုင်ငံသားများကို တိုက်တွန်းခဲ့သည်။
ဥရောပ၏ ဆန္ဒပြပွဲများ ဖြစ်ပွားနေသည့် နေရာများသို့ မဖြစ်မနေ သွားရောက်ရန် မလိုသည့် ခရီးစဉ်များကို ရွှေ့ဆိုင်းရန် ထိုင်းနိုင်ငံက ထုတ်ပြန်ထားပြီး မလေးရှားအစိုးရကလည်း ပြင်သစ်နိုင်ငံသို့ သွားရောက်လည်ပတ် ခြင်းမပြုရန် ၎င်း၏နိုင်ငံသားများကို သတိပေးခဲ့သည်။
ပြင်သစ်နိုင်ငံတွင် လူနေမှုစရိတ် မြင့်မားလာခြင်းကို ဆန့်ကျင်သည့် အကြီးစား ဆန္ဒပြပွဲများကြောင့် မကြာသေးမီ နှစ်များအတွင်း အဆိုးရွားဆုံး ဆန္ဒပြမှုများနှင့် ကြုံတွေ့နေရပြီး အီတလီ၊ ဘယ်လ်ဂျီယံ၊ စပိန်နှင့် ပေါ်တူဂီတို့ တွင်လည်း ဆန္ဒပြပွဲများ ဖြစ်ပွားနေဆဲဖြစ်သည်။
"ထိုင်းနိုင်ငံကနေ ဥရောပကို ခရီးသွားကြမယ့်သူတွေအနေနဲ့ အခြေအနေက လျင်မြန်စွာ ပြောင်းလဲနေပြီး ပြင်သစ်မှာက မတည်ငြိမ်သေးဘဲ စိုးရိမ်စရာရှိနေတာကြောင့် အခြေအနေကို အနီးကပ် စောင့်ကြည့်ရပါမယ်" ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး သူရဆက် ဖူအန်ကက်ကောက အောက်တိုဘာ ၂၁ ရက်တွင် အီတလီနိုင်ငံသို့ သွားရောက်သည့် ခရီးစဉ်အတွင်း သတင်းထောက်များကို ပြောကြားခဲ့သည်။
အီတလီနိုင်ငံရှိ ဆန္ဒပြပွဲများနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများကို ၎င်းက ထောက်ပြခဲ့ပြီး မငြိမ်မသက်မှုများ အပေါ် အီတလီအစိုးရသည်အရေးပေါ် အစည်းအဝေး ကျင်းပခဲ့ရခြင်းကြောင့် အီတလီနိုင်ငံခြားရေးဝန်ကြီးသည် မိမိနှင့်ပြုလုပ်မည့် နှစ်နိုင်ငံ ဆွေးနွေးပွဲကို ဖျက်သိမ်းလိုက်ရကြောင်း၊ စပိန်နိုင်ငံအတွက်လည်း စိုးရိမ်ရကြောင်း သီဟဆက်က ဖြည့်စွက်ပြောဆိုခဲ့သည်။
"မလိုအပ်ဘူးဆိုရင်တော့ အဲဒီနိုင်ငံတွေမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေနဲ့အတူ ခရီးစဉ်တွေကို ခဏလောက် ရွှေ့ဆိုင်းထားတာ ပိုကောင်းမယ်လို့ ထင်ပါတယ်" ဟု ၄င်းက ပြောကြားခဲ့သည်။
ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော်ရှိ မလေးရှားသံရုံးကလည်း ဆန္ဒပြပွဲများကြောင့် ပြင်သစ်နိုင်ငံရှိ မလေးရှားနိုင်ငံ သားများအနေဖြင့် သတိကြီးကြီးထားကြရန်နှင့် အမြဲတမ်း သတိဝီရိယရှိရှိ နေထိုင်ကြရန် အောက်တိုဘာ ၁၈ ရက်က သတိပေးခဲ့သည်။
"ပြင်သစ်နိုင်ငံကို ခရီးသွားလာမှုတွေအပေါ် ပိတ်ပင်တားမြစ်ထားခြင်း မရှိသေးပေမဲ့ အခြေအနေတွေ တိုးတက်ကောင်းမွန်လာတဲ့အချိန်အထိ အရေးမကြီးတဲ့ ခရီးစဉ်တွေကို ရွှေ့ဆိုင်းဖို့ စဉ်းစားကြပါလို့ မလေးရှားနိုင်ငံသားတွေကို အကြံပြုချင်ပါတယ်" ဟု မလေးရှားသံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အောက်တိုဘာ ၁၈ ရက်က မြို့တော်ခန်းမများနှင့် စတိုးဆိုင်များ ဖောက်ထွင်းလုယက်ခံရပြီး မီးရှို့ခံရမှုများ ဖြစ်ပွားခဲ့ပြီးနောက် ပြင်သစ်နိုင်ငံသို့ ခရီးသွားရောက်ကြမည့် တရုတ်နိုင်ငံသားများအနေဖြင့် လုံခြုံရေးကို သတိထားကြရန် တရုတ်နိုင်ငံက သတိပေးခဲ့ကြောင်း နိုင်ငံပိုင် CCTV ရုပ်သံက အောက်တိုဘာ ၁၉ ရက်တွင် ဖော်ပြခဲ့သည်။
Ref: AFP