
အောက်တိုဘာ - ၂၃ ( သောကြာနေ့ )
လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုတွေကြောင့် ဂျပန်နိုင်ငံရှိ လေတပ်စခန်းတစ်ခုမှာ တရုတ်လျှပ်စစ်ကား ထုတ်လုပ်ရေးကုမ္ပဏီ BYD ရဲ့ လျှပ်စစ်ကားတွေကို အမေရိကန်တပ်ဖွဲ့ဝင်တွေ မသုံးရဘူးဆိုပြီး ပိတ်ပင်လိုက်တယ်လို့ တောင်ကိုရီးယားနိုင်ငံရဲ့ Yonhap သတင်းဌာနက သောကြာနေ့မှာ ဖော်ပြလိုက်ပါတယ်။ အမေရိကန်အနေနဲ့ တရုတ်စစ်တပ်ကို အထောက်အကူပြုနေတယ်လို့ ယူဆတဲ့ ကုမ္ပဏီစာရင်းထဲကို BYD ကုမ္ပဏီကို ထည့်သွင်းပြီးနောက်မှာ အခုလို ပိတ်ပင်တားမြစ်လိုက်တာ ဖြစ်ပါတယ်။
အဆိုပါယာဉ်တွေမှာ တပ်ဆင်ထားတဲ့ ကင်မရာတွေနဲ့ ဆင်ဆာအာရုံခံကိရိယာတွေကတစ်ဆင့် စခန်းရဲ့ လုံခြုံရေးနဲ့ပတ်သက်တဲ့ အရေးကြီးအချက်အလက်တွေကို ကောက်ယူပြီး ပေါက်ကြားသွားစေနိုင်တယ် လို့ အမေရိကန်ဘက်က စိုးရိမ်နေကြတာကြောင့် ဖြစ်တယ်လို့ ဂျပန်နိုင်ငံမှာ အခြေစိုက်တဲ့ အမေရိကန်စစ်ဘက် တာဝန်ရှိသူတွေကို ကိုးကားပြီး Yonhap သတင်းက ဖော်ပြထားပါတယ်။
ဂျပန်နိုင်ငံရှိ အမေရိကန်စစ်ဘက် တာဝန်ရှိသူတွေကိုတော့ အတည်ပြုချက်ရယူဖို့ ချက်ချင်းဆက်သွယ် လို့ မရသေးပါဘူး။ BYD ဘက်ကလည်း မှတ်ချက်ပေးဖို့ တောင်းဆိုချက်အပေါ် ချက်ချင်း တုံ့ပြန်ခြင်း မရှိသေးပါဘူး။
အိုကီနာဝါကျွန်းမှာရှိတဲ့ ကာဒီနာလေတပ်စခန်း ကတော့ တနင်္လာနေ့ကစပြီး BYD ကားတွေကို ဝင်ရောက်ခွင့်မပေးတော့ဘဲ လှည့်ပြန်ခိုင်းမှာဖြစ်တယ်လို့ Yonhap က ဆိုပါတယ်။ စခန်းတွင်းဝန်ထမ်းတွေ၊ ကန်ထရိုက်တာတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အငှားယာဉ် (တက္ကစီ) တွေ အသုံးပြုတဲ့ ယာဉ်တွေအားလုံး အခွင့်ထူးခံခြွင်းချက်မရှိဘဲ အားလုံး အကျုံးဝင်မှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လတုန်းက အမေရိကန်နိုင်ငံဟာ တရုတ်စစ်တပ်ကို အထောက်အကူပြုနေတယ်လို့ ယူဆတဲ့ ကုမ္ပဏီစာရင်းထဲမှာ အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေး ကုမ္ပဏီ အလီဘာဘာ ၊ အင်တာနက်ကုမ္ပဏီ ဘိုင်ဒူ နဲ့ ကားထုတ်လုပ်ရေးကုမ္ပဏီ NIO တို့နဲ့အတူ BYD ကိုပါ ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီနောက်ပိုင်းမှာတော့ အလီဘာဘာ ကုမ္ပဏီက အမေရိကန်အစိုးရကို တရားစွဲဆိုထားပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အဆိုပါစာရင်းဟာ ခွဲခြားဆက်ဆံရာရောက်ပြီး ကျိုးကြောင်းဆီလျော်မှုမရှိကြောင်း ကန့်ကွက်ပြောကြားထားပါတယ်။
Ref: The Korea Times
#News #Myanmar