Myanmar National Post

ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်း သတ်မှတ်အရည်အသွေး စံနှုန်းများနှင့်ကိုက်ညီသော စံကိုက်ကျောင်းများ ကြည့်ရှုစစ်ဆေး


နေပြည်တော်၊ အောက်တိုဘာ ၂၃

နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ ပုဗ္ဗသီရိမြို့နယ် (သုခဒီပ) အခြေခံပညာ မူလတန်းကျောင်း၊ ပုဗ္ဗသီရိမြို့နယ် အမှတ်(၂၀)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း၊ (ပုပ္ပါးကုန်း) အခြေခံပညာမူလတန်းကျောင်း၊ ဥတ္တရ သီရိမြို့နယ် အခြေခံပညာ အလယ်တန်းကျောင်း၊ ဇမ္ဗူသီရိမြို့နယ် (အကွက်ကြီး-၅)အခြေခံပညာ မူလတန်းကျောင်းနှင့် (ရွှေကြာပင်) အမှတ် (၂၅)အခြေခံပညာ မူလတန်းလွန် ကျောင်းများကို ယမန်နေ့က ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် သတ်မှတ်အရည်အသွေး စံညွှန်းများနှင့်ကိုက်ညီသော စံကိုက်ကျောင်းများအဖြစ် ဆောင်ရွက်ရာတွင် လိုအပ်မည့်မြေနေရာ အကျယ်အဝန်း၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ Site Plan များနှင့်အညီ အဆောက်အအုံများ တည်ဆောက်ရေးတို့ကို မှာကြားသည်။

ထို့အတူ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် နှစ်အလိုက်စွမ်းဆောင်ရည် ပြန်လည်သုံးသပ်ခြင်းနှင့် နှစ်အလိုက်ဘဏ္ဍာငွေ ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ပြီး လာမည့်ဘဏ္ဍာရေးနှစ်အတွက် ဦးစီးဌာနများ၏ ဘဏ္ဍာငွေလိုအပ်ချက်များ၊ ဦးစား ပေးလုပ်ငန်းစဉ်များကို ဆွေးနွေးသတ်မှတ်ကြရမည်ဖြစ်ကြောင်း၊ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ကာလဝက်အကဲဖြတ်သုံးသပ်မှု (Mid-Term Review - MTR) အတွက်အချက်အလက် ပံ့ပိုးပေးရန်စသည့် အဓိကလုပ်ငန်းစဉ်သုံးခုဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားသည်။

ဆွေးနွေးပွဲတွင် လေ့လာဆန်းစစ် အကဲဖြတ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်ဆန်းဝင်းက အလုပ်ရုံဆွေးနွေးပွဲ ရည်ရွယ်ချက်နှင့် အဓိကရလဒ်များကို ရှင်းလင်းတင်ပြပြီး ဦးစီးဌာနအလိုက် ဆွေးနွေးမှုများဆောင်ရွက်ကြကြောင်းသိရသည်။


#News #Myanmar

မူရင်းသတင်း — Myanmar National Post