
■ ထိုင်းရုပ်သံစီးရီး Scarlet Heart Thailand ဇာတ်လမ်းတွင် မြန်မာထိုင်မသိမ်းဝတ်စုံနှင့် ရခိုင်ဆီမီးခွက်အကကို ထိုင်းရိုးရာအကနှင့် ဝတ်စုံပုံစံမျိုး ရိုက်ကူးထား
■ မြန်မာ့ရိုးရာဝတ်စုံနှင့် ဆီမီးခွက်အကကို ထိုင်းလူမျိိုးများ၏ယဉ်ကျေးမှုပုံစံအဖြစ် သုံးစွဲခြင်းကို ယဉ်ကျေးမှုဝန်ကြီးဌာနအပါအဝင် NGOများနှင့်ပြည်သူတရပ်လုံး ကန့်ကွက်ရန်လို
ထိုင်းရုပ်သံစီးရီး Scarlet Heart Thailand ဇာတ်လမ်းတွင် မြန်မာထိုင်မသိမ်းဝတ်စုံနှင့် ရခိုင်ဆီမီးခွက်အကကို ထိုင်းရိုးရာအကနှင့် ဝတ်စုံပုံစံမျိုး ရိုက်ကူးထားခြင်းအပေါ် ယဉ်ကျေးမှုဝန်ကြီးဌာနအပါအဝင် NGO များနှင့် ပြည်သူတရပ်လုံးက ကန့်ကွက်ရန်လိုအပ်ကြောင်း သိရသည်။
တရုတ်နိုင်ငံနှင့် ကိုရီးယားနိုင်ငံများတွင် နာမည်ကြီး လူကြိုက်များ အောင်မြင်ခဲ့သည့် Scarlet Heart ဇာတ်လမ်းတွဲကို ထိုင်းနိုင်ငံတွင် ပုံစံတစ်မျိုးဖြင့် ပြန်လည်ရိုက်ကူးထားခြင်းဖြစ်ကာ နိုဝင်ဘာ ၄ ရက်တွင် စတင်ထုတ်လွှင့်ရန်စီစဉ်ထားခြင်းဖြစ်သည်။
အဆိုပါ ဇာတ်လမ်းတွဲ၏ နောက်ဆုံးထွက် trailer နှင့် ပရိုမိုးရှင်းပုံများမှာ ကုန်းဘောင်ခေတ်နှောင်းပိုင်း ထိုင်မသိမ်းဝတ်စုံများကို ဝတ်ဆင်ထားပြီး ဆီမီးခွက်အကဖြင့် ဖျော်ဖြေနေသည့် ဇာတ်ဝင်ခန်းများပါဝင်လာရာမှစတင်ကာ ကန့်ကွက်မှုများလည်း ရှိလာခဲ့ ခြင်းဖြစ်သည်။
မြန်မာနိုင်ငံမှ သရုပ်ဆောင်အချို့နှင့် လူမှုကွန်ရက် သုံးစွဲသူအချို့က မြန်မာ့ရိုးရာဝတ်စုံနှင့် ဆီမီးခွက်အကအကြောင်းကို အထောက်အထားများဖြင့် ပြသပြီး လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် ဝေဖန်နေခြင်းများလည်းရှိနေသည်။
ထို့ပြင် ထိုင်းနိုင်ငံမြောက်ပိုင်း လန်နာဒေသ ယဉ်ကျေးမှုဖြစ်သည်ဟု ပြောဆိုမှုများရှိနေသော်လည်း ယင်းဒေသယဉ်ကျေးမှုနှင့် မတူညီကြောင်း ဓာတ်ပုံ အထောက်အထားများဖြင့်လည်း ပြန်လည်တုံ့ပြန်ဝေဖန်လျက်ရှိသည်။
ယခုကဲ့သို့ ထိုင်းရုပ်သံဇာတ်လမ်းတွင် မြန်မာ့ရိုးရာ ဝတ်စုံနှင့် ဆီမီးခွက်အကကို ထိုင်းရိုးရာပုံစံထည့်သွင်းတင်ဆက်ထားမှုအပေါ် ထိုင်းနိုင်ငံသားအချို့က ဝေဖန်လျက်ရှိသည်။
" လူမှုကွန်ရက်သုံးတဲ့သူတွေ တော်တော်များများက ဝေဖန်ကြတယ်။ တောင်းဆိုနေကြတာက ကိုယ့်မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုအမွေအနှစ်ကို လေးစားပေးဖို့၊ မှန်မှန်ကန်ကန်နဲ့ အသိအမှတ်ပြုပေးဖို့နဲ့ အမှန်တရားအတိုင်း တင်ပြဖော်ပြပေးဖို့ပဲ ဖြစ်ပါတယ်။ တခြားဘာမှလည်း မတောင်းဆိုဘူး။ ဒါက ကိုယ့်နိုင်ငံ ရိုးရာအမွေအနှစ်ကို သူတို့ရဲ့ပုံစံမျိုး ယူသုံးထားလို့ ကန့်ကွက်ကြတာ" ဟု လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက ပြောကြားသည်။
ယခုကဲ့သို့ မြန်မာ့ရိုးရာဝတ်စုံနှင့် ဆီမီးခွက်အကကို ထိုင်းလူမျိိုးများ၏ယဉ်ကျေးမှုပုံစံအဖြစ် သုံးစွဲခြင်းကို ယဉ်ကျေးမှုဝန်ကြီးဌာနအပါအဝင် NGOများနှင့်ပြည်သူတရပ်လုံးကန့်ကွက်ရန်လိုအပ်ကြောင်းလည်း ပြောဆိုမှုများရှိနေသည်။
လတ်တလောတွင် မြန်မာ့ရိုးရာ ထိုင်မသိမ်းအကျႌကို ဝတ်ဆင်ကာ မြန်မာရုပ်ရှင်သရုပ်ဆောင်များ၊ မော်ဒယ်များက မြန်မာ့ရိုးရာ ဝတ်စုံဖြစ်သည်ဆိုသည့် အကြောင်းကို ဓာတ်ပုံများ ရိုက်ကူးကာ လူမှုကွန်ရက်စာမျက်နှာများတွင် ဖော်ပြလျက်ရှိသည်ကို တွေ့ရသည်။
အငြင်းပွားမှုများဖြစ်ပွားနေသည့် အဆိုပါရုပ်သံဇာတ်လမ်းတွဲနှင့် ပတ်သက်ပြီး ထုတ်လုပ်သည့် ကုမ္ပဏီ GMMTV ထံမှ အောက်တိုဘာ ၂၃ ရက်ညပိုင်းတွင် ထုတ်ပြန်ချက်တစ်ခု ထွက်ရှိလာသည်ကို တွေ့ရသည်။
အဆိုပါ ထုတ်ပြန်ချက်ကို ထိုင်းနှင့် အင်္ဂလိပ်ဘာသာများဖြင့် ရေးသားထားပြီး ဇာတ်လမ်းတွဲတွင် ဇာတ်ကောင်များနှင့် လိုက်ဖက်သည့် ဝတ်စုံများကို အနုပညာဖန်တီးမှုများအတွက် အသုံးပြုခဲ့ခြင်းဖြစ် ကြောင်း၊ အဆိုပါ ဒီဇိုင်းများမှာ လန်နား၊ တိုင်တိုင်းရင်းသား၊ တရုတ်၊ မြန်မာတို့၏ အနုပညာနှင့် ယဉ်ကျေးမှု ရိုးရာဓလေ့များမှ စိတ်ကူးပုံဖော်မှု ရယူထားခြင်းဖြစ်ကြောင်း ရေးသားထားသည်။
၎င်းတို့အနေဖြင့် ယဉ်ကျေးမှုတစ်ခုစီတိုင်း၏ တန်ဖိုးနှင့် မူလဇာစ်မြစ်ကို လေးစားပြီး ဇာတ်လမ်းတွဲတွင် ပါဝင်သည့် အစိတ်အပိုင်းများအားလုံးကို ထိုင်းယဉ်ကျေးမှုအဖြစ် တင်ဆက်ရန် ရည်ရွယ်ချက် လုံးဝမရှိကြောင်း ဆက်လက်ရေးသားထားသည်။
ယင်းသို့ ကုမ္ပဏီဘက်က ထုတ်ပြန်လာခြင်းနှင့် ပတ်သက်ပြီး လုံလောက်မှုမရှိကြောင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာများကို ကုမ္ပဏီဘက်က စနစ်တကျအသိအမှတ်ပြုပေးရန် လိုအပ်ကြောင်း ဝေဖန်ထောက်ပြမှုများလည်းရှိနေသည်။
အဆိုပါ ရုပ်သံဇာတ်လမ်းတွဲတွင် ထိုင်းနာမည်ကြီး သရုပ်ဆောင်များဖြစ်သည့် အမျိုးသမီးသရုပ်ဆောင် Tu Tontawan အပါအဝင် Win Metawin၊ Nanon Korapat၊ Phuwin Tangsakyuen နှင့် Perth Tanapon အစရှိသူတို့ ပါဝင်သရုပ်ဆောင်ထားသည်။