
■ တံတားပေါ် ဖြတ်သန်းသွားလာသူများ၏ စည်းကမ်းမဲ့ အပြုအမှုများကြောင့် မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလတံတား) လူသွားလမ်းအား လမ်းလျှောက်သွားလာခွင့်ပြုမည်မဟုတ်
■ လူတစ်ဦးတစ်ယောက်ကြောင့် လူအများ အခွင့်အရေးဆုံးရှုံးမှုမျိုး မဖြစ်စေလိုဟု ဒလမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ပြော
တံတားပေါ် ဖြတ်သန်းသွားလာသူများ၏ စည်းကမ်းမဲ့အပြုအမှုများကြောင့် မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလတံတား) လူသွားလမ်းအား လမ်းလျှောက်သွားလာခွင့်ပြုမည်မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်က ပြောကြားသည်။
အောက်တိုဘာ ၂၃ ရက်တွင် ပြုလုပ်သည့် ဒလမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းဦး၏ "ဒလမြို့နယ် ဒလ-ကိုရီးယား ချစ်ကြည်ရေးတံတားပေါ်ရှိ လူသွားလမ်းပေါ်တွင် ပြည်သူများ ပြည်သူများ လမ်းလျှောက်ခရီးသွားပါက ပြည်သူများအတွက် ကျန်းမာရေးအထောက်အကူဖြစ်စေခြင်း၊ ကားစီးရန် စောင့်ဆိုင်းရခြင်းနှင့် ငွေကြေးကုန်ကျမှု သက်သာစေခြင်း စသည့် အကျိုးကျေးဇူးများ ခံစားကြရမည်ဖြစ်ကြောင်း၊ လူသွားလမ်း လုံခြုံမှုရှိစေရန် CCTV များ တပ်ဆင်ခြင်းဖြင့် စည်းကမ်းမဲ့ ပြည်သူတချို့အား အရေးယူနိုင်ပြီး ထိုသို့ဆောင်ရွက်ခြင်းဖြင့် စည်းကမ်းမဲ့ပြည်သူတချို့၏ လုပ်ရပ်ကြောင့် စည်းကမ်းရှိသည့် ပြည်သူများ အခွင့်အရေးဆုံးရှုံးမှုမဖြစ်စေရေးအတွက် ဒလ-ကိုရီးယားချစ်ကြည်ရေးတံတားပေါ်ရှိ လူသွားလမ်းပေါ်တွင် ပြည်သူများ လမ်းလျှောက်ခရီးသွားရေးအတွက် စီမံဆောင်ရွက်ရန် အစီအစဉ်ရှိ မရှိ မေးခွန်းအား ပြန်လည်ဖြေကြားရာတွင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်က ထိုသို့ထည့်သွင်းပြောကြားခြင်းဖြစ်သည်။
မြန်မာ-ကိုရီးယားချစ်ကြည်ရေးတံတား (ဒလ) သည် အရှည် ၆၁၂၇ ပေ၊ အကျယ် ၅၇ ပေ၊ ၄ လမ်းသွားတံတားဖြစ်ပြီး တံတား၏ တစ်ဖက်တစ်ချက်တွင် ၆ ပေခွဲ အကျယ်ရှိသည့် လူသွားလမ်းပါရှိကာ အဆိုပါ တံတားအား ယခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ ဖွင့်လှစ်ပြီးသည့်နောက် တံတားပေါ် ဖြတ်သန်းသွားလာသည့် ပြည်သူများသည် ယာဉ်သွားလမ်းပေါ်မှတစ်ဆင့် လူများ ဖြတ်သန်းသွားလာခြင်း၊ ယာဉ်များ သွားလာနေသည့်ကြားမှ တံတား ဝဲမှ ယာသို့ ဖြတ်ကူးခြင်း၊ တံတားပေါ်တွင် အမှိုက်များ စွန့်ပစ်ခြင်း၊ သောက်သုံးပြီး အချိုရည်ဗူးများ စွန့်ပစ်ခြင်း၊ ကွမ်းတံတွေး ထွေးခြင်း၊ ကွမ်းတံတွေး ထွေးထားသည့်ဗူးများအား တံတား၏ ရေထွက်ပေါက်များ၌ တမင်တကာ ပိတ်ဆို့ခဲ့ခြင်း၊ တံတားပေါ် လမ်းလျှောက်သွားလာသူ ပြည်သူအချို့၏ ယာဉ်များ ရပ်တန့်၍ ဓာတ်ပုံ၊ ဗွီဒီယို ရိုက်ကူးသူများ၏ စည်းကမ်းမဲ့ အပြုအမှုများမှာ ဓာတ်ပုံမှတ်တမ်းများနှင့်အတူ လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြပါရှိလာပြီး ဝေဖန်ရှုတ်ချမှု များလာကြောင်း ဝန်ကြီးက ပြောကြားသည်။
ထို့ကြောင့် နိုင်ငံ့ပုံရိပ်နှင့် လူမျိုးဂုဏ်သိက္ခာကို ထိခိုက်ကျဆင်းစေသည့်အပြင် လမ်းလျှောက်သွားလာသူများက အဖျက်အမှောင့်လုပ်ငန်းများ လုပ်ကိုင်လာနိုင်ခြင်းနှင့် လုံခြုံရေးကို ထိခိုက်စေနိုင်ခြင်းတို့ကြောင့် ၉ ရက်၊ ၂ လ၊ ၂၀၂၆ ရက်နေ့တွင် လူသွားလမ်း အတက်အဆင်းနေရာများတွင် အတားအဆီးတံခါးများ တပ်ဆင်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအား တာဝန်ချထားကာ ဖြတ်သန်းသွားလာခွင့်ကို မပြုခြင်းဖြစ်ကြောင်း ဝန်ကြီးက ပြောကြားသည်။
ထို့ကြောင့် "မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလတံတား) ပေါ်မှာရှိတဲ့ လူသွားလမ်းပေါ်ကနေ ပြည်သူများ လမ်းလျှောက်ခရီးသွားလာရေးအတွက် စီမံဆောင်ရွက်ပေးရန် အစီအဉ်မရှိသေးပါကြောင်း လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် ပြန်လည်ဖြေကြားအပ်ပါတယ်"ဟု ဝန်ကြီး ဒေါက်တာမျိုးသော်က ပြောကြားသည်။ဒလတံတားအား ငွေကြေးအကုန်အကျများစွာဖြင့် တည်ဆောက်ခဲ့သော်လည်း တံတားကြီး၏ အကျိုးကျေးဇူးကို ဒလမြို့နေပြည်သူများ အပြည့်အဝ ခံစားခွင့်မရရှိကြောင်း ဒလမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းဦးက မေးခွန်းမေးမြန်းစဉ် ထည့်သွင်းပြောကြားသည်။ထို့ပြင် လူတစ်ဦး စည်းကမ်းမဲ့ပါက ၎င်းအား အရေးယူရန် လိုအပ်ပြီး လူတစ်ဦးတစ်ယောက်ကြောင့် လူအများ အခွင့်အရေးဆုံးရှုံးမှုမျိုး မဖြစ်စေလိုကြောင်းလည်း ဒလမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းဦးက ပြောကြားခဲ့သည်။