

ဤအမှုကိုတင်ပြရခြင်းမှာ နိုင်ငံ့ဝန်ထမ်းများပေါ့လျော့မှု (သို့မဟုတ်) အဂတိလိုက်စားမှု တစ်စုံတစ်ရာ ကို အရေးယူ အပြစ် ပေးစေလိုခြင်းဖြင့် တင်ပြသည်မဟုတ်ဘဲ အမှန်တကယ် ကြီးကြီး မားမား နစ်နာဆုံးရှုံးမှုကို ဖော်ထုတ်တင်ပြပေးခြင်းဖြင့် ကုစားသက်သာ စေခြင်းကိုသာရည်ရွယ်ပါသည်။ တောင်ဥက္ကလာပ မြို့နယ် ၊ အမှတ် ( ၁၃ ) ရပ်ကွက် ၊ ကောလိယ ၃၁ လမ်း ၊ အိမ်အမှတ် ( ၃၀၈ - က ) သည် ဒေါ်သင်းသင်းရီ၏ မိခင် ဒေါ်ခင်သောင်းဝင်း အမည်ပေါက်ဖြင့် ၁၉၉၃ ခုနှစ် မှစတင်၍ အနှစ်(၆၀)မြေငှားဂရန် ရရှိထားပါသည် ။
( ယနေ့တိုင် ဂရန်စာရွက်မူရင်းအထောက်အထားလက်ဝယ်ရှိ )
ယခုအခါ ရာဇာမင်းကုမ္ပဏီလီမိတက်စက်သုံးဆီအရောင်းဆိုင် ပိုင်ရှင် ဦးညီညီထွေး မှ အဆိုပါမြေနေရာကို ဓါတ်ဆီဆိုင်အဖြစ် ဖွင့်လှစ်နေပြီး ဒေါ်သင်းသင်းရီ အနေဖြင့် ရောင်းချခြင်းမဟုတ် သကဲ့သို့ ငွေကြေး တစ်စုံတစ်ရာ မရရှိခဲ့ပါဘဲလျှက် လက်လွတ်ဆုံးရှုံးသွား စေသည့်လှည့်ကွက်များကို ကွက်ကွက်ကွင်းကွင်းတင်ပြမည် ဖြစ်ပါသည်။
ဒေါ်သင်းသင်းရီပိုင်ဆိုင်ခြင်းအဆင့်ဆင့်
၁၉၉၃ ခု နှစ် မတိုင်မီ လွန်ခဲ့သောနှစ်ပေါင်းများစွာမှ နေထိုင်ခဲ့ပါသည်။ ၁၉၉၃ မှ စတင်၍ ဒေါ်သင်းသင်းရီ၏ မိခင် ဒေါ်ခင်သောင်းဝင်း အမည်ပေါက်ဖြင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ (၄)မြို့နယ် မြေငှားဂရန်ချထားပေးရေးအထူးစီမံချက်ဖြင့် မြေငှားဂရန်ချ ထားပေးခဲ့ခြင်းဖြစ်ပါသည်။ ၂၀၀၀ ခု နှစ်တွင် ဒေါ်ခင်သောင်းဝင်း ကွယ်လွန်ပြီးနောက်ပိုင်း တစ်ဦးတည်းသော သမီးဖြစ်သူ ဒေါ်သင်းသင်းရီ အနေဖြင့်ဆက်လက် နေထိုင်ခဲ့ပြီး ၂၀၀၅ ခု နှစ်တွင် အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကြေညာ စာချုပ်ကို တရားဝင်မှတ်ပုံတင်ပြီး ချုပ်ဆိုပိုင်ဆိုင်ခဲ့ပါသည် ။ (စာချုပ်စာတမ်းမူရင်းများဂရန်မူရင်းများ လက်ထဲတွင်ယနေ့တိုင်ရှိနေဆဲ) ၂၆ . ၃ .၂၀၀၉ တွင် ရာဇာမင်းကုမ္ပဏီမှ စတင်ကျူးကျော်ပြီး အုတ်ခဲများပုံခြင်း ဝင်းထရံခတ်ခြင်းများပြုလုပ်ခဲ့ပါတယ်။ ၁၃ . ၈ .၂၀၀၉ ညနေလေးနာရီခန့်မှာ ဒေါ်သင်းသင်းရီ ပုံမှန် ပြန်လာနေကျ လုပ်ငန်းခွင်ကနေပြန်အလာမှာ ဦးမောင်ချို မှ “ဒီအိမ်ခြံကို ညီညီထွေးပိုင်တဲ့အတွက်ကြောင့် ညီထွေးက သော့ခတ်လိုက်တယ်။ ကျွန်မအိမ်ထဲကို ကျွန်မဝင်ခွင့်မရဘူး။ အိမ်လေးက မဖျက်ရသေးဘူး။ ကျွန်မအလုပ်သွားတော့ အိမ်လေးကို သော့ခတ်ထားခဲ့တာပေါ့။ ကျွန်မ ရပ်ကွက် လူကြီးကို စာတင်ပြီးပြောတဲ့အခါမှာ စည်ပင်နဲ့ဆိုင်တယ် လို့ ပြောတယ်။ တင်တဲ့စာကိုလည်း လက်မခံဘူး။ အလုပ်လာတဲ့ပုံစံအတိုင်းပဲ ဘာမှ ပြန်မရဘူး။ ရပ်ကွက်လူကြီးက မောင်သန်းနိုင်။” အဲဒီနေ့ကစပြီး ဒေါ်သင်းသင်းရီလက်လွတ်သွားပါပြီ။
မှုခင်းအဆင့်ဆင့်
၅ . ၈ .၂၀၀၉ ခု နှစ်တွင် ရန်ကုန်တိုင်းတရားရုံးသို့ ဦးတိုက် လျှောက်ထားပြီး “ အိမ်နှင့်မြေကိုပိုင်ဆိုင်ကြောင်းမြွက်ဟကြေညာ ပေးစေလိုမှု / အိမ်နှင့်မြေကိုလက် ရောက်ရလိုကြောင်း ” တရားစွဲဆို လိုက်ပါတယ်။ အခင်းဖြစ် တန်ဖိုးအလိုက် ခရိုင်တရားရုံးတော်တွင် စစ်ဆေး နေဆဲဖြစ်ပါတယ်။ ယနေ့အချိန်အထိ တရားရုံး တစ်ခုခုမှ အမိန့်ဒီဂရီ တစ်စုံတစ်ရာ ချမှတ်ပေးခြင်းမရှိဘဲ ရာဇာမင်းကုမ္ပဏီလီမိတက်မှ ဒေါ်သင်းသင်းရီ၏ နေအိမ်ကို ဖျက်ဆီးရွှေ့ပြောင်း ဒေါ်သင်းသင်းရီပိုင် ပစ္စည်းများကိုပါ သိမ်းပိုက်ဖျောက်ဖျက်ပြီး စက်သုံးဆီအရောင်းဆိုင် ဖွင့်လှစ်ရောင်းချနေပြီဖြစ်ပါတယ်။
သံသယဖြစ်ဖွယ်ကောင်းသောစစ်ဆေးမှုများ တိုင်းတရားရုံးတော်က ၂၀၁၀ ခု နှစ် အောက်တိုဘာလ ၁၂ ရက် နေ့ (၁) နှစ်ကျော်မှသာလျှင်ပထမအကြိမ် စတင်စစ်ဆေး ခဲ့ပါတယ်။ ကြားကာလတွင် ရုံးချိန်း / ရုံးချိန်း ဟူ၍ အကြိမ်ပေါင်းများစွာ ရုံးချိန်း ချိန်းဆိုပြီး ဆင်းရဲသားကို အချိန်ကုန် ငွေကုန်တိုက်ကွက် နှင့် တရားစီရင်ရေးမှဖန်တီးပေးပြီ ကုမ္ပဏီသူဌေး ကို ကူညီရာရောက်နေ ပါသလားဟူ မေးမြန်းဆန်းစစ်ရပေလိမ့်မည်။ ယခု ၂၀၁၂ ခု နှစ် အထိ အချိန် (၃) နှစ်နီးပါးတွင် ရုံးချိန်းပေါင်းများစွာ ချိန်းဆိုပြီး တရားလို ဒေါ်သင်းသင်းရီဘက်မှ မပျက် မကွက်တက်ရောက်ခဲ့ပါတယ်။ မတက်ရောက်လို့လည်း မဖြစ်ပါဘူး။ တရားလိုဘက်က ပျက်ကွက်ရင် အမှုကို ပလပ် လိုက်နိုင် ပါတယ်။ တရားလိုဘက်မှ ပျက်ကွက်ရသည်မှာ နောက်ဆုံးရုံးချိန်း တွင်သာ ရှေ့နေပြောင်းလဲငှားရမ်းသည့်အတွက် တစ်ကြိမ်သာရှိခဲ့ပါသည်။ ( အမောဖောက် တရားစီရင်ရေး )
ဒေါ်သင်းသင်းရီကိုယ်တိုင် မိခင်နှင့်ကလေး စောင့်ရှောက်ရေးတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ဖခင်ဖြစ်သူမှာ လည်း တပ်ကြပ်ကြီးစာရေး ရာထူးဖြင့် လုပ်ကိုင်ခဲ့သူဖြစ်သည်။ သမ္မတမှ စ၍ နိုင်ငံတော် အကြီးအကဲများ လှည့်မကြည့်ရင်တောင် တစ်ချက်လောက်တော့ မျက်စောင်းထိုးကြည့်ပေးပါလို့ ကာယကံရှင် ဒေါ်သင်းသင်းရီက ပြောပါတယ်။
------------------
အထက်ဖော်ပြပါ သုံးသပ်တင်ပြချက်သည် ၂၀၁၂ ခုနှစ် က ဒေါ်သင်းသင်းရီ အကူအညီတောင်းခံသဖြင့် ဦးနေမျိုးဝေ က သုံးသပ်ရေးသား၍ ဒိုင်ဗားစတီးစာစဉ်တွင် ဖော်ပြခဲ့သော သုံးသပ်ချက်ဖြစ်ပါသည်။ သမ္မတကြီး ဦးသိန်းစိန်အစိုးရလက်ထက် အဆိုပါ ကိစ္စအတွက် ဖြေရှင်းဆောင်ရွက်ပေးခဲ့ခြင်း မရှိခဲ့ပါ။ ထပ်မံ၍ အစိုးရအပြောင်းအလဲဖြစ်ပြီး NLD အစိုးရတက်လာသည့် ကာလတွင် တောင်ဥက္ကလာပမြို့နယ် NLD အမတ်များကို သွားရောက် အကူအညီတောင်းခံသည်။ မူလက ကူညီပေးမည့်ပုံစံမျိုး ပြောသော်လည်း ကြာလာသည်နှင့်အမျှ ကိုယ်စားလှယ်ကြီးများ၏ အသံက ပြောင်းလဲလာသည်။ နောက်ပိုင်း ဒေါ်သင်းသင်းရီ သွားရောက်တွေ့ဆုံသည်ကိုပင် လက်မခံကြတော့ပေ။
တပ်မတော်သား မိသားစုဝင်၊ တပ်မတော်အစိုးရလက်ထက်တွင် ချထားပေးခဲ့သော မြေနေရာဖြစ်သဖြင့် ထိုစဉ်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ တင်ပြခဲ့ကြသည်။ ပထမတစ်ကြိမ် ဦးလျှံကာနှင့် ဒေါ်သင်းသင်းရီ၏ တင်ပြစာအတွက် ခေါ်ယူစစ်ဆေးခိုင်းသည်ဟုဆိုသည်။ NLD အစိုးရလက်ထက် စာရေးသူ ထောင်ကျ၊ ထောင်မှ ထွက်လာပြီး ၎င်းတို့နှင့် ပြန်လည်ဆုံတွေ့ရသည့်အခါ ပြေလည်သွားပြီလား မေးမြန်းသည်။ မပြီးပြတ်သေး၊ အမှုများရင်ဆိုင်နေရဆဲဖြစ်ကြောင်း ပြောပြန်သည်။
အကူအညီတောင်းခံသဖြင့် ကျွန်တော် ဒေါ်သင်းသင်းရီနှင့် တွေ့ဆုံမေးမြန်း အင်တာဗျူးရုပ်သံများ ထုတ်လွှင့်ခဲ့သည်။ ကာကွယ်ရေးဦးစီးချုပ်ထံသို့လည်း ထပ်မံတင်ပြသည်။ အဆိုပါ တင်ပြစာအတွက် မရမ်းကုန်မြို့နယ်၊ ရှစ်မိုင်အနီးရှိ ဆက်သွယ်ရေးတပ်က ခေါ်ယူစစ်ဆေးသည်။ လူကြီးက ညွှန်ကြားလို့ စစ်ဆေးပေးသည့် အမည်ခံ စစ်ဆေးခြင်းမျိုးသာ ဖြစ်ပြီး ထိရောက်စွာ ကူညီဆောင်ရွက်ပေးခြင်း မရှိခဲ့ပါ။
ကျွန်တော့်အနေဖြင့်လည်း ထိရောက်စွာ ကူညီဆောင်ရွက်ပေးဖို့ မစွမ်းနိုင်တော့ပါ။ ဆရာတော်ဦးပါမောက္ခထံ လျှောက်ထားတင်ပြပြီး အကူအညီတောင်းခံခဲ့ရသည်။ ခြေသလုံးအိမ်တိုင်ဖြစ်နေသော ဒေါ်သင်းသင်းရီ ကို ဆရာတော်က အခမဲ့ဆေးခန်းတွင် နေထိုင်ပြီး ကျောင်းဝေယျာဝစ္စလုပ်ကိုင်စေလျက် နေထိုင်ခွင့် ပြုသည်။ အမှုအခင်း ကိစ္စများကိုလည်း ဆက်လက်ကူညီပေးသည်။ နိုင်ငံတော်အကြီးအကဲများထံကိုလည်း ဆက်လက်တင်ပြဆောင်ရွက်ပေးသည်။
NLD အစိုးရလက်ထက်တွင်လည်း မပြီးပြတ်ခဲ့ပါ။ နစကအစိုးရလက်ထက်သို့ ရောက်လာသည်။ ပြည်သူများ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲဒုက္ခကို ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်၍ စာရေးသူကိုယ်တိုင် ဒေါ်သင်းသင်းရီ၏ အခြေအနေကို တင်ပြပြီး မေးမြန်းခဲ့သည်။ စာရေးသူ မေးမြန်းပြီး ရက်ပိုင်းအတွင်းမှာပင် ရန်ကုန်စည်ပင်က ဒေါ်သင်းသင်းရီကို လာရောက်ခေါ်ယူပြီး ပြန်လည်စစ်ဆေးပြန်သည်။ မည်ကာမတ္တ စစ်ဆေးခြင်းသာဖြစ်ပြီး အဆိုပါ မြေနေရာအတွက် မဖြေမထွက်ခဲ့ပါ။ ဒေါ်သင်းသင်းရီ အမှုအခင်းများ ဆက်လက်ရင်ဆိုင်နေရပြီး ဆရာတော် ဦးပါမောက္ခလည်း ကူညီဆောင်ရွက်ပေးနေဆဲပင် ဖြစ်သည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ လက်ရှိ နိုင်ငံတော်ကို ဦးဆောင်လျက်ရှိသော နိုင်ငံအကြီးအကဲများ သတိချပ်သင့်သည်မှာ နိုင်ငံတော်အကြီးအကဲများက လမ်းညွှန်ပါလျက် အောက်ခြေတွင် နစ်နာသူကို ကုစားနိုင်ရေး အဖြေထွက်သည့် ဖြေရှင်းမှုပုံစံ ဖြစ်မလာဘဲ ယခုကဲ့သို့ ပြဿနာများ ဘာကြောင့် ရှည်ကြာနေရသနည်း။ အဖြေရှာရန် ဖြစ်ပါသည်။ အကြောင်းမှာမူ နိုင်ငံသားအခွင့်အရေးကို နိုင်ငံဝန်ထမ်းများက တာဝန်နှင့် လုပ်ပိုင်ခွင့်ကို အသုံးချပြီး ရယူလိုက်ခြင်းကြောင့် အမှန်တကယ် နစ်နာသူကို ကုစားရေးတွင် အဖြေမထွက်ဘဲ ရှည်ကြာနေရခြင်းဖြစ်သည်။ ဒေါ်သင်းသင်းရီ၏ မိခင် ဒေါ်ခင်သောင်းဝင်းအမည်ဖြင့် ဂရံထွက်ထားသော မြေကို ရာဇာမင်းကုမ္ပဏီပိုင်ရှင်က ခြံစည်းရိုးခတ် သိမ်းပိုက်ရယူခြင်းကိစ္စတွင် သက်ဆိုင်ရာ စည်ပင်သာယာဌာန၏ ပူးပေါင်းပါဝင် ကူညီမှုမရှိဘဲ မည်သည့်နည်းနှင့်မျှ ရရန်မရှိပါ။ ယနေ့ စည်ပင်ဝန်ထမ်းများကို မဆိုလိုပါ။ ပြဿနာပေါ်ပေါက်သည့် ကာလနှင့် တွက်ဆ၍ စည်ပင်ဝန်ထမ်းများ၏ မရိုးဖြောင့်သော လုပ်ရပ်ကို တွက်ဆနိုင်ပါသည်။
ဒေါ်သင်းသင်းရီလည်း နှစ်ပေါင်းများစွာ တရားရင်ဆိုင်ခဲ့ရပြီး ဖြစ်ပါသည်။ ဆရာတော် ဦးပါမောက္ခသာ မကူညီပါမူ အမှုကို ဆက်လက်ရင်ဆိုင်ရန် မဆိုထားနှင့် ကျောချစရာနေရာပင် မရှိတော့ပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားအခွင့်အရေးကို ဒေါ်သင်းသင်းရီ ရပိုင်ခွင့်ရှိပါသည်။ ဒေါ်သင်းသင်းရီ ၏ အခွင့်အရေးများ ဆုံးရှုံးအောင် လုပ်ခဲ့ကြသူများကို စိစစ်ခိုင်းခြင်းအားဖြင့် အဖြေမှန်ရရန် အလှမ်းကွာနေမည်သာဖြစ်ပါသည်။
ဤကိစ္စကို ပြန်လည်တင်ပြရခြင်းမှာ နစ်နာသူကို ထိရောက်မှန်ကန်စွာ ကူညီပေးနိုင်ရေးအတွက်သာ ရည်ရွယ်၍ တင်ပြခြင်းဖြစ်ပါသည်။
နောင်တော်လေး (ဘိုကလေး)
#News #Myanmar