Myanmar National Post

အမေရိကန်-မြန်မာ ထိတွေ့ဆက်ဆံမှုကို ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကြိုဆို


အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံလာခြင်းကို ထိုင်းနိုင်ငံက ကြိုဆိုကြောင်းနှင့် လာမည့်လ မနီလာမြို့၌ ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် အစည်းအဝေးတက်ရောက်ခွင့် ပိတ်ပင်ခံထားရသည့် အဖွဲ့ဝင်နိုင်ငံ (မြန်မာနိုင်ငံ) နှင့် ပတ်သက်၍ မည်သို့ ရှေ့ဆက်မည်ကို ဆွေးနွေးကြလိမ့်မည်ဟု မျှော်လင့်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow က သောကြာနေ့တွင် ပြောကြားသည်။

အမေရိကန်ပြည်ထောင်စုနှင့် မြန်မာအစိုးရတို့၏ ကိုယ်စားလှယ်များသည် လွန်ခဲ့သော နှစ်ပတ်က တိုကျိုမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ၎င်းတို့သည် တစ်လအတွင်း ဒုတိယအကြိမ် တွေ့ဆုံခြင်းဖြစ်ပြီး၊ ဆက်ဆံရေးဖြတ်တောက်ထားခဲ့သည့် မြန်မာခေါင်းဆောင်များနှင့် အမေရိကန်ဘက်က ပြန်လည်ထိတွေ့ဆက်ဆံလာခြင်း ဖြစ်သည်။

ဥရောပနိုင်ငံ ၄ နိုင်ငံသို့ သံတမန်ရေးရာ ခရီးစဉ်ရောက်ရှိနေသည့် ဝန်ကြီး Sihasak က ပေါ်တူဂံနိုင်ငံ၌ ရှိနေစဉ် “မြန်မာနိုင်ငံ အထီးကျန်ဖြစ်သွားတာကို ကျွန်တော်တို့ မလိုလားသလို၊ မြန်မာနိုင်ငံဟာ နိုင်ငံရေး-ပထဝီဝင်ဆိုင်ရာ အားပြိုင်မှုနယ်မြေတစ်ခု ဖြစ်လာတာကိုလည်း မလိုလားပါဘူး။ ဒါကြောင့် အမေရိကန်က ထိတွေ့ဆက်ဆံလာတာကို ကျွန်တော်တို့ ကြိုဆိုပါတယ်” ဟု ပြောကြားခဲ့သည်။

ဤသို့ ထိတွေ့ဆက်ဆံခြင်းသည် ပဋိပက္ခများကို ငြိမ်းချမ်းစွာ ဖြေရှင်းရေးနှင့် အတိုက်အခံအင်အားစုများနှင့် ပြန်လည်သင့်မြတ်ရေးကို အားပေးရန် ရည်ရွယ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။

မြန်မာနိုင်ငံခေါင်းဆောင် မင်းအောင်လှိုင်သည် မကြာသေးမီက လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ ထိုင်းနှင့် မလေးရှားနိုင်ငံများသို့ သွားရောက်ခဲ့ခြင်းကို ထောက်ပြလျက် “အာဆီယံ၏ ရပ်တည်ချက်တွင် အပြောင်းအလဲအချို့ ရှိလာသည်” ဟု ၎င်းက ဆိုသည်။ သို့သော် မနီလာထိပ်သီးအစည်းအဝေးတွင် မြန်မာနိုင်ငံ၏ အပြည့်အဝ ကိုယ်စားပြုခွင့် ပြန်လည်ရရှိရေးကိစ္စကို ဆွေးနွေးမည်။

“မြန်မာနိုင်ငံကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လို ရှေ့ဆက်ကြမလဲဆိုတာကို အနှစ်သာရရှိရှိ၊ ကျယ်ကျယ်ပြန့်ပြန့်နဲ့ အသေးစိတ် ဆွေးနွေးသွားကြမှာက ကောင်းမွန်တဲ့ အရာတစ်ခုပါ” ဟု ၎င်းက ပြောသည်။

ထို့အပြင် ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သော နယ်နိမိတ် အငြင်းပွားမှုများကို ယခုအချိန်အထိ တိုးတက်မှု အနည်းငယ်သာ ရှိသေးသော်လည်း ၁၂ လမှ ၁၈ လအတွင်း ဖြေရှင်းနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ဖော်ပြခဲ့သည်။

“ဖြစ်နိုင်ပါတယ်၊ အရာအားလုံး ဖြစ်နိုင်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သော်လည်း၊ ပဋိပက္ခများ ဖြစ်ပွားခဲ့ဖူးသည့် နယ်စပ်တစ်လျှောက်တွင် ယုံကြည်မှု တည်ဆောက်ရေးနှင့် လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများကို ဖြေရှင်းဆောင်ရွက်ခြင်းက ဦးစားပေး ဖြစ်သင့်ကြောင်း သတိပေးပြောကြားခဲ့သည်။

နယ်စပ်တွင် အသက်ဆုံးရှုံးမှုများ ဖြစ်ပေါ်စေသည့် ပဋိပက္ခများ ဖြစ်ပွားပြီးနောက် ထိုင်းနိုင်ငံက ၂၀၀၁ ခုနှစ်က သဘော ပထမအကြိမ် အစည်းအဝေးကို ပြီးခဲ့သည့်လက ပြုလုပ်ခဲ့ပြီး၊ ဒုတိယအကြိမ် ဆွေးနွေးပွဲကို အောက်တိုဘာလ ၁၈ ရက်နေ့တွင် အဆုံးသတ်ခဲ့သည်။

"တကယ်ပြောရရင် လက်ရှိအချိန်အထိတော့ သိသာထင်ရှားတဲ့ တိုးတက်မှုမျိုး မရရှိသေးပါဘူး" ဟု ၎င်းက ပြောကြားသည်။

ဤနယ်နိမိတ် အငြင်းပွားမှုသည် ထိုင်းပင်လယ်ကွေ့အတွင်း အမေရိကန်ဒေါ်လာ ၃၀၀ ဘီလီယံခန့် တန်ဖိုးရှိနိုင်သည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ အရင်းအမြစ်များ ရှိသည်ဟု ယူဆရသော ဧရိယာ စတုရန်းကီလိုမီတာ ၂၆,၀၀၀ ခန့်အပေါ် နှစ်နိုင်ငံစလုံးက ပိုင်ဆိုင်ခွင့် တောင်းဆိုထားခြင်းနှင့် သက်ဆိုင်နေသည်။ အရင်းအမြစ်များ ခွဲဝေသုံးစွဲရေးကိစ္စကို မဆွေးနွေးမီ နယ်နိမိတ်အပိုင်းအခြားကို အရင်သတ်မှတ်ရန် ထိုင်းနိုင်ငံက လိုလားနေကြောင်း ၎င်းက ဆိုသည်။

ထို့အပြင် ထိုင်းနိုင်ငံနှင့် ဥရောပသမဂ္ဂ (EU) တို့အကြား လွတ်လပ်သော ကုန်သွယ်မှုဆိုင်ရာ ဆွေးနွေးပွဲများသည် နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး၊ နှစ်ဖက်စလုံးတွင် နိုင်ငံရေးအရ ဆန္ဒသဘောထား တူညီမှုရှိပါက ယခုနှစ်ကုန်ပိုင်းတွင် အပြီးသတ်နိုင်ဖွယ်ရှိကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။


Ref: Bangkok Post

#News #Myanmar


မူရင်းသတင်း — Myanmar National Post