Myanmar Digital News

အာရှအမျိုးသမီး ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုအဖွင့်ပွဲတွင် မြန်မာကလပ်ဧရာဝတီအသင်း လက်ရှိချန်ပီယံ မြောက်ကိုရီးယားကလပ်ကို အရေးနိမ့်

ရန်ကုန်     နိုဝင်ဘာ     ၁

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် ၂၀၂၆ - ၂၀၂၇ ရာသီ အာရှအမျိုးသမီး ချန်ပီယံလိဂ် ပြိုင်ပွဲ အုပ်စု(A) ပထမနေ့ကို  နိုဝင်ဘာ ၁ ရက်က ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ပြုလုပ်ရာ မြန်မာကလပ် ဧရာဝတီအသင်း ရှုံးပွဲကြုံတွေ့ခဲ့သည်။

မြန်မာကလပ်  ဧရာဝတီအသင်းသည်  အုပ်စုပထမပွဲအဖြစ် လက်ရှိချန်ပီယံ မြောက်ကိုရီးယားကလပ် နာဂိုရန်းအသင်းနှင့် တွေ့ဆုံခဲ့ပြီး ခုနစ်ဂိုး - ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။ ဧရာဝတီအသင်းအနေဖြင့် အိမ်ကွင်း၌ အကောင်းဆုံးတုံ့ပြန်နိုင်ရန် ကြိုးပမ်းခဲ့သော်လည်း အရှုံးနှင့် ရင်ဆိုင်ခဲ့ရသည်။ ဧရာဝတီ အသင်းသည် ပထမပိုင်းတွင် နှစ်ဂိုးသာပေးရသော်လည်း ဒုတိယပိုင်းတွင် ငါးဂိုးအထိ ခွင့်ပြုခဲ့ရသည်။

ဧရာဝတီအသင်းသည် အငှားခေါ်ယူထားသည့် ကစားသမားများ၊ နိုင်ငံခြားသားကစားသမားများကို ဖြူဖြူဝင်း၊ ဇွန်ယုယဦး၊ အိစန္ဒာဇော် စသည့်ကစားသမားများနှင့် တွဲဖက်အသုံးပြုခဲ့သည်။ ဧရာဝတီအသင်းသည် ပေးဂိုးနည်းရန် အဓိကရည်ရွယ်ကစားခဲ့ရာ ပထမပိုင်းပြီးခါနီးမှ ဂိုးပေးခဲ့ရသည်။  နာဂိုရန်းအသင်းအတွက်  ဂိုးများကို  ၄၃ မိနစ်တွင် ကုဟွမ်ရီ၊ ၄၅+၁ မိနစ်တွင် ရီယုဂျောင်၊ ၅၂ မိနစ်တွင် ဂျောင်ကု၊ မိနစ် ၇၀ တွင် ကင်မ်ကျူကျန်၊ ၈၁၊ ၉၀+၆ မိနစ်တွင် ယွန်အေချို၊ ၉၀+၄ မိနစ်တွင် ချိုးအွန်အော့တို့က သွင်းယူသည်။

မွန်းလွဲ ၃ နာရီက ကစားသည့် ပထမပွဲတွင် ဂျပန်ကလပ် ကိုဘေးအသင်းက အီရန်ကလပ် ဘမ်ခါတွန်အသင်းကို  လေးဂိုး - တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ အုပ်စုဒုတိယနေ့ကို နိုဝင်ဘာ ၄ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး မွန်းလွဲ ၃ နာရီတွင် မြောက်ကိုရီးယားကလပ် နာဂိုရန်းအသင်းနှင့် အီရန်ကလပ် ဘမ်ခါတွန်အသင်း၊ ည ၇ နာရီတွင် မြန်မာကလပ် ဧရာဝတီအသင်းနှင့် ဂျပန်ကလပ်  ကိုဘေးအသင်း  ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။         

သတင်း - ချစ်ကိုကို

ဓာတ်ပုံ - AYWDFC

မူရင်းသတင်း — Myanmar Digital News