Myanmar Digital News

M-League ပြိုင်ပွဲတွင် စစ်ကိုင်းယူနိုက်တက်နှင့် ဟံသာဝတီယူနိုက်တက် နိုင်ပွဲရရှိ

ရန်ကုန်      နိုဝင်ဘာ     ၁

မြန်မာနိုင်ငံ  ဘောလုံးအဖွဲ့ချုပ်နှင့်   မြန်မာလိဂ်တို့က   ကြီးမှူး၍ Grand Royal၊ AYA Bank နှင့် AYA Pay တို့၏ အဓိက ပံ့ပိုးကူညီမှုဖြင့် ကျင်းပသည့် ၂၀၂၆ - ၂၀၂၇ ရာသီ Grand Royal M-League ပြိုင်ပွဲ ပွဲစဉ်(၆) နောက်ဆုံးနေ့ကို နိုဝင်ဘာ ၁ ရက်က ဆက်လက်ကျင်းပသည်။

ပဲခူး Grand Royal ကွင်း၌ ကျင်းပသည့်ပွဲတွင်  ဟံသာဝတီယူနိုက် တက်အသင်းက Chinland အသင်းကို တစ်ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိသည်။ ဟံသာဝတီအသင်းသည်  ပထမပိုင်းတွင်  သွင်းယူသည့်ဂိုးဖြင့် ဒုတိယမြောက် နိုင်ပွဲရယူနိုင်ခဲ့ ခြင်းဖြစ်သည်။

Chinland အသင်းသည် အဝေးကွင်း၌  ရလဒ်ကောင်းရယူနိုင်ရန် ကြိုးပမ်းသော်လည်း အရှုံးဖြင့်ရင်ဆိုင်ခဲ့ရသည်။ ဟံသာဝတီယူနိုက်တက်အသင်းအတွက် အနိုင်ဂိုးကို ၃၆ မိနစ်တွင် စိုးကျော်ကျော်က သွင်းယူခဲ့သည်။ ယခုပွဲအတွက် AYA Pay Player of the Match ဆုကို ဟံသာဝတီ ယူနိုက်တက်ဂိုးသမား  နေလင်းထက်က  ရရှိပြီး  အမှတ်တရဆုနှင့် ဆုကြေးငွေကျပ် ၁၀ သိန်းရရှိသည်။

သန်လျင်သီဟဒီပကွင်း၌ ကျင်းပသည့်ပွဲတွင် စစ်ကိုင်းယူနိုက်တက်အသင်းက သစ္စာအားမာန်အသင်းကို နှစ်ဂိုး - တစ်ဂိုးဖြင့် အနိုင်ရရှိသည်။  ဒုတိယမြောက်နိုင်ပွဲအတွက် နှစ်သင်းစလုံး ရုန်းကန်ခဲ့ပြီး စစ်ကိုင်းယူနိုက် တက်အသင်း နိုင်ပွဲရယူနိုင်ခဲ့သည်။ စစ်ကိုင်းယူနိုက်တက်အသင်းအတွက် ဂိုးများကို ၁၄ မိနစ်တွင် ကွမ်နင်၊ ၈၇ မိနစ်တွင် စည်သူဖြိုးတို့က သွင်းယူပြီး သစ္စာအားမာန်အသင်းအတွက် ချေပဂိုးတစ်ဂိုးကို မိနစ် ၉၀ တွင် ရဲကောင်းဆက်က သွင်းယူသည်။ ယခုပွဲအတွက် AYA Pay Player of the Match ဆုကို စစ်ကိုင်းယူနိုက်တက်ဂိုးသမား အောင်ကိုလတ်ကရရှိပြီး အမှတ်တရဆုနှင့် ဆုကြေးငွေကျပ် ၁၀ သိန်းရရှိသည်။

ပွဲစဉ်(၆)အပြီးတွင် ရန်ကုန်စီးတီးအသင်းက ရမှတ် ၁၄ မှတ်ဖြင့် ထိပ်ဆုံးရောက်လာပြီး ဒဂုံစတားယူနိုက်တက်အသင်းက ၁၃ မှတ်၊ ရှမ်း ယူနိုက်တက်အသင်းနှင့် ရတနာပုံအသင်းက ၁၀ မှတ်စီ၊ ရန်ကုန်ယူနိုက်တက်အသင်းက ကိုးမှတ်၊ အား/ကာသိပ္ပံအသင်း၊ ဟံသာဝတီယူနိုက်တက်၊ စစ်ကိုင်းယူနိုက်တက်အသင်းတို့က ခုနစ်မှတ်စီ၊ သစ္စာအားမာန်အသင်းက ငါးမှတ်၊ Chinland အသင်းက လေးမှတ်၊ ဧရာဝတီယူနိုက်တက်အသင်းက သုံးမှတ်၊ မြဝတီအသင်းက တစ်မှတ်ရရှိထားသည်။ ယင်းအသင်းများအနက် ရှမ်းယူနိုက်တက်နှင့် ရန်ကုန်ယူနိုက်တက်အသင်းက လေးပွဲစီ၊ အား/ကာသိပ္ပံ၊ ဟံသာဝတီယူနိုက်တက်၊ ဧရာဝတီယူနိုက်တက်နှင့် မြဝတီအသင်းတို့က ငါးပွဲစီသာကစားရသေးပြီး ကျန်အသင်းများမှာ ခြောက်ပွဲစီကစားထားပြီးဖြစ်သည်။

သတင်း - ကိုညီလေး၊ ဓာတ်ပုံ - MLeague

မူရင်းသတင်း — Myanmar Digital News