
နိုဝင်ဘာ - ၂ ( တနင်္လာနေ့ )
ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဆက်ပြီး ရပ်တန့်နေဆဲဖြစ်ပေမဲ့ အီရန်နိုင်ငံအပေါ် ထပ်မံတိုက်ခိုက်ဖို့နဲ့ ပတ်သက်ပြီး သမ္မတ ဒေါ်နယ်ထရမ့် ဘာဆုံးဖြတ်ချက်မှ မချရသေးဘူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို က စနေနေ့မှာ ပြောပါတယ်။
"ကျနော်တို့လိုချင်ရင် စစ်ရေးအရ ရည်မှန်းချက်တွေကို အောင်မြင်အောင် လုပ်နိုင်ပါတယ်" လို့ ဂျော်ဂျီယာပြည်နယ်၊ အတ္တလန်တာမြို့မှာ ကျင်းပတဲ့ နှစ်ရက်တာ G20(စက်မှုထိပ်သီးနိုင်ငံ ၂၀ ) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပစဉ် သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ ရူဘီယိုက ပြောခဲ့တာပါ။
ဒါပေမဲ့ အင်္ဂါနေ့မှာ ကျင်းပမယ့် အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲတွေအပြီးမှာ ဝါရှင်တန်က လေကြောင်းတိုက်ခိုက်မှုတွေကို ပြန်စနိုင်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေချိန်မှာပဲ၊ နောက်ထပ် စစ်ရေးအရ အရေးယူဆောင်ရွက်ဖို့နဲ့ ပတ်သက်ပြီး သမ္မတ ထရမ့်က "ဘာဆုံးဖြတ်ချက်မှ မချရသေးဘူး" လို့ သူက အလေးအနက် ပြောကြားခဲ့ပါတယ်။
"ဒီကိစ္စနဲ့ပတ်သက်ပြီး ဒီကနေ့ ကျနော်တို့ဘက်က ဘာကြေညာချက်မှ ထုတ်စရာမရှိသေးပါဘူး၊ ဒါကိုလည်း ဘယ်သူမှ ပေါ့ပေါ့ဆဆ သဘောမထားပါဘူး" လို့ ရူဘီယိုက ဆိုပါတယ်။
အီရန်ဘက်က ကုန်သွယ်ရေး သင်္ဘောတွေကို ပစ်မှတ်ထားနေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးက စွပ်စွဲခဲ့ပေမဲ့ သမ္မတ ထရမ့်ကတော့ သံတမန်ရေးရာ ဖြေရှင်းချက်ကိုသာ ပိုပြီးလိုလားတယ်လို့ အလေးအနက် ပြောကြားခဲ့ပါတယ်။ "ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေနဲ့ ပတ်သက်ပြီး ဘယ်လောက်အထိ တိုးတက်နေပြီဆိုတာကို ဖြစ်စေ၊ ဘယ်အချိန်မှာ ပြီးစီးမယ်ဆိုတဲ့ အချိန်ဇယားကိုဖြစ်စေ ကျနော် ဘာမှ သုံးသပ်ပြောဆိုမှာ မဟုတ်ပါဘူး။ တကယ်လို့ သံတမန်နည်းလမ်းနဲ့ ဖြေရှင်းလို့ရမယ့် အဖြေတစ်ခုသာ ရှိလာမယ်ဆိုရင် ကျနော်တို့ဘက်က အသင့်ရှိနေပါတယ်ဆိုတာထက် ပိုပြီး ဘာမှမပြောလိုပါဘူး" လို့ ရူဘီယိုက ပြောပါတယ်။
REF: RT
#News #Myanmar