


MT News
၃. ၁၁. ၂၀၂၆
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးဆောင်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးကိုဦးတည်၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ကြိုးပမ်းအားထုတ်ချက်များထဲမှသည် ဆွေးနွေးပွဲများ ကျင်းပဆောင်ရွက်နိုင်ရန် ၂၁-၄-၂၀၂၆ ရက်နေ့တွင် ကြေညာချက်အမှတ် ၁/၂၀၂၆ ဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးနိုင်ရန် ဖိတ်ခေါ်ခဲ့မှုအရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၁ ရက်တွင် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရန် ရှမ်းပြည်နယ် မိုင်းလားမြို့သို့ သွားရောက်ခဲ့ရာ ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့(NDAA) ဥက္ကဋ္ဌ ဦးထိန်လင်းနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်သည်။
ယင်းနောက် တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်များ၊ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA)မှ ဥက္ကဋ္ဌ ဦးထိန်လင်း၊ ဒုတိယဥက္ကဋ္ဌများ၊ အထွေထွေအတွင်းရေးမှူး၊ အမြဲတမ်းကော်မတီဝင်များ၊ အတွင်းရေးမှူးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ယခုအကြိမ်သည် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခြင်းဖြစ်ကြောင်း၊ အထူးဒေသ(၄)သည် နိုင်ငံတော်၏ အစိတ်အပိုင်းတစ်ခုဖြစ်ကာ ဒေသခံပြည်သူများသည်လည်း မြန်မာနိုင်ငံသားများဖြစ်ကြောင်း၊ အထူးဒေသ(၄)၏ နိုင်ငံရေးလိုလားချက်အတိုင်း (၂၀၀၈ ခုနှစ်) ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆက်လက်ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ၂၀၂၇ ခုနှစ်တွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပနိုင်ရေး လိုအပ်သော ဆောင်ရွက်ဖွယ်ရာကိစ္စများကို ညှိနှိုင်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ ယခင်ဥက္ကဋ္ဌကြီး ဦးစိုင်းလင်း၏ “ငြိမ်းချမ်း၊ စည်းလုံး၊ ဖွံ့ဖြိုး” လမ်းစဉ်နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပြီး နိုင်ငံတော်အစိုးရဘက်မှလည်း ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ယုံကြည်မှု ပိုမိုတိုးမြှင့်နိုင်စေရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးလိုအပ်ချက်များ ဖြည့်ဆည်းပေးရန် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ချိတ်ဆက်ပြီး ပေါင်းစပ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) မှ ဥက္ကဋ္ဌ ဦးထိန်လင်းက ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ(၄) ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ၊ ဒေသတွင်းရှိ တိုင်းရင်းသားပြည်သူလူထုအားလုံးကို ကိုယ်စား မိမိတို့အား အလေးထားပြီး မိုင်းလားသို့ ဒုတိယအကြိမ် လာရောက်တွေ့ဆုံဆွေးနွေးမှုအတွက် ကြိုဆိုပါကြောင်း၊ ယခုလို လာရောက်ခြင်းဖြင့် အပြန်အလှန် ထိတွေ့ဆက်ဆံခြင်းမှတစ်ဆင့် ယုံကြည်နားလည်မှု တိုးပွားလာနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ယခင်ဆွေးနွေးပွဲနောက်ဆက်တွဲအကောင်အထည်ဖော် ဆောင်ရွက်မှုများ၊ ကျန်းမာရေးအဖွဲ့နှင့် တပ်မတော်ဆေးတပ်ဖွဲ့တို့ ပူးပေါင်း၍ အခမဲ့ ဆေးကုသမှုများ လာရောက်ဆောင်ရွက်ခဲ့ပြီး မိုင်းလားနှင့် ဆီလူးဒေသရှိ အခြေခံပညာ စာသင်ကျောင်းနှစ်ကျောင်းတွင်လည်း ကျောင်းဆောင်သစ်များ ဆောက်လုပ်ပေးခဲ့ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် အထူးဒေသ(၄)၏ ပညာရေး၊ ကျန်းမာရေးနှင့် လမ်းပန်းဆက်သွယ်ရေးကိစ္စများအား အထူးအလေးထား ဆောင်ရွက်ပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ယခင်အစည်းအဝေးတွင် မိမိတို့ဒေသ အခြေအနေများကို တင်ပြခဲ့ပါကြောင်း၊ ငြိမ်းချမ်းစွာ ညှိနှိုင်းဆွေးနွေးခြင်းမှတစ်ဆင့် နိုင်ငံရေးအဆင့်အတန်းကို ဖော်ထုတ်ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာကြသူများက အစိုးရ၏ အုပ်ချုပ်မှုအောက်တွင် ဒေသနှင့် သင့်လျော်သည့် နိုင်ငံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ အဆင့်အတန်း သတ်မှတ်ပေးရေးဆိုင်ရာကိစ္စများ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာကိစ္စများ၊ အထူးဒေသ(၄) မိုင်းလားတွင် ရွေးကောက်ပွဲကျင်းပရေးဆိုင်ရာ ကိစ္စများနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စများအား နှစ်ဖက်အပြန်အလှန် ဆွေးနွေးညှိနှိုင်းကြသည်။ ထို့နောက် ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဦးဆောင်သည့် အဖွဲ့သည် ကျိုင်းခမ်းမြို့ အနောက်ဘက် ၅ မိုင်ခန့်အကွာ စေတီပေါ်တွင် တည်ဆောက်ထားပြီး ၆၆ ကိလိုဝပ် ထုတ်လုပ်နိုင်သည့် မိုင်းဝ အသေးစားရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။