Eleven Media Group

ပဲခူးတိုင်းလွှတ်တော်သို့ ခြောက်လအတွင်း တိုင်ကြားစာ ၁၀၈ စောင်ရောက်ရှိခဲ့ပြီး ၇၆ စောင်မှာ ဆောင်ရွက်ပေးနိုင်ခြင်းမရှိပဲ ၃၂ စောင်သာ ဖြေရှင်းနိုင်ခဲ့ကြောင်း လွှတ်တော်ဥက္ကဋ္ဌ ပြောကြား

ပဲခူးတိုင်းဒေသကြီး လွှတ်တော်သက်တမ်း ခြောက်လတာကာလအတွင်း လွှတ်တော်သို့ ပေးပို့လာသည့် တိုင်ကြားစာနှင့် တင်ပြစာ စုစုပေါင်း ၁၀၈ စောင်ရှိခဲ့ပြီး ယင်းတို့အနက် ၇၆ စောင်မှာ ဆောင်ရွက်ပေးနိုင်ခြင်းမရှိပဲ ၃၂ စောင်သာ ဖြေရှင်းဆောင်ရွက်နိုင်ခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦး က ပြောကြားခဲ့ကြောင်းသိရသည်။

အဆိုပါ တိုင်ကြားစာများကို စိစစ်ရာတွင် အချို့မှာ သိရှိစေလိုသည့်အကြောင်းအရာများသာ ပါဝင်ခြင်း၊ တရားလွှတ်တော်နှင့် သက်ဆိုင်သည့်ကိစ္စရပ်များ ပါဝင်ခြင်း၊ အချက်အလက်မပြည့်စုံသည့် တိုင်ကြားစာများဖြစ်ခြင်းနှင့် ယခင်ကတည်းက ဖြစ်ပွားခဲ့ပြီးဖြစ်သည့် အမှုအခင်းများကို ပြန်လည်တင်ပြလာခြင်းတို့ ပါဝင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ပြောကြားသည်။

ထို့ပြင် တိုင်ကြားစာအများစုတွင် မြေယာအငြင်းပွားမှုများနှင့် တရားရုံးဆိုင်ရာ အမှုအခင်းများ ပါဝင်ပြီး အချို့မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သည့် ဖြစ်စဉ်များကို လက်ရှိလွှတ်တော်သက်တမ်းတွင် ပြန်လည်ဖြေရှင်းပေးရန် တင်ပြလာခြင်းများလည်း ရှိကြောင်း သိရသည်။

အချို့တိုင်ကြားစာများတွင် နောက်ကွယ်မှ စာရေးသားပေးသူများ၏ ရေးသားချက်များ ပါဝင်နေသည့်အပြင် အချက်အလက်များစွာ ဖော်ပြထားသော်လည်း မည်သည့်အကြောင်းအရာကို မည်သို့ဆောင်ရွက်ပေးစေလိုကြောင်း တိတိကျကျ ဖော်ပြထားခြင်းမရှိသည့်အတွက် ဖြေရှင်းဆောင်ရွက်ရန် အခက်အခဲရှိကြောင်းလည်း ၎င်းက ပြောကြားသည်။

“စုစုပေါင်း ဒီ ရောက်နေတဲ့ ၁၀၈ စောင်ထဲမှာ လုံးဝကို အလုပ်လုပ်လို့ မရတာ ၇၆ ဆောင် လောက် ဖြစ်နေတယ်။ အဲ့စာတွေ ကျွန်တော်တို့ သေချာဖတ်ပြီးတော့ စာတွေက တအားများတာပေါ့။ တချို့ကျလည်း ကျွန်တော်တို့ စဉ်းစားကြည့်တဲ့ အခါကျတော့ နောက်ကွယ်ကနေ ရေးပေးတဲ့ လူတွေရဲ့ စာတွေ များပါတယ်။ အဲ့တော့ နောက်ကွယ်က ရေးပေးတဲ့ လူတွေက သူစာရေးတတ်သလို အများကြီးပဲ အချက်အလက်တွေများ၊ မိတ္တူတွေလည်း အများကြီး လျှောက်ပို့ပြီးတော့ တိတိကျကျ ဘာလုပ်ပေးရမလဲ ဆိုတဲ့ အကြောင်းအရာ မပါဘူးပေါ့နော်။ အဲ့တော့ ရှေးတုန်းက ဖြစ်စဉ် ဖြစ်ရပ်တွေ ပြန်နှူးပြီးတော့ ပြောတာတွေ များပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အလုပ်လုပ်လို့ မရတဲ့ စာက ၇၆ စောင် လောက် ဖြစ်တယ်။ အဲ့တော့ အလုပ်လုပ်လို့ ရတဲ့ စာက ၃၂ စောင် ။ ၃၂ စောင်မှာမှ ကျွန်တော်တို့က ဒေသဖွံ့ဖြိုးရေးတွေ များပါတယ်။ တချို့ လိုချင်တာလေးတွေ တချို့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေ များပါတယ်။ အဲ့တော့ အဲ့ဒီ ၃၂ ဆောင်ထဲကမှ ကျွန်တော်တို့ ၂၆ ဆောင်က တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ သက်ဆိုင်တယ်လို့ အဖြေရတာ ဖြစ်တဲ့အတွက် ၂၆ ဆောင်ကိုတော့ ကျွန်တော်တို့ သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ကို ကျွန်တော်တို့ ဆက်လက်ပေးပို့ နိုင်ခဲ့ပါတယ်။အဲ့တော့ ပြောချင်တာ ကျွန်တော်တို့ အားကိုးတကြီးနဲ့ လာတော့ လာကြတယ်။ စာရေးတဲ့ဟာက ထိရောက် မှု မရှိတဲ့ အခါကျတော့ ၇၆ ဆောင် လောက်က အလုပ်လုပ်လို့ မရဘူး” ဟု လွှတ်တော်ဥက္ကဌကပြောကြားသည်။

တိုင်ကြားစာများကို အသေးစိတ်ဖတ်ရှုစိစစ်ပြီးနောက် လုပ်ဆောင်ပေးနိုင်ခြင်းရှိ၊ မရှိ ခွဲခြားခဲ့ရာ အလုပ်လုပ်ဆောင်ပေးနိုင်ခြင်းမရှိသည့် စာ ၇၆ စောင်ခန့်ရှိခဲ့ပြီး အလုပ်လုပ်ဆောင်ပေးနိုင်သည့် စာ ၃၂ စောင်အနက် ၂၆ စောင်မှာ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် သက်ဆိုင်သည့်ကိစ္စရပ်များဖြစ်သဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ ဆက်လက်ပေးပို့ခဲ့ကြောင်း သိရသည်။
ကျန်ရှိသည့် ၆ စောင်အား သက်ဆိုင်ရာမြို့နယ်များရှိ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များထံ ပြန်လည်ပေးပို့ကာ ဒေသအလိုက် ဖြေရှင်းဆောင်ရွက်နိုင်ရန် လုပ်ဆောင်ခဲ့ကြောင်း လွှတ်တော်ဥက္ကဋ္ဌ၏ ပြောကြားချက်အရ သိရသည်။
ပဲခူးတိုင်းဒေသကြီးတွင် မြို့နယ် ၂၈ မြို့နယ်မှမြို့နယ်အသီးသီးမှ ဒေသဖွံ့ဖြိုးရေးနှင့် ကိုယ်ရေးကိုယ်တာဆိုင်ရာ ကိစ္စရပ်များအပါအဝင် အကြောင်းအရာမျိုးစုံကို လွှတ်တော်သို့ တင်ပြတိုင်ကြားလာကြခြင်းဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးလွှတ်တော်သက်တမ်း ၆ လအတွင်း လွှတ်တော်သို့ ပေးပို့လာသည့် ပြည်သူများ၏ တိုင်ကြားစာအများစုမှာ ဖြေရှင်းဆောင်ရွက်ပေးရန် အဆင်မပြေဖြစ်နေကြောင်း ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌက ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မူရင်းသတင်း — Eleven Media Group