
#Local_News
Published 03 November 2026
■ ပုဂ္ဂလိကပိုင်ကျောင်းများတွင် DCS ပြုလုပ်ထားသည့် ဆရာ၊ဆရာမများသင်ကြားမှုများတွေ့ရှိပါက ကျောင်းများအား ပိတ်သိမ်းအရေးယူရန်ညွှန်ကြားဆောင်ရွက်ထားပြီးဖြစ်ကြောင်းပညာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဦးနေမျိုးလှိုင်ကပြောသည်။
■ ယမန်နေ့နံနက် ၁၀ နာရီက နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည့်တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၂၂ ရက်မြောက်နေ့၌ ဟားခါးမဲဆန္ဒနယ်မှ ဦးဗန်နီ၏ ဥပဒေမဲ့ဖွင့်လှစ်ထားသည့် ပုဂ္ဂလိကပိုင်ကျောင်းများအား အရေးယူရန်နှင့်တရားဝင်ဖွင့်လှစ်ထားသည့် ပုဂ္ဂလိကပိုင်ကျောင်းများအနေဖြင့် ဥပဒေနှင့်အညီဆောင်ရွက်ခြင်း ရှိ၊မရှိ စောင့်ကြည့်ကြပ်မတ်ရန် အစီအစဉ်ရှိ၊မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်ကအထက်ပါအတိုင်းထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။
■ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က ပညာရေးဝန်ကြီးဌာနမှ ဖွင့်လှစ်ခွင့်ပြုခဲ့သည့် အမျိုးသားသင်ရိုးညွှန်းတမ်းသင် ပုဂ္ဂလိကကျောင်းများ၊ နိုင်ငံတကာသင်ရိုးညွှန်းတမ်းသင် ပုဂ္ဂလိကကျောင်းများတွင် သင်ကြားရေးတာဝန်ထမ်းဆောင်နေသည့် ပုဂ္ဂလိကကျောင်းဆရာများ၊ စီမံဝန်ထမ်းများ (အချိန်ပိုင်း၊ အမြဲတမ်း) တို့အား DCS ပြုလုပ်ထားသည့် ဆရာ၊ဆရာမများ သင်ကြားမှုမရှိစေရေး သေချာစွာစိစစ်ကြပ်မတ်ရန်၊ စာသင်ကြားခြင်းတွေ့ရှိပါက ကျောင်းများအား ပိတ်သိမ်းအရေးယူရန်နှင့် ပုဂ္ဂလိက ဆရာ၊ဆရာမများ၏ ကိုယ်ရေးအချက်အလက်များအား သေချာစွာစိစစ်ရေး ကြီးကြပ်ဆောင်ရွက်သွားရန် ညွှန်ကြားဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း၊ ကိုယ်ရေးမှတ်တမ်းများ တင်ပြရာတွင်လည်း ယခင်ပညာရေးဝန်ထမ်းအဖြစ် ဆောင်ရွက်ခဲ့ခြင်း ရှိ/ မရှိ၊ DCS ပြုလုပ်ခဲ့ခြင်းမရှိကြောင်း ဝန်ခံကတိပြုချက်၊ ဘွဲ့လက်မှတ်မိတ္တူများအား ကာယကံရှင်နှင့် သက်ဆိုင်ရာ ကျောင်းတည်ထောင်သူတို့မှ မိတ္တူမှန်ဖြစ်ကြောင်း လက်မှတ်ရေးထိုးပြီး ကျောင်းအလိုက်စုစည်းကာ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းကြီးကြပ်ရေးအဖွဲ့သို့ပေးပို့စေလျက်ရှိပါကြောင်းဖြေကြားသည်။
■ ထို့အပြင် ပညာရေးဝန်ကြီးဌာနအနေဖြင့် ဥပဒေမဲ့ လုပ်ထုံးလုပ်နည်းနှင့်မညီဘဲ အတန်းကျော်လွန်တက်ရောက်ခွင့်ပြုခြင်း ဆောင်ရွက်ကြောင်းစိစစ်တွေ့ရှိရပါက ပုဂ္ဂလိကပညာရေး ဥပဒေပုဒ်မ ၅၁ အရ စီမံခန့်ခွဲရေးနည်းလမ်းအတိုင်း ပြစ်ဒဏ်ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times