သက်တံ့
၃. ၁၁. ၂၀၂၆
ထိုင်းနိုင်ငံ၊ ချွန်ဖွန် (Chumphon) ခရိုင်ရှိ ငှားရမ်းနေထိုင်သည့် အခန်းတစ်ခန်းတွင် အသက် ၃ နှစ်အရွယ် မြန်မာယောကျ်ားလေးငယ်တစ်ဦးကို ဓားဖြင့်ထိုး၍ သတ်ဖြတ်ခဲ့သူ အသက် ၃၀ အရွယ် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးအား နိုဝင်ဘာ ၁ ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်ဟု ထိုင်းသတင်းဌာန The Thaiger က ဖော်ပြခဲ့သည်။
ပါ့ခ်နမ်ချွန်ဖွန် (Pak Nam Chumphon) ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် နိုဝင်ဘာ ၁ ရက် နံနက် ၈ နာရီခန့်တွင် မူအန်းချွန်ဖွန် (Mueang Chumphon) ခရိုင်၊ ပါ့ခ်နမ် (Pak Nam) ခရိုင်ခွဲရှိ အဆိုပါ ငှားရမ်းရာနေရာသို့ ရောက်ရှိလာခဲ့ကြသည်။ ကလေးငယ်ကို နေအိမ်အပြင်ဘက်တွင် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရပြီး ခေါင်းနှင့် မျက်နှာတို့တွင် သေစေနိုင်သည့် ဓားဒဏ်ရာများ ရရှိထားကြောင်း သိရသည်။

ကလေးငယ်၏ မိဘများဖြစ်ကြသည့် အသက် ၄၈ နှစ်အရွယ် ဦးစုနှင့် အသက် ၃၇ နှစ်အရွယ် ဒေါ်အေးတို့မှာ ၎င်းတို့၏ ထိုင်းနိုင်ငံသား အလုပ်ရှင်နှင့် လုပ်ဖော်ကိုင်ဖက်များက နှစ်သိမ့်ပေးနေသည့်အကြား ငိုကြွေးနေကြသည်ကို တွေ့ရှိခဲ့ရသည်။
ကလေးငယ်၏ ဦးလေးဖြစ်သူ အသက် ၂၅ နှစ်အရွယ် ကိုဂျိုးမှာလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ၎င်းသည် လက်မောင်းတွင် ချုပ်ရိုး ၂၀ ကျော် ချုပ်ရလောက်အောင် နက်ရှိုင်းသော ဓားဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ သံသယရှိသူ တင်သိန်းလှိုင်ဆိုသူကို ထွက်ပြေးရန် ကြိုးပမ်းစဉ် ဒေသခံများက ဝိုင်းဝန်းဖမ်းဆီး ထိန်းသိမ်းခဲ့ကြသည်ဟု သတင်းတွင် ဖော်ပြထားသည်။ ရဲတပ်ဖွဲ့က မိသားစုဝင်များနေထိုင်သည့် အခန်း၏ မျက်နှာချင်းဆိုင်ရှိ ၎င်း၏အခန်းကို ဝင်ရောက်ရှာဖွေခဲ့ရာ ရာဘ (Yaba) ဟုခေါ်သော မူးယစ်ဆေးပြား ၈ ပြားနှင့် မူးယစ်ဆေးသုံး ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း ဆိုသည်။
တိုက်ခိုက်မှု ဖြစ်ပွားချိန်တွင် ကလေးငယ်၏ မိဘများမှာ အိမ်တွင် မရှိကြကြောင်း ကိုဂျိုးက ရဲတပ်ဖွဲ့ကို ပြောပြခဲ့သည်။ ၎င်းသည် အခန်းနောက်ဘက်တွင် ထမင်းချက်နေစဉ် ကလေးငယ် အော်သံကို ကြားခဲ့ရကြောင်း၊ ထို့ကြောင့် အပြေးအလွှား သွားရောက်ကြည့်ရှုခဲ့ရာ သံသယရှိသူက ကလေးငယ်ကို တိုက်ခိုက်နေသည်ကို တွေ့ရှိခဲ့ရကြောင်း ဆိုသည်။ ဝင်ရောက်တားဆီးခဲ့သဖြင့် မိမိလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ကိုဂျိုးက တိုင်ကြားခဲ့သည်။
သံသယရှိသူသည် တစ်နေ့လျှင် ရာဘဆေးပြား ၁၀ ပြားခန့် သုံးစွဲနေကြောင်း ဝန်ခံခဲ့သည်ဟု SiamRath သတင်းဌာနက ဖော်ပြခဲ့သည်။ ကလေးငယ်၏ မိဘများက ၎င်းအား မူးယစ်ဆေးသုံးစွဲခြင်းအတွက် မကြာခဏ ဆူပူကြိမ်းမောင်းလေ့ရှိပြီး ၎င်း၏ ဆွေမျိုးများကိုလည်း မိမိထံသို့ မလာရောက်ကြရန် တားမြစ်ခဲ့သောကြောင့် ကလေးငယ်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဝန်ခံခဲ့သည်ဟု အဆိုပါသတင်းဌာနက ဆိုသည်။

ပြစ်မှုကျူးလွန်ရသည့် ရည်ရွယ်ချက်နှင့် ပတ်သက်၍ Channel 7 သတင်းဌာနကမူ အခြားပုံစံတစ်မျိုးဖြင့် ဖော်ပြခဲ့သည်။ သံသယရှိသူတင်သိန်းလှိုင်က ထိုမိသားစုဝင်များသည် မိမိအား မိန်းမလျာဟု ခေါ်ဆိုစော်ကားခဲ့ကြကြောင်း၊ တိုက်ခိုက်မှုမပြုလုပ်မီ ကလေးငယ်ကလည်း ထိုကဲ့သို့ ခေါ်ဆိုခဲ့သည်ဟု စွပ်စွဲပြောဆိုခဲ့ကြောင်း ဖော်ပြထားသည်။ သံသယရှိသူအား မည်သည့်ပုဒ်မများဖြင့် အရေးယူမည်၊ သို့မဟုတ် ချမှတ်နိုင်သည့် ပြစ်ဒဏ်များအကြောင်းကိုမူ သတင်းများတွင် အသေးစိတ် မဖော်ပြထားပေ။
အလားတူပင် ယင်းနေ့တွင်ပင် ဖြစ်ပွားခဲ့သော အခြားဖြစ်ရပ်တစ်ခုအရ အောက်တိုဘာ ၃၁ ရက်နေ့က ဘန်ကောက်မြို့ ဒင်ဒန်း (Din Daeng) ခရိုင်ရှိ အခန်းတစ်ခန်းအတွင်း အသက် ၂၀ အရွယ် ထိုင်းအမျိုးသမီးတစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်၍လည်း မြန်မာနိုင်ငံသား အမျိုးသားတစ်ဦး ဖမ်းဆီးခံခဲ့ရသည်။
Ref: The Thaiger, Khaosod English