Myanmar National Post

တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၂၃)ရက်မြောက်နေ့ မှတ်တမ်း


နေပြည်တော် နိုဝင်ဘာ ၅

တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၂၃) ရက်မြောက်နေ့ကို ယမန်နေ့က နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် လမ်းအဆင့်မြှင့်တင်ပေးနိုင်ရေး၊ ဆိုင်ကယ်ကူးကြိုးတံတား တည်ဆောက်ပေးနိုင်ရေး၊ အင်းတော်ကြီးအိုင်နှင့် ဇီဝမျိုးစုံ၊ မျိုးကွဲများကို ရေရှည်ထိန်းသိမ်းကာကွယ်ပေးရေး၊ ကျေးရွာများ လျှပ်စစ်မီးရရှိရေး၊ အငှားမြေဂရန်အမြန်ရရှိရေး၊ ခိုးရာပါပစ္စည်းများ ပိုင်ဆိုင်ခြင်း၊ ရောင်းဝယ်ခြင်းကို ထိရောက်စွာ အရေးယူပေးနိုင်ရေးတို့နှင့် စပ်လျဉ်း၍ မေးခွန်း ၇ ခု မေးမြန်းဖြေကြားခြင်းနှင့် အဆိုတစ်ခု တင်သွင်းခြင်းတို့ကို ဆောင်ရွက်ကြသည်။

ဦးစွာ မင်းလှမဲဆန္ဒနယ်မှ ဦးရဲထွဋ်အောင်၏ မင်းလှ-ဆင်တဲကုန်းလမ်းအား ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိုက်စိုးက မင်းလှမြို့နယ် မင်းလှ-ဆင်တဲကုန်းလမ်းသည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနပိုင် ပြည်ထောင်စုမှ စီမံခန့်ခွဲသောလမ်းဖြစ်ပါကြောင်း၊ အဆိုပါလမ်း၏ ကတ္တရာလမ်း ၃ မိုင် ၁ ဒသမ ၇၅ ဖာလုံအနက် ၀ မိုင် နှင့် ၂ မိုင် ၃ ဖာလုံကြား ၂ မိုင် ၃ ဖာလုံ လမ်းပိုင်းမှာ မိုးများပြီး ရေတိုက်စားထား၍ သွားလာရခက်ခဲလျက်ရှိပါကြောင်း။

အဆိုပါကတ္တရာလမ်းပိုင်း ၂ မိုင် ၃ ဖာလုံအနက် မင်းလှမြို့အထွက် (ဝ) မိုင်မှစ၍ ၃ ဒသမ ၅ ဖာလုံ အား ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်နိုင်ရန် ၂၀၂၇- ၂၀၂၈ ဘဏ္ဍာနှစ် ပြည်ထောင်စု(ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် လျာထားတင်ပြသွားမည်ဖြစ်ပါကြောင်းနှင့် ရန်ပုံငွေခွဲဝေရရှိမှုအပေါ် မူတည်၍ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

လဟယ်မဲဆန္ဒနယ်မှ ဦးမဇိုးလောင်ဝီး၏ လဟယ်မြို့နယ် တိုက်ရံချောင်းတွင် ဆိုင်ကယ်ကူးကြိုးတံတားအား မည်သည့်ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးသိုက်စိုးက လဟယ်မြို့နယ် လဟယ်-တိုက်ရံ-ဝေါင်ညိုနောင်-ရောင်ဖွန်လမ်းပေါ်ရှိ တိုက်ရံချောင်းကူးတံတားသည် အလျား ပေ ၃၀၀၊ အကျယ် ၄ ပေ ရှိပါကြောင်း၊ ၂၀၁၂ ခုနှစ်တွင် ကျေးရွာများမှ သစ်သား၊ မျော၊ ဝါးများဖြင့် ကိုယ်ထူကိုယ်ထ တည်ဆောက်ထားသော ကြိုးတံတားတစ်စင်းဖြစ်ပြီး လက်ရှိအခြေအနေမှာ ဆိုင်ကယ်နှင့် လူများသွားလာရန် ခက်ခဲလျက်ရှိပါကြောင်း။

လတ်တလော သွားလာမှုအဆင်ပြေစေရန် ပြင်ဆင်ထိန်းသိမ်းခြင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ဆိုင်ကယ်ကူးကြိုးတံတား တည်ဆောက်ရန် ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ်တွင် စီမံကိန်းဖြစ်မြောက်နိုင်စွမ်း ကြိုတင်လေ့လာမှုကို ဦးစွာဆောင်ရွက်သွားမည်ဖြစ်ပြီး ဒေသနှင့်ကိုက်ညီသော ဒီဇိုင်းကို ရေးဆွဲသွားမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဖြေကြားချက်အရ ၂၀၂၈ - ၂၀၂၉ ဘဏ္ဍာနှစ်တွင် လျာထားတင်ပြသွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။



သာကေတမဲဆန္ဒနယ်မှ ဒေါ်အေးမြမြကြိုင်၏ အများပြည်သူဆိုင်ရာ စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ခြင်းအား ပွင့်လင်းမြင်သာစွာ ချပြရန်နှင့် စီမံကိန်းများ ပြောင်းလဲပါက လွှတ်တော်ကိုယ်စားလှယ်များ၏ သဘောထားရယူရန် အစီအစဉ် ရှိ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်က ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၂ဝ အရ ပြည်ထောင်စုအစိုးရကချမှတ်သော မူဝါဒများနှင့်အညီ လိုအပ်သောစီမံကိန်းများရေးဆွဲ၍ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ဖြင့် အကောင်အထည်ဖော်ခြင်းဖြင့်လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရများသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၅၁ အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းများနှင့်စပ်လျဉ်းသည့် စီမံကိန်းများကို သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၏ သဘောတူညီချက်ဖြင့် အကောင်အထည်ဖော်ခြင်းဖြင့်လည်းကောင်း၊ နိုင်ငံတော်၏ အမျိုးသားစီမံကိန်းဥပဒေကြမ်းကို ပြည်ထောင်စုအစိုးရက ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းပြီးသည့်အခါ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေများ၊ နည်းဥပဒေ ၁ဝ၂ နည်းဥပဒေ ခွဲ (ဂ) အရ ယင်းဥပဒေကြမ်းကို နိုင်ငံတော်ပြန်တမ်းတွင် ထည့်သွင်းဖော်ပြရေး ဆောင်ရွက်ခြင်းဖြင့်လည်းကောင်း၊ နိုင်ငံတော်အစိုးရက အကောင်အထည်ဖော်သည့် စီမံကိန်းများသည် လွှတ်တော်ကိုယ်စားလှယ်များ၏ သဘောထားရယူပြီးဖြစ်သည့်အပြင် အများပြည်သူသို့ ပွင့်လင်းမြင်သာစွာ ချပြပြီးဖြစ်သည့် စီမံကိန်းများဖြစ်သည်ဟု ဆိုနိုင်ပါကြောင်း။

သို့ဖြစ်ပါ၍ အများပြည်သူနှင့် သက်ဆိုင်သည့် စီမံကိန်းများရေးဆွဲခြင်းနှင့် အကောင်အထည်ဖော်ခြင်း၊ စီမံကိန်းများ တည်နေရာပြောင်းလဲခြင်းနှင့် လုပ်ငန်းအမျိုးအစား/ စံချိန်စံညွှန်းပြောင်းလဲခြင်းများ ဆောင်ရွက်ရာတွင် ပြည်သူများ ပွင့်လင်းမြင်သာစွာ သိရှိစေနိုင်ရန်အတွက် ပြောင်းလဲမည့်လုပ်ငန်း/ စီမံကိန်းအပေါ်မူတည်၍ သက်ဆိုင်ရာဒေသအုပ်ချုပ်ရေးအဖွဲ့များသည် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များထံ အသိပေးညှိနှိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားသည်။

ဖားကန့်မဲဆန္ဒနယ်မှ ဦးသက်ပိုင်ထူး၏ အင်းတော်ကြီးအိုင်နှင့် ဇီဝမျိုးစုံ၊ မျိုးကွဲများကို ရေရှည်ထိန်းသိမ်းကာကွယ်ပေးရန် အစီအစဉ် ရှိ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ သောင်းနိုင်ဦးက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် နိုင်ငံတော်၏ အဖိုးတန် သဘာဝအရင်းအမြစ်များ၊ ဂေဟစနစ်များ နှင့်ဇီဝမျိုးစုံမျိုးကွဲများကို ရေရှည်ထိန်းသိမ်းကာကွယ်နိုင်ရန် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အင်းတော်ကြီးကန်သည် နိုင်ငံတကာ အသိအမှတ်ပြုထားသည့် အရေးပါသော သဘာဝထိန်းသိမ်းရေးနယ်မြေတစ်ခုဖြစ်သလို ကချင်ပြည်နယ်၏ အထင်ကရဒေသတစ်ခုလည်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် အင်းတော်ကြီးကန်နှင့် ရေဝေရေလဲဒေသ၏ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်သည့် တရားမဝင် ရွှေတူးဖော်မှုများ လျော့နည်းပပျောက်စေရန် ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ဘေးမဲ့တောအတွင်း တရားမဝင် ရွှေတူးဖော်မှုများကိုလည်း သက်ဆိုင်ရာဥပဒေများနှင့်အညီ တားဆီးအရေးယူပြီး အင်းတော်ကြီးကန်၏ ဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ရေရှည်တည်တံ့စေရေးအတွက် စဉ်ဆက်မပြတ် ထိန်းသိမ်းကာကွယ်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားသည်။

ပင်းတယမဲဆန္ဒနယ်မှ ဦးဝင်းဇော်၏ ပင်းတယမြို့နယ်အတွင်းရှိ ကျေးရွာ ၂၂ ရွာ လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်က ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်ရှိ ကျေးရွာအုပ်စု ၈ စုမှ ကျေးရွာ ၂၂ ရွာအနက် အင်းငယ်ကျေးရွာမှာ လျှပ်စစ်ဓာတ်အားရရှိပြီးဖြစ်ပါကြောင်း၊ ကျန်ကျေးရွာ ၂၁ ရွာအနက်မှ သိမ်ကုန်းကျေးရွာ ဓာတ်အားရရှိနိုင်ရေး ၁၁/၀ ဒသမ ၄ ကေဗွီ ၁၀၀ ကေဗွီအေ ထရန်စဖော်မာ ၁ လုံးနှင့် ၄၀၀ ဗို့ ဓာတ်အားလိုင်း ၁ ဒသမ ၃ မိုင် တည်ဆောက်ခြင်းလုပ်ငန်းအတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်အစိုးရ ဖြည့်စွက်ရန်ပုံငွေတွင်လည်းကောင်း၊ ရွှေပုထိုး (မြောက်) ကျေးရွာ ဓာတ်အားရရှိနိုင်ရေး ၁၁ ကေဗွီ ဓာတ်အားလိုင်း ဝ ဒသမ ၂ မိုင်၊ ၁၀၀ ကေဗွီအေ ထရန်စဖော်မာ ၁ လုံးနှင့် ၄၀၀ ဗို့ ဓာတ်အားလိုင်း ၁ မိုင် တည်ဆောက်ခြင်းလုပ်ငန်းအတွက် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်အစိုးရ ငွေလုံးငွေရင်းရန်ပုံငွေတွင်လည်းကောင်း ထည့်သွင်းလျာထားပြီးဖြစ်သဖြင့် အဆိုပါကျေးရွာအတွက် လျာထားရန် ကျန်ရှိသည့် ၁၀၀ ကေဗွီအေ ထရန်စဖော်မာ ၁ လုံး၊ ၄၀၀ ဗို့ ဓာတ်အားလိုင်း ၁ ဒသမ ၇၅ မိုင်နှင့် ကျန်ကျေးရွာ ၁၉ ရွာ ဓာတ်အားရရှိရေးအတွက် ၁၁ ကေဗွီ ဓာတ်အား လိုင်း ၂၇ ဒသမ ၄၈ မိုင်၊ ၁၁/၀ ဒသမ ၄ ကေဗွီ ၅၀ ကေဗွီအေ ထရန်စဖော်မာ ၇ လုံး၊ ၁၀၀ ကေဗွီအေ ထရန်စဖော်မာ ၂၂ လုံး၊ ၁၆၀ ကေဗွီအေ ထရန် စဖော်မာ ၂ လုံးနှင့် ၄၀၀ ဗို့ ဓာတ်အားလိုင်း ၄၁ ဒသမ ၆ မိုင် တည်ဆောက်ခြင်းတို့အား ၂၀၂၈-၂၀၂၉ ဘဏ္ဍာ ရေးနှစ်မှစ၍ ရှမ်းပြည်နယ်အစိုးရ ငွေလုံးငွေရင်း ရန်ပုံငွေတွင် ဘဏ္ဍာနှစ်အလိုက် ဦးစားပေး ထည့်သွင်းလျာထားသွားမည်ဖြစ်ပြီး ဘဏ္ဍာငွေခွင့်ပြုရရှိမှုအပေါ် မူတည်၍ ကျေးရွာစဉ်အလိုက် ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

ကျောင်းကုန်းမဲဆန္ဒနယ်မှ ဒေါက်တာထိန်ဝင်း၏ ကျောင်းကုန်းမြို့နယ် ရပ်ကွက်(၁)၊ (၂)၊ (၃) တို့တွင် နေထိုင်သူများအတွက် အငှားမြေဂရန် အမြန်ရရှိရေး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူက ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ကျောင်းကုန်းမြို့တွင် မြို့ပေါ်ရပ်ကွက် (၅) ရပ်ကွက်ရှိပြီး အဆိုပါရပ်ကွက်များသည် မြို့မြေပြန်တမ်းများအရ ရပ်ကွက်အဖြစ် ဖွဲ့စည်းထားရှိသော်လည်း ယနေ့အချိန်အထိ အမှတ်(၁)နှင့် အမှတ်(၂) ရပ်ကွက်တို့ကိုသာ မြို့မြေကွက်အဖြစ် ၁၉၀၅-၁၉၀၆ ခုနှစ်ကတည်းက မြေတိုင်းတာမှုရှိခဲ့ပြီး အမှတ်(၃)၊ အမှတ်(၄)နှင့် အမှတ်(၅)ရပ်ကွက်တို့မှာ ယနေ့အချိန်အထိ မြို့မြေကွက်များအဖြစ် တိုင်းတာသတ်မှတ်ခဲ့ခြင်း မရှိသေးသည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ ကွက်စိပ်တိုင်းတာပြီးသည့် မြို့ပေါ်ရပ်ကွက်များမှ မြေများကို လူနေထိုင်ရန်နှင့် စက်မှု/စီးပွားမြေငှား ဂရန်များအတွက် အမှတ်(၁) ရပ်ကွက်တွင် ၉၃ ဦး၊ အမှတ်(၂) ရပ်ကွက်တွင် ၃၁၆ ဦး၊ အမှတ်(၃)ရပ်ကွက် တွင် ၂ ဦး စုစုပေါင်း ၄၁၁ ဦးတို့အား ခွင့်ပြုထုတ်ပေးထားခဲ့ပြီး ဖြစ်ပါကြောင်း။

ကျောင်းကုန်းမြို့ အမှတ်(၃)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်နှင့် အမှတ်(၅)ရပ်ကွက်တို့တွင် မြို့မြေကွက်များအဖြစ် ကွက်စိပ်မြေတိုင်းတာထားမှုမရှိခြင်း၊ မြို့အဖြစ်သတ်မှတ်ထားပြီး တိုးချဲ့ရပ်ကွက်များအဖြစ် ဖွဲ့စည်းသတ်မှတ်ထားရှိခဲ့သော်လည်း သက်ဆိုင်ရာ မူလမြေမျိုးအား လူနေထိုင်ရန် မြို့မြေအဖြစ် မြေအသုံးချခွင့်ကို ဆောင်ရွက်ထားမှုမရှိသည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ လူနေထိုင်ရန်အတွက် အသုံးပြုသော မြေသည် လယ်ယာမြေ သို့မဟုတ် စားကျက်မြေအမျိုးအစားဖြစ်ပါက မြို့မြေအသုံးပြုနိုင်ရန် အဆင့်ဆင့်တင်ပြပြီး ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။

သက်ဆိုင်ရာ မြေအမျိုးအစားအလိုက် အခြားနည်း အသုံးပြုခွင့်များ ရယူဆောင်ရွက်ပြီးမှသာလျှင် မြို့မြေကွက်မြေတိုင်းတာခြင်း လုပ်ငန်းစီမံချက်ရေးဆွဲ၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ စီမံဆောင်ရွက်ပြီး မြို့မြေကွက်မြေပုံများ ရရှိအောင် ဆက်လက်ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းလုပ်ငန်းများကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေ တင်ပြတောင်းခံပြီး ဆက်လက်ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။

ကျောင်းကုန်းမြို့ပေါ်ရှိ ရပ်ကွက်များတွင် နေထိုင်ကြသော မိဘ၊ ဘိုးဘွား အစဉ်အဆက် အနေကြာသူများ၏ မြေယာပိုင်ဆိုင်မှု ခိုင်မာစေရန်အတွက် မြို့မြေအမျိုးအစားပေါ်တွင် နေထိုင်ကြသည့် ရပ်ကွက်နေ ပြည်သူများမှ အငှားမြေဂရန်ရရှိရန် မြေပေးမိန့်သော်လည်းကောင်း၊ မှတ်ပုံတင်ထားသည့် အရောင်းအဝယ် စာချုပ်စာတမ်းများဖြင့်သော်လည်းကောင်း၊ တရားရုံးအမိန့်ဒီကရီ စသည်ဖြင့်လည်းကောင်း၊ မြေစာရင်းပုံစံ ၁၀၅၊ ၁၀၆ များဖြင့် လာရောက်လျှောက်ထားလာပါက ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ မြေငှားဂရန်ရရှိရေး အချိန်နှင့်တစ်ပြေးညီ ပြီးပြတ်အောင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း မြို့မြေကွက်တိုင်းတာခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၂၈-၂၀၂၉ ဘဏ္ဍာရေးနှစ်တွင် လျာထားဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

ဒီးမော့ဆိုမဲဆန္ဒနယ်မှ ဒေါ်မော်မော်ခိုင်၏ ခိုးရာပါပစ္စည်းများပိုင်ဆိုင်ခြင်း၊ ရောင်းဝယ်ခြင်းကို အရေးယူသည့် ဥပဒေ ၃/၁၉၈၆ ဖြင့် ထိရောက်စွာ အရေးယူပေးရန် အစီအစဉ် ရှိ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မင်းသူက မြန်မာနိုင်ငံအတွင်းရှိ ပဋိပက္ခဖြစ်ပွားရာဒေသများတွင် ယာယီနေရပ်စွန့်ခွာနေထိုင်ကြသော ပြည်သူများ၏ အိုးအိမ်များ၊ ပရိဘောဂများ၊ စက်ပစ္စည်းများစွာ ခိုးယူခံရပြီးနောက် ခိုးရာပါပစ္စည်းများ ရောင်းဝယ်ခြင်းကိစ္စနှင့် ပတ်သက်၍ နစ်နာသူကာယကံရှင်များက သက်ဆိုင်ရာရဲတပ်ဖွဲ့ စခန်းများတွင် အမှုဖွင့်လှစ်တိုင်ကြားမှုများကို အရေးယူဆောင်ရွက်လျက်ရှိပါကြောင်း၊ ကယားပြည်နယ်တွင် ၂၀၂၅ ခုနှစ်၌ ရာဇသတ်ကြီးပုဒ်မ ၃၈၀ ဖြင့် အရေးယူဆောင်ရွက်မှု ၃ မှု၊ ၂ဝ၂၆ ခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ ရာဇသတ်ကြီးပုဒ်မ ၃၇၉ ဖြင့် အရေးယူဆောင်ရွက်မှု ၁ မှု၊ ပဲခူးတိုင်းဒေသကြီးတွင် ၂၀၂၆ ခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ ရာဇသတ်ကြီးပုဒ်မ ၃၈၀ ဖြင့် အရေးယူဆောင်ရွက်မှု ၁ မှု စုစုပေါင်း ၅ မှုရှိပါကြောင်း။

သို့ဖြစ်ပါ၍ ၁၉၈၆ ခုနှစ်၊ ပြည်သူ့လွှတ်တော် ဥပဒေအမှတ် ၃ ဖြင့် ပြဋ္ဌာန်းထားသည့် တရားမဝင်သော နည်းလမ်းဖြင့် ရရှိသည့်ပစ္စည်းများ ပိုင်ဆိုင်ခြင်း၊ ရောင်းဝယ်ခြင်းကို အရေးယူသည့် ဥပဒေသည် ဥပဒေကခွင့်မပြုသော စီးပွားရေးလုပ်ငန်းမှ ဝင်ငွေဖြင့်ဖြစ်စေ၊ ဥပဒေနှင့်ဆန့်ကျင်ပြီး ရရှိသောဝင်ငွေဖြင့်ဖြစ်စေ၊ ဥပဒေနှင့်အညီ အခွန်များကို ပေးဆောင်ခြင်းမပြုဘဲ ထိမ်ချန်ထားသော ဝင်ငွေဖြင့်ဖြစ်စေ ရရှိသည့် ပစ္စည်းများနှင့်စပ်လျဉ်း၍ အရေးယူဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ပြဋ္ဌာန်းထားသည့် ဥပဒေဖြစ်ပါကြောင်းနှင့် ယာယီနေရပ်စွန့်ခွာ နေထိုင်ကြရသော ပြည်သူများ၏ အိုးအိမ်များ၊ ပရိဘောဂများ၊ စက်ပစ္စည်းများကို ခိုးယူမှု၊ ခိုးရာပါပစ္စည်းများ လက်ခံရောင်းဝယ်မှုနှင့်စပ်လျဉ်း၍ ရာဇသတ်ကြီးပါပြဋ္ဌာန်း ချက်များဖြင့်သာ အရေးယူဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

ထို့နောက် ဗဟန်းမဲဆန္ဒနယ်မှ ဒေါက်တာလှတင့် ၏ “မြန်မာနိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများတွင် ကလေးသူငယ်များ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဘေးကင်းလုံခြုံစွာ ပညာသင်ကြားနိုင်ရေးအတွက် “ကျောင်းတွင်းအကြမ်းဖက်မှု ကင်းစင်ရေးမူဝါဒ(Zero-Tolerance Anti-Bullying and School Safety Policy" ချမှတ်အကောင်အထည်ဖော်ရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်းအဆို”ကို တင်သွင်းရာ ပုဇွန်တောင်မဲဆန္ဒနယ်မှ ဦးကျော်စန်းဦး က ထောက်ခံဆွေးနွေးသည်။

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးရန် သင့်၊ မသင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ သဘောတူသဖြင့် အဆိုအား လက်ခံဆွေးနွေးမည်ဖြစ်ကြောင်းနှင့် ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၂၃) ရက်မြောက်နေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေး (၂၄) ရက်မြောက်နေ့ကို နိုဝင်ဘာ ၆ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။     


#News #Myanmar

မူရင်းသတင်း — Myanmar National Post