Myanmar National Post

အိန္ဒိယမှာ မိုးခေါင်လို့ ဘိုင်အိုလောင်စာထုတ်လုပ်မှု ကျဆင်းသွားနိုင်သလို ကုန်ဈေးနှုန်တွေကလည်း ဆက်လက် တက်ဆဲဖြစ်နေ


နိုဝင်ဘာ - ၅ ( ကြာသပတေးနေ့ ) 

အိန္ဒိယနိုင်ငံမှာ ဓာတ်ဆီထဲကို အီသနော ရောစပ်အသုံးပြုတဲ့နှုန်းဟာ သတ်မှတ်ထားတဲ့ ၂၀ ရာခိုင်နှုန်း ကနေ ၁၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားနိုင်တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

အကြောင်းရင်းကတော့ ဆယ်စုနှစ်တစ်ခုကျော်အတွင်း မုတ်သုံမိုးရွာသွန်းမှု အနည်းဆုံးဖြစ်ခဲ့တာကြောင့် အီသနောလောင်စာ ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ စိုက်ပျိုးသီးနှံတွေ ထိခိုက်ခဲ့လို့ ဖြစ်ပါတယ်။

အိန္ဒိယအစိုးရရဲ့ အီသနောရောစပ်အသုံးပြုရေး အစီအစဉ်ဟာ နိုင်ငံခြားက လောင်စာဆီ တင်သွင်းမှု အပေါ် မှီခိုနေရတာကို လျှော့ချနိုင်ခဲ့ပါတယ်။ အစိုးရရဲ့ စာရင်းအင်းတွေအရ ၂၀၁၄ ခုနှစ်ကစပြီး ရေနံတင်သွင်းမှုအတွက် ကုန်ကျစရိတ် ဒေါ်လာ ၂၁.၁ ဘီလီယံခန့် သက်သာစေခဲ့ပါတယ်။

အစိုးရက ဒီအစီအစဉ်ကို အဆက်မပြတ် တွန်းအားပေးဆောင်ရွက်ခဲ့တာကြောင့် သတ်မှတ်ထားတဲ့ ၂၀ ရာခိုင်နှုန်း ရည်မှန်းချက်ကို မူလသတ်မှတ်ထားတဲ့ အချိန်ထက် ၅ နှစ်စောပြီး ပြည့်မီခဲ့ပါတယ်။ ဒီအစီအစဉ်ကြောင့် လောင်စာဆီကုန်ကျစရိတ် သက်သာလာတဲ့အပြင် လယ်သမားတွေလည်း အကျိုးအမြတ်ရရှိခဲ့ကြပါတယ်။

ဒါပေမဲ့ ကမ္ဘာပေါ်မှာ လူဦးရေအများဆုံးနိုင်ငံဖြစ်တဲ့ အိန္ဒိယမှာ စားနပ်ရိက္ခာဖူလုံမှုအတွက် စိုးရိမ်စရာတွေ ပေါ်ပေါက်လာပါတယ်။ အယ်လ်နီညို ရာသီဥတုဖြစ်စဉ်နဲ့ ဆက်စပ်နေတဲ့ မိုးရွာသွန်းမှု ၁၃ ရာခိုင်နှုန်း လျော့နည်းသွားတာကြောင့် အရင်က ရရှိခဲ့တဲ့ အကျိုးကျေးဇူးတွေ ဆုံးရှုံးသွားနိုင်တဲ့ အခြေအနေ ဖြစ်လာပါတယ်။

အိန္ဒိယနိုင်ငံမှာ ဇွန်လကစပြီး သကြားနဲ့ ပြောင်းဈေးနှုန်းတွေဟာ ၄၀ ရာခိုင်နှုန်းခန့် မြင့်တက်လာခဲ့ပြီး ဆန်ဈေးနှုန်းကလည်း ၂၀ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပါတယ်။ လက်လီစားသောက်ကုန်ဈေးနှုန်း မြင့်တက်မှုနှုန်းဟာ ဩဂုတ်လမှာ ၅.၉၇ ရာခိုင်နှုန်းရှိခဲ့ရာက စက်တင်ဘာလမှာ ၇.၇၄ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပါတယ်။

စားသောက်ကုန်ဈေးနှုန်းတွေ မြင့်တက်လာတာနဲ့ ကုန်ပစ္စည်းပြတ်လပ်နိုင်တဲ့ စိုးရိမ်မှုတွေကြောင့် အိန္ဒိယအစိုးရဟာ ဓာတ်ဆီထဲ ရောစပ်အသုံးပြုဖို့အတွက် သကြားနဲ့ ဆန်လက်ကျန်တွေကို အသုံးပြုပြီး အီသနောထုတ်လုပ်တာကို ကန့်သတ်လိုက်ရတာကြောင့်လည်း ဘိုင်အိုလောင်စာထုတ်လုပ်နိုင်မှု ကျဆင်းသွားတာလည်း ဖြစ်ပါတယ်။ 


REF: RT

#News #Myanmar



မူရင်းသတင်း — Myanmar National Post