Myanmar Transparency News

တရားမဝင် ဘာသာရေးအဖွဲ့ ဖွဲ့စည်းမှုကြောင့်ဟုဆိုကာ “ဝ”လက်နက်ကိုင် UWSA က အမျိုးသမီး (၄) ဦးကို ထောင်ချ

ရောင်ဝါ
၅. ၁၁. ၂၀၂၆

ဒေသတွင်းနိုင်ငံရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ကမောက်ကမဖြစ်စေမည့် စည်းရုံးလှုံ့ဆော်မှုနှင့် တရားမဝင် ဘာသာရေးအဖွဲ့ ဖွဲ့စည်းမှုတို့ကြောင့် တရားခံအဖြစ် သတ်မှတ် ဖမ်းဆီးခံရသည့် အမျိုးသမီး (၄) ဦးကို “ဝ”လက်နက်ကိုင် UWSA က နိုဝင်ဘာလ (၄) ရက်နေ့တွင် ထောင်ဒဏ်အသီးသီး ချမှတ်ခဲ့သည်ဟု UWSA ဩဇာခံ Wa News Land က “ဝ” ပြည်နယ် တရားစီရင်ရေးဌာန သတင်းထုတ်ပြန်ချက်ကို ကိုးကားဖော်ပြသည်။

တရားခံအမျိုးသမီး (၄) ယောက်မှာ ဟွမ်ရှောက်ရှန်း (Huang Xiaoxiang)၊ ယေ့ချင်း (Ye Qing)၊ ယေ့ရုန်း (Ye Rong) နှင့် အိုမင် (Ouming) တို့ ဖြစ်ကြပြီးဖမ်းဆီးစစ်ဆေးမှုများကို ပြီးခဲ့သည့် ဇူလိုင်လ (၃၀) ရက်မှ သြဂုတ်လ (၂၀) ရက်နေ့အထိပြုလုပ်ခဲ့ကာ သံသယရှိသူ ၄၂ ဦးတို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် ၎င်းတို့ထံမှ ဖုန်း ၃၈ လုံး၊ လက်ပ်တော့ ၁ လုံး သိမ်းဆည်းရမိခဲ့သော်လည်း အမှုနှင့် သက်ဆိုင်ခြင်းမရှိသူ (၃၈) ဦးကို ပြန်လည်လွှတ်ပေးခဲ့သည်ဟုလည်း WNL က ဆိုသည်။

တရားခံ ဟွမ်ရှောက်ရှန်းအား တရားမဝင် ဘာသာရေးအဖွဲ့ဖွဲ့စည်းမှုနှင့် ထောင်ဒဏ် ၇ နှစ်၊ ဒေသတွင်း တည်ငြိမ်အေးချမ်းမှု ကမောက်ကမ ဖြစ်စေသည့် စည်းရုံးလှုံးဆော်မှုနှင့် ထောင်ဒဏ် ၆ နှစ်ချမှတ်ကာ ကျန်သုံးဦးကိုမူ ထောင်ဒဏ် ၃ နှစ်စီ ချမှတ်လိုက်သည်ဟု သိရသည်။

“ဝ” လက်နက်ကိုင် – UWSA အနေဖြင့် တရားမဝင် ဘာသာရေးအဖွဲ့အစည်း ဒေသအခေါ် ယေရှု့တရုတ်မဂိုဏ်းအဖွဲ့များ ဝင်ရောက်လှုပ်ရှားလာသည့် အခြေအနေကြောင့် ပြီးခဲ့သည့် သြဂုတ်လ ဒုတိယပတ်ကစတင်ပြီး နေရာလေးခုရှိ ခရစ်ယာန်ဘုရားကျောင်းများကို ၂ လကြာ ပိတ်သိမ်းခဲ့သလို ယခုထောင်ချခံရသည့် အမျိုးသမီးများမှာလည်း ယေရှု့တရုတ်မဂိုဏ်းဝင်များဖြစ်သည်ဟု သတင်းဌာနများက ဖော်ပြသည်။

”ဝ” လက်နက်ကိုင် UWSA ထိန်းချုပ်နယ်မြေတွင် လွန်ခဲ့သော ၂၀၁၈ – ၂၀၁၉ ဝန်းကျင်ကလည်း အလားတူ ဒေသတစ်ခုလုံး အတိုင်းအတာဖြင့် ခရစ်ယာန်ဘုရားကျောင်းများ ပိတ်သိမ်းခြင်း၊ ကိုးကွယ်ခွင့် တားမြစ်ခြင်းနှင့် ဓမ္မဆရာများကို ဖမ်းဆီးထောင်ချခြင်းများ ပြုလုပ်ခဲ့ဖူးသည်။

​”ယေရှုတရုတ်မ” အဖွဲ့သည် ၁၉၉၀ ပြည့်လွန်နှစ်များက တရုတ်အမျိုးသမီး Yang Xiangbin အား ဒုတိယအကြိမ် ကြွလာသည့် ခရစ်တော်အဖြစ် ယုံကြည်ကိုးကွယ်သည့် အဖွဲ့ဖြစ်သည်။ သူတို့၏ ဂိုဏ်းကို “Eastern Lightning” (အရှေ့ဘက် လျှပ်စီး) သို့မဟုတ် “Church of Almighty God” (အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်) ဟု အမည်ပေးထားသော်လည်း တရုတ်အစိုးရက ၁၉၉၅ ခုနှစ်တွင် အစွန်းရောက်ဂိုဏ်းအဖြစ် ပိတ်ပင်ခဲ့သည်။ ထို့အပြင် ကက်သလစ်နှင့် ပရိုတက်စတင့် အပါအဝင် ပင်မခရစ်ယာန် အသင်းတော်များကလည်း အဆိုပါအဖွဲ့၏ သွန်သင်ချက်များကို သမ္မာကျမ်းစာနှင့် သွေဖည်နေသည့် မိစ္ဆာဒိဋ္ဌိ (Heresy) အဖြစ် သတ်မှတ်ထားကြသည်။

Ref & Photo WNL

မူရင်းသတင်း — Myanmar Transparency News