Myanmar Digital News

၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အလေးမပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

နေပြည်တော်    နိုဝင်ဘာ   ၄

အလေးမအားကစားအဆင့်အတန်း ပိုမိုဖွံ့ဖြိုး တိုးတက်မြင့်မားလာစေရေးနှင့် မျိုးဆက်သစ်အလေးမ အားကစားသမားများ ပေါ်ထွက်လာစေရေးတို့အတွက် ရည်ရွယ်၍ အားကစားရေးရာဝန်ကြီးဌာနက ကြီးမှူးပြီး အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ အလေးမအဖွဲ့ချုပ်တို့   ပူးပေါင်း၍ ၂၀၂၆  ခုနှစ်၊  တိုင်းဒေသကြီးနှင့် ပြည်နယ်  အလေးမပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင်   နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အလေးမလေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပသည်။

အဆိုပါ အလေးမပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်၊  လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်း၊   ဒုတိယဝန်ကြီးများဖြစ်ကြ သည့် ဦးဟန်ဝင်းအောင်၊ ဦးဖြိုးဇော်စိုး၊ ဦးမျိုးကျော်သူ၊  ဒေါက်တာသန့်ဇော်လွင်၊ မြန်မာနိုင်ငံ  အလေးမအဖွဲ့ချုပ်ဥက္ကဋ္ဌ   ဦးဥဂ္ဂါအေး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အလေးမအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌနှင့် ပြိုင်ပွဲကျင်းပရေးအဖွဲ့မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်   ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြည့်ရှုအားပေးကြသည်။

ယနေ့ပွဲစဉ်များအဖြစ် အမျိုးသား (၈၅ ကီလိုတန်း၊ ၉၅ကီလိုတန်းနှင့် +၉၅ ကီလိုတန်း) အမြန်မပြိုင်ပွဲနှင့် နှစ်ဆင့်မပြိုင်ပွဲများကို ယှဉ်ပြိုင်ခဲ့ကြသည်။

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပပြီး မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အကောင်းဆုံးအမျိုးသမီး အားကစားသမားဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီးအသင်းမှ မနော်အယ်ကညောဂျော့၊ အကောင်းဆုံး အမျိုးသားအားကစား သမားဆုရရှိသည့် မကွေးတိုင်းဒေသကြီးအသင်းမှ မောင်ထက်အာကာဖြိုး၊ ၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အမျိုးသား၊ အမျိုးသမီး အလေးမပြိုင်ပွဲတွင် ကီလိုတန်းများအလိုက် အမြန်မပြိုင်ပွဲ၊ နှစ်ဆင့်မပြိုင်ပွဲနှင့် စုပေါင်းပြိုင်ပွဲများ၌ စံချိန်သစ်များ တင်နိုင်ခဲ့သည့် အားကစားသမား များနှင့် အမျိုးသမီး (၆၁)ကီလို တန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသည့်  အားကစား သမားများအား  တစ်ဦးချင်း ဆုတံဆိပ်၊ ဆုဖလား(Trophy)နှင့်  ဂုဏ်ပြုချီးမြှင့်ငွေများ  ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက်  ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း၊ ဒုတိယဝန်ကြီးများနှင့် တိုင်းဒေသကြီးဝန်ကြီးများက အမျိုးသမီး (၆၉)ကီလိုတန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသည့်   အားကစားသမားများ၊ အမျိုးသမီး (၇၇)ကီလိုတန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိသည့်  အားကစားသမားများ၊ အမျိုးသား (၈၅)ကီလိုတန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသည့်  အားကစားသမားများ၊ အမျိုးသား (၉၅)ကီလိုတန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသည့် အားကစားသမားများကို တစ်ဦးချင်း ဆုတံဆိပ်များနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို လည်းကောင်း၊ အမျိုးသား (+၉၅) ကီလို တန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသည့်  အားကစားသမားများနှင့်    ၂၀၂၆  ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အလေးမပြိုင်ပွဲတွင်  ရမှတ် ၁၅၉ မှတ်ဖြင့် အမျိုးသမီး တံခွန်စိုက်ဆုဖလားရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ကို တစ်ဦးချင်း ဆုတံဆိပ်များ၊ ဂုဏ်ပြုချီးမြှင့်ငွေများနှင့် အမျိုးသမီးတံခွန်စိုက် ဆုဖလားကိုလည်းကောင်း၊ ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အလေးမပြိုင်ပွဲတွင်  ရမှတ်  ၁၇၀ ဖြင့် အမျိုးသားတံခွန်စိုက် ဆုဖလားရရှိသည့်    စစ်ကိုင်း တိုင်းဒေသကြီးအသင်းနှင့် ရမှတ် ၃၁၁ မှတ်ဖြင့် စုပေါင်းတံခွန်စိုက် ဆုဖလားရရှိသည့်  ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ကို အမျိုးသားတံခွန်စိုက်ဆုဖလားနှင့် စုပေါင်းတံခွန်စိုက်ဆုဖလားများကို လည်းကောင်း  ပေးအပ်ချီးမြှင့်ကြသည်။

၂၀၂၆   ခုနှစ်၊  တိုင်းဒေသကြီးနှင့် ပြည်နယ် အလေးမပြိုင်ပွဲကို အောက်တိုဘာ ၂၉ ရက် မှ နိုဝင်ဘာ ၄    ရက်အထိ  ခုနစ်ရက်ကြာ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ  အလေးမလေ့ကျင့်ရေး အားကစားရုံ၌ ကျင်းပခဲ့ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင် အမျိုးသားအသင်း ၁၂ သင်း၊ အမျိုးသမီးအသင်း ရှစ်သင်း၊ ပြိုင်ပွဲဝင်အင်အား စုစုပေါင်း ၁၃၀  ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

မူရင်းသတင်း — Myanmar Digital News