Myanmar Digital News

၂၀၂၆ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

နေပြည်တော်    နိုဝင်ဘာ    ၅

အားကစားရေးရာဝန်ကြီးဌာနက   ကြီးမှူးပြီး အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဘော်လီဘောအဖွဲ့ချုပ်တို့ ပူးပေါင်း၍   “၂၀၂၆ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ  ဘော်လီဘောပြိုင်ပွဲ” ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်   ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ အားကစားရုံ(B)၌ ကျင်းပသည်။

အားကစားရေးရာဝန်ကြီးဌာနအနေဖြင့် ဘော်လီဘောအားကစားနည်း ပြန်လည်ဦးမော့လာစေရေးနှင့်   မြန်မာ့အားကစားအဆင့်အတန်း  ပိုမိုမြင့်မားလာစေရေးတို့အတွက်  ရည်ရွယ်၍ “၂၀၂၆ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘောပြိုင်ပွဲ” ကို နိုဝင်ဘာ ၅ ရက်မှ ၁၉ ရက်အထိ ၁၅ ရက်ကြာ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားရုံ(B)၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး  ဝန်ကြီးဌာနများမှ ပြိုင်ပွဲဝင် အမျိုးသားအသင်း  ၁၉ သင်း၊ အမျိုးသမီးအသင်း  ၉ သင်း၊ စုစုပေါင်းအင်အား ၄၅၉ ဦး   ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

အစီအစဉ်အရ ပြိုင်ပွဲဝင်အားကစားသမားများက  ကွင်းအတွင်းနေရာယူကြပြီး   ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းက ဝန်ကြီးဌာနများမှ ဝန်ထမ်းများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုခိုင်မာလာစေရေး၊ မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရေးနှင့် ဘော်လီဘောအားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရေးတို့အတွက် ရည်ရွယ်၍ ယခုပြိုင်ပွဲအား  ကျင်းပပေးရခြင်းဖြစ်ပါကြောင်း၊ ယခုကျင်းပသည့် ဝန်ကြီးဌာနပေါင်းစုံ ပြိုင်ပွဲများမှတစ်ဆင့်  လက်ရွေးစင်  အဆင့်မီ  မျိုးဆက်သစ်အားကစားသမားကောင်းများ  စဉ်ဆက်မပြတ် ပေါ်ထွက်လာပြီး   နိုင်ငံတကာအဆင့်ထိ တက်လှမ်း နိုင်စေရေးနှင့်   မြန်မာ့ဘော်လီဘောအားကစားနည်းကို ပြန်လည်ဦးမော့လာစေရေးတို့အတွက် မြန်မာနိုင်ငံ ဘော်လီဘောအဖွဲ့ချုပ်မှ  တာဝန်ရှိသူများအနေဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးသွားရန် တိုက်တွန်းမှာကြားလိုပါကြောင်း၊  ယခုပြိုင်ပွဲမှတစ်ဆင့်   နိုင်ငံတော်ကအားထားရမည့်   နိုင်ငံ့ဂုဏ်ဆောင်  အားကစားသမားကောင်းများဖြစ်အောင် ဆက်လက်ကြိုးစားသွားကြရန် တိုက်တွန်းမှာကြားပြီး “၂၀၂၆ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘောပြိုင်ပွဲ” ကို ဖွင့်လှစ်ပေးသည်။

ဆက်လက်၍ ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန်(၄)ချက် ရွတ်ဆိုကြပြီး ဇမ္ဗူသီရိမြို့နယ် အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းမှ ဘင်ခရာအဖွဲ့အား ဂုဏ်ပြုချီးမြှင့် ငွေကျပ်ငါးသိန်းကို ပေးအပ်ချီးမြှင့်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးများသည် ဒုတိယဝန်ကြီးများနှင့်အတူ “၂၀၂၆ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘောပြိုင်ပွဲ”  အမျိုးသား  ပထမအဆင့် အုပ်စုပတ်လည်ပွဲစဉ်အဖြစ် ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းတို့၏  အကြိတ်အနယ်ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးကြသည်။

အခမ်းအနားသို့ ပြည်ထောင်စုအဆင့်ဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ်၊ ဦးသန်းမောင်၊ ဒေါက်တာစိုးဝင်း၊ ဒေါက်တာသက်သက်ဇင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးထွန်းလူ၊ ဒေါ်သန်းသန်းလင်း၊ ဗိုလ်ချုပ်ကျော်စွာဦး၊ ဦးစိုင်းထွန်းညို၊   ဒေါက်တာတင်ထွန်း၊  ဦးရဲတင့်၊ ဒေါက်တာသောင်းနိုင်ဦး၊ ဦးမျိုးကျော်သူ၊ ဦးစစ်နိုင်၊ ဒေါက်တာသောင်းနိုင်၊ ဦးသက်ထွန်းအောင်၊ ဒေါ်ခိုင်ခိုင်အောင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊  ဌာနဆိုင်ရာများမှ  တာဝန်ရှိသူများ၊   အားကစားရေးရာဝန်ကြီးဌာန၊   အားကစားနှင့် ကာယပညာဦးစီးဌာနနှင့်  ပြိုင်ပွဲကျင်းပရေး အဖွဲ့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်ဥက္ကဋ္ဌ၊  ဒုတိယဥက္ကဋ္ဌနှင့်  တာဝန်ရှိသူများ၊  ဝန်ကြီးဌာနများအလိုက်  ပြိုင်ပွဲဝင်အသင်းများမှ အသင်းအုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြကြောင်း သိရသည်။ 

သတင်းစဉ်

မူရင်းသတင်း — Myanmar Digital News